လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

By AFP

The Hague – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးတွင် မြန်မာစစ်တပ်၏ ရိုဟင်ဂျာမူဆလင်များအပေါ် အရေးယူဆောင်ရွက်မှုကို ကာကွယ်ပြောဆိုရာ၌ လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်း ငြင်းဆိုခဲ့သည်။

သည်ဟိဂ်မြို့၌ တရားသူကြီးများကို မိန့်ခွန်းပြောကြားရာတွင် မြန်မာ့အရပ်ဖက်ခေါင်းဆောင်က စစ်တပ်သည် အချိုးအစားမညီမျှသော အင်အားကို အသုံးပြုခဲ့ကောင်း ပြုခဲ့နိုင်ကြောင်း ဝန်ခံသော်လည်း လူနည်းစုများကို ရှင်းလင်းသုတ်သင်ရန် ကြိုးစားခဲ့ကြောင်း သက်သေမပြနိုင်ပါဟု ပြောကြားခဲ့သည်။

၂၀၁၇ နှစ်တွင် စစ်တပ်က နှိမ်နှင်းခဲ့ရာတွင် ရိုဟင်ဂျာ ၇၄၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြရခြင်းအပေါ် အာဖရိကနိုင်ငံတစ်ခုဖြစ်သော ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခဲ့သည်။
တစ်ချိန်က မြန်မာစစ်အာဏာရှင်များအား ရဲဝံ့စွာဆန့်ကျင်ခဲ့သဖြင့် နိုင်ငံတကာ၏ ချီးကျူးဂုဏ်ပြုခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် တရားရုံးရှေ့မှောက်တွင် စစ်တပ်ဘက်မှ မားမားရပ်တည်ခဲ့ပေသည်။

မြန်မာ့ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ပန်းတွေ ပန်ထားသော ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်ကို ပြောကြားရာ၌ “ဂမ်ဘီယာနိုင်ငံဟာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို မပြည့်မစုံနဲ့ အဓိပ္ပာယ်ကောက်လွဲမှားသွားနိုင်စရာ ရုံးတော်ကို တင်ပြခဲ့တာဟာ ဝမ်းနည်းစရာပါပဲ” ဟု ရုံးတော်ကို ပြောကြားသည်။

စစ်တပ်သည် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာစစ်သွေးကြွ ရာပေါင်းများစွာ၏ တိုက်ခိုက်မှုကို တုန့်ပြန်ခြင်းသာဖြစ်သည်ဟု ပြောဆိုသည်။

“ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့သည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို လစ်လျူရှု၍ (သို့မဟုတ်) အရပ်သားနှင့် တိုက်ခိုက်သူများအကြား လုံလုံလောက်လောက်ရှင်းလင်းစွာ မခွဲခြားတော့ဘဲ အချိုးအစားမညီမျှသော အင်အားကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဆိုသော အချက်ကိုတော့ ထည့်သွင်းမစဉ်းစားလို့ မရပါ” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မြန်မာနိုင်ငံသည် ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပါသည်ဟုလည်း သူမကပြောပါသည်။ သူမက ဆက်၍ “ဒီလိုအခြေအနေတွေအောက်မှာ လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်ချက်ကို တစ်ခုတည်းသော အနုမာနအယူအဆအဖြစ် ယူလို့မဖြစ်နိုင်ပါ” ပြောသည်။

အဓိပ္ပါယ်မဲ့ စွပ်စွဲချက်များသာ

မူဆလင်နိုင်ငံတစ်ခုဖြစ်သော ဂမ်ဘီယာသည် မြန်မာနိုင်ငံက ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွတ်စွဲပြီး နောက်ထပ်အကြမ်းဖက်မှုများ ရပ်တန့်ရေး အရေးပေါ်ဆောင်ရွက်ပါရန် တရားရုံးကို လျှောက်လဲခဲ့သည်။
ရိုဟင်ဂျာများအပေါ် မြန်မာနိုင်ငံ၏ ပြုမူပုံသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက မနှစ်က ကောက်ချက်ချခဲ့ပြီး လူ့အခွင့်အရေးအုပ်စုများကလည်း မတရားပြုလုပ်မှု အများအပြားကို ဖော်ပြခဲ့ကြသည်။

၁၉၉၀ လွန်နှစ်များတွင် ဖြစ်ပွားခဲ့သော ဘော်လကန်စစ်ပွဲတွင် အရပ်သားများ အစုအပြုံလိုက် နှင်ထုတ်ခံကြရသောအမှုတွင် နိုင်ငံများအကြား အငြင်းအခုံများကို ဆုံးဖြတ်ရန် ၁၉၄၆ တွင် ထူထောင်ထားခဲ့သော တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုဟု အတည်မပြုခဲ့ပါဟု ဒေါ်အောင်ဆန်းစုကြည်က တင်ပြခဲ့ပါသည်။

ICJ ရုံးတွင် စုရုံးရောက်ရှိနေသော မြန်မာဘက်မှ ကန့်ကွက်ဆန္ဒပြသူ ၂၅၀ ခန့်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံများကို ကိုင်ဆောင်ကာ ‘ကျွန်ုပ်တို့ သင်နှင့်အတူ ရှိနေသည်’ ဟူသော စာတမ်းများ ကိုင်လျက် အော်ဟစ်ဆန္ဒပြနေကြသည်။
နယ်သာလန်နိုင်ငံတွင် နေထိုင်သော မြန်မာလူမျိုး Chomar Oosterhof (၅၃ နှစ်) က “မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေက အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့က ကိုယ့်နိုင်ငံပဲ တိုးတက်အောင်မြင်ကြီးပွားစေချင်တာပါ၊ ဒီလိုလုပ်ပေးနိုင်တာ သူပဲရှိတယ်” ဟု ပြောပါသည်။

ရိုဟင်ဂျာထောက်ခံသူ လူနည်းစုလေးတစ်စု ရုံးရှေ့တွင် ရောက်ရှိနေသည်။ သူတို့က ‘အောင်ဆန်းစုကြည် ရှက်ဖွယ်’ ဟု အော်ဟစ်နေသည်။ တစ်ဦးတည်းသော ဆန္ဒပြသမားတစ်ဦးကတော့ မြန်မာဗိုလ်ချုပ်တစ်ယောက်၏ ပုံကို ကိုင်လျက် “အစုအပြုံလိုက် လူသတ်သမားအလိုရှိသည်” ဟူသော စာတမ်းကို ကိုင်ထားသည်။

အင်္ဂါနေ့တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အစုအပြုံလိုက် လူသတ်မှု၊ အဓမ္မပြုကျင့်မှုတွေ တစ်သီကြီးဖြင့် ရုံးတော်၌ စွဲချက်တင်နေစဉ်တွင် ၇၄ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် မဖြုံသည့်ပုံနှင့် မလှုပ်မယှက်ထိုင်နေသည်။ သူ့နိုင်ငံကို အမှုဖွင့်ခဲ့သူ ဂမ်ဘီယာ တရားရေးဝန်ကြီး Mr. Abubacarr Tambadou က “မြန်မာနိုင်ငံရဲ့ မမှန်မကန် လုပ်ဆောင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ထပ်ငြင်းနေဦးမယ်ဆိုရင်တော့ အတော့်ကို စိတ်ပျက်စရာပဲ” ဟု ပြောပါသည်။

သူက လူမျိုးတုံးသတ်ဖြတ်မှုရပ်ဖို့ ဒေါ်စုကို ပြောပေးရန် ရုံးတော်ကို တိုက်တွန်းခဲ့ပါသည်။

နိုင်ငံ၌ ထောက်ခံမှု လျှံထွက်လျက်ရှိ

၁၉၉၅ က ဘော့စနီးယား နယ် Srebrenica အစုအပြုံလိုက်သတ်မှုတွင် လူမျိုးတုံးသတ်မှုဖြစ်ကြောင်း ICJ က ယခင်က တစ်ကြိမ်သာ ဆုံးဖြတ်ခဲ့ဖူးသည်။ ရိုဟင်ဂျာများကို တရားမဝင် ဝင်ရောက်လာသူများဟု အများက လက်ခံထားသော မြန်မာနိုင်ငံတွင် ဒေါ်စုကိုယ်တိုင် ဦးဆောင်၍ သူမ၏ နိုင်ငံရင်ဆိုင်နေရသော အမှုကို ကိုယ်တိုင်သွား၍ရင်ဆိုင်ခဲ့မှုကြောင့် နိုင်ငံတွင်း၌ပို၍ ထောက်ခံမှုရရှိသွားခဲ့သည်။

မြန်မာနိုင်ငံ မြို့ကြီး မြို့ငယ်များစွာတွင် အလံဝှေ့ယမ်းနေသော လူထောင်သောင်းများစွာက ဒေါ်စုထောက်ခံပွဲများ ကျင်းပလျက်ရှိသည်။ ရန်ကုန်မြို့တွင် လူထုထောက်ခံပွဲ စီစဉ်သူများက ဗုဒ္ဓဟူးနေ့က ICJ တရားရုံးတွင် ကြားနာမှုကို မြို့တော်ခန်းမရှေ့၌ ကြီးမားသော ပိတ်ကားကြီးဖြင့် တိုက်ရိုက်လွှင့်ထုတ်ပေးရန် အာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိခဲ့ကြောင်းပြောပြသည်။ ကြမ်းတမ်းရက်စက်သော မြန်မာ့စစ်အုပ်စုကို ဆန့်ကျင်တွန်းလှန်ခဲ့သောကြောင့် ၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးဆု ရခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နယ်ဆင်မင်ဒဲလား၊ မဟတ္တမဂန္ဒီ တို့နှင့် တစ်တန်းတည်းထား ဖော်ပြခဲ့ကြသည်။

၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ်နေခဲ့ရပြီးနောက် ၂၀၁၀ တွင် လွတ်လာခဲ့ပြီးနောက်ပိုင်း သူမပါတီကို ဦးဆောင်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည်။
သူမကို တစ်ချိန်က သော့ပိတ်ထားခဲ့သော စစ်တပ်ကို ကာကွယ်ခဲ့သဖြင့် နိုင်ငံတကာက သူမကို ရှုံ့ချခဲ့ကြသည်။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ တရားရင်ဆိုင်နေရသည်။

သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရံနှင့် အာဂျင်တီးနားနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ကို နာမည်တပ်လျက် တရားစွဲဆိုထားမှုများရှိနေသည်။

ဦးကိုကို ဘာသာပြန်ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.