ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ဟိုချောင်းကျေးရွာတွင် ဇန်နဝါရီ ၁၂ရက်နေ့ မွန်းလွဲပိုင်းက လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရသည့်အတွက် အရပ်သားနှစ်ဦး သေဆုံးခဲ့မှုတွင် တပ်မတော်နှင့် TNLA တို့က အပြန်အလှန် အပြစ်ဖို့ကာ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။
ကျေးရွာတွင်းသို့ လက်နက်ကြီးကျည်ဆံများ ကျရောက်ပေါက်ကွဲမှုကြောင့် သူငယ်တန်း ကျောင်းသားတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထိုသို့ ပစ်ခတ်မှုမှုအတွက် တာဝန်ခံမည့်သူမရှိပဲ ၎င်းတို့လက်ချက်မဟုတ်ကြောင်း တပ်မတော်နှင့် TNLA တို့က အသီးသီး ကြေညာခဲ့ကြခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၁၂ ရက်နေ့ညတွင် ထုတ်ပြန်ချက်အရ နမ့်ဆန်မြို့အနီးတွင် လုံခြုံရေးယူနေသည့် တပ်မတော်စစ်ကြောင်းကို TNLA က လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး TNLA တို့ ပစ်ခတ်ခဲ့သည့် ဗုံးသီးလေးလုံးသည် ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ အရပ်သားများ သေကြေဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ဟု အမည်ပေးထားသည့် TNLA ကမူ တပ်မတော်၏ ထုတ်ပြန်မှုကို ငြင်းဆန်ခဲ့ပြီး အရပ်သားများနေထိုင်သည့် ရွာထဲသို့ တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ရွာထဲမှာ လူတွေစုနေတာကို ကျွန်တော်တို့ အမျိုးသားတော်လှန်ရေးနေ့ကို သွားဖို့ လူစုတယ်ထင်ပြီး လှမ်းပစ်တာ” ဟု အမည်မဖော်လိုသူ TNLA တပ်မှူးတစ်ဦးက ပြောကြားသည်။
သေဆုံးသူများနှစ်ဦးမှာ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မန္တလေးမြို့မှ လာရောက်သည့် တီးဝိုင်းပညာရှင်တစ်ဦးတို့ ဖြစ်သည်ဟု ဒေသခံများကဆိုသည်။ အခြားအမျိုးသားငါးဦးနှင့် အမျိုးသမီးသုံးဦးတို့မှာ ဒဏ်ရာများ ရရှိခဲ့သည်။
၎င်းတို့သည် လာမည့်ရက်ပိုင်းအတွင်း ကျင်းပမည့် ကျောင်းကပွဲအတွက် ပြင်ဆင်နေစဉ် အကတိုက်နေသည့် အိမ်ဝင်းအနီး ပစ်ခတ်သူ လက်သည်မပေါ်သည့် အဆိုပါ အမြှောက်ဆန်များ ကျရောက်ခဲ့ခြင်းကြောင့် သေကြေဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်သည်။
ဒဏ်ရာရခဲ့သူများထဲတွင် တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး ၎င်းတို့ကို လားရှိုးဆေးရုံသို့ ပို့ ဆောင်ထားကြောင်း အခင်းဖြစ်ပွားသည့်နေရာသို့ ကွင်းဆင်းကြည့်ရှုနေသည့် ပြည် သူ့လွတ် တော် ကိုယ် စားလှယ် မိုင် းဝင် းထူးက ပြောသည်။
“ပထမတစ်လုံးပေါက်တယ်။ နောက်ခဏနေတော့ နောက်ထပ်ဗုံးဆံသုံးလုံး ထပ်ကျလာပြီး ပေါက်ကွဲတယ်ပြောတယ်” ဟု ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး မိုင် းဝင် းထူးကပြောသည်။
တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် TNLA တို့အကြား ထိပ်တိုက်တွေ့ဆုံသည့် တိုက်ပွဲ များ တစ်နှစ်လျှင် ရာနှင့်ချီပြီး ဖြစ်ပွားလေ့ရှိသည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် စောင့်ကြည့်လေ့လာနေသည့် Myanmar Peace Monitor ၏အဆိုအရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ တစ်လထဲတွင် တိုက်ပွဲပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့သည်။
သတင်း-ထွန်းခိုင်