ရေဘေးဒုက္ခ သံသရာ

ဘေးကင်းလုံခြုံ၍ အဟာရပြည့်ဝသော အစားအစာများ လုံလုံလောက်လောက် ထောက်ပံ့မှု မရှိခြင်းက ရေလွှမ်းမိုးခြင်းခံခဲ့ရသည့် ဆင်းရဲနွမ်းပါးသော ကျေးလက်လူထုအပေါ် အကျိုးသက်ရောက်မှုများ ရှိနေသည်ဟု ကုလသမဂ္ဂ အေဂျင်စီနှစ်ရပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်

အိုလီဗာ ဆလိုး ရေးသားသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ရေလွှမ်းမိုးမှု အကြီးအကျယ်ဖြစ်ပွားပြီးနောက် ခုနှစ်လကျော်အကြာ၌ စားနပ်ရိက္ခာ ဖူလုံရေး ပြဿနာကြီးအား ကျေးလက်ဒေသများရှိ ဆင်းရဲနွမ်းပါးသော လူထု ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂအဖွဲ့များက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လများအတွင်း ပုံမှန်မဟုတ်သော မိုးသည်ထန်စွာရွာသွန်းမှုများ နိုင်ငံအနှံ့ ဖြစ်ပွားပြီးနောက် နေရာအနှံ့အပြား ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ အနောက်ပိုင်းဒေသများတွင် ကိုမန်မုန်တိုင်းကြောင့် ပိုမိုဆိုးရွားသွားခဲ့ရသည်။ ထိုမုန်တိုင်းသည် ရခိုင်နှင့် ချင်းပြည်နယ်ရှိ အချို့နေရာများအား ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့သည်။

ရေလွှမ်းမိုးမှုအတွင်း လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးခဲ့ရသည့်အပြင် လူတစ်သန်းကျော် ဒုက္ခရောက်ခဲ့ရသည်။ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်အား စိစိညက်ညက်ဖြစ်စေခဲ့ပြီး လူပေါင်း ၁၃၈,၀၀၀ ထက်မနည်း သေဆုံးခဲ့ရသည့် ၂၀၀၈ ခုနှစ်က နာဂစ်ဆိုက်ကလုန်း မုန်တိုင်းအပြီးနောက် အဆိုးရွားဆုံးဖြစ်ရပ်ပင် ဖြစ်သည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့က မတ် ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ ကျေးလက်ဒေသနေ ဆင်းရဲနွမ်းပါးသူများသည် ရေလွှမ်းမိုးမှုကြောင့် ပေါ်ပေါက်လာခဲ့ရသည့် စားနပ်ရိက္ခာလုံခြုံရေး ပြဿနာအား ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုအခြေအနေသည် “အနာဂတ်ကာလ၌ အလားတူ အရေးပေါ်ကိစ္စရပ်အား ကြံ့ကြံ့ခံနိုင်ရေးအတွက် ၎င်းတို့၏ ထိလွယ်ရှလွယ် အနေအထား” ကို ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဤအစီရင်ခံစာတွင် ရေးသားထားသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာများတွင် ရေလွှမ်းမိုးမှုခံခဲ့ရသော ဒေသများသို့ သွားရောက်ကာ ကောက်ပဲသီးနှံနှင့် စားနပ်ရိက္ခာ လုံခြုံရေးကို ဆန်းစစ်အကဲဖြတ်ခဲ့သည့် ရလဒ်အပေါ်အခြေခံကာ ထိုကဲ့သို့ ရေးသားထားခြင်း ဖြစ်သည်။

ရေလွှမ်းမိုးမှုသည် ကနဦးကာလ၌ ဆိုးရွားသော ကောက်ပဲသီးနှံ ပျက်စီးမှုများကိုသာ ပေါ်ပေါက်စေခဲ့သော်လည်း ရေပြန်ကျသွားပြီးနောက်တွင် စိုက်ပျိုးပင်များ ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်၏ ပြည်တွင်းဆန်စပါး ထုတ်လုပ်မှုမှာ ၂၀၁၄ ခုနှစ်ထက် သုံးရာခိုင်နှုန်း လျော့ကျသွားခဲ့ရသည်။ ယခင် သုံးနှစ်တာကာလ၏ ပျမ်းမျှ ဆန်ထုတ်လုပ်မှုနှုန်းအောက်သို့ နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ရခြင်းလည်း ဖြစ်သည်။

သို့သော် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွားခံခဲ့ရသော ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ ဆန်စပါးထုတ်လုပ်မှုမှာ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်သည်ဟု ခန့်မှန်ထားပြီး ဆန်ဈေးနှုန်း မြင့်တက်စေနိုင်သည့် ဆန်စပါး ပြတ်လပ်မှုကို ဖြစ်ပွားစေလျက်ရှိသည်။

ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာမူ သားငါးတိရိစ္ဆာန် ဆုံးရှုံးမှုဒဏ်ကို အခံရဆုံးဖြစ်သည်ဟုလည်း ဤအစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီအခြေအနေက လူတွေရဲ့ စားဝတ်နေရေးအပေါ် ဆိုးရွားစွာထိခိုက်စေရုံတင်မကပဲ ပရိုတိန်းဓာတ်လိုအပ်ချက် ဖြည့်တင်းနိုင်မယ့် သူတို့ရဲ့ စွမ်းရည်ကိုလည်း ကျဆင်းစေပါတယ်” ဟု ရေးသားထားသည်။

၎င်းတို့အဖွဲ့အနေဖြင့် ကောက်ပဲသီးနှံများ၊ မျိုးစေ့များနှင့် မွေးမြူရေးတိရိစ္ဆာန်များအား လယ်သမားများအတွက် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ ငါးဖမ်းပစ္စည်းများနှင့် လှေများကိုလည်း ပြန်လည် ပြင်ဆင်ပေးလျက်ရှိကြောင်း စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) ၏ ကိုယ်စားလှယ်ဖြစ်သူ မစ္စဘူသီလန်က ပြောကြားလိုက်သည်။ အနာဂတ်အရေးပေါ် အခြေအနေများတွင် လယ်သမားများ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ရေရှည် ဆောင်ရွက်မှုများကိုလည်း အက်ဖ်အေအိုက ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

လယ်သမားများအတွက် အခြားပြဿနာရပ်တစ်ရပ်မှာ ငွေကြေးအရင်းအနှီးရရှိမှု ဖြစ်သည်ဟု WFP က ဆိုသည်။

An aerial view of flooding in Myanmar in August 2015. (Mratt Kyaw Thu / Frontier)

An aerial view of flooding in Myanmar in August 2015. (Mratt Kyaw Thu / Frontier)

ဤအစီရင်ခံစာတွင် တောင်သူများအား လာမည့်မုတ်သုံရာသီ စိုက်ပျိုးချိန်အတွက် မျိုးစေ့များ ချက်ခြင်း ဖြန့်ဖြူးပေးခြင်းသာမက မျိုးစေ့များကို ကာကွယ်ရန် ရေနှင့် ပိုးမွှားဒဏ်ခံ သိုလှောင်ရေးသေတ္တာများကို ထုတ်ပေးရမည်ဟု အကြံပြုထားသည်။ ထို့အပြင် အခြောက်ခံ ပိုက်ကွန်များနှင့် ရိတ်သိမ်းချွေလှေ့စက်များကိုလည်း အလျင်အမြန် လိုအပ်လျက်ရှိပြီး ပရိုတိန်းစားသုံးမှုနှုန်း ကျဆင်းခြင်းကို ကာကွယ်ရန်အတွက် ကြက်၊ ဘဲ၊ ဆိတ်နှင့် ဝက်များ ကဲ့သို့သော အိမ်မွေးတိရိစ္ဆာန်များအား အလျင်အမြန် ပြန်လည်မွေးမြူရန် လိုအပ်သည်ဟုလည်း ဖော်ပြထားသည်။

ဤအစီရင်ခံစာတွင် ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ရာသီဥတုဒဏ်ခံ အဆောက်အဦးများ တည်ဆောက်ခြင်းနှင့် ရောဂါဖြစ်ပွားနိုင်ခြေ အန္တရာယ်များ လျော့ချခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်အတွက်လည်း ထည့်သွင်း အကြံပြုထားသည်။ ရိတ်သိမ်းကာလနောက်ပိုင်းရှိ ဆုံးရှုံးမှုများ လျော့ချရန်အတွက် ကျေးရွာနှင့် ဒေသအဆင့်များတွင် ကောက်ပဲသီးနှံ သိုလှောင်ရေးရုံများ တည်ဆောက်ခြင်း၊ သင့်တော်သော နေရာဒေသများတွင် အသေးစား ဆည်များ တည်ဆောက်ခြင်း၊ စားနပ်ရိက္ခာနှင့် အစာအဟာရ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် အစောပိုင်းအသိပေးမှုများကို ပြုလုပ်မည့် နိုင်ငံတော်အဆင့် အဖွဲ့တစ်ဖွဲ့ တည်ထောင်ခြင်းတို့လည်း ပါဝင်သည်။

အစီရင်ခံစာထုတ်ဝေသော ကုလသမဂ္ဂအဖွဲ့နှစ်ဖွဲ့က ကူညီပေးနိုင်သော စွမ်းရည်မှာလည်း ရန်ပုံငွေ လျော့နည်းလာခြင်းကြောင့် အဟန့်အတား ဖြစ်နေရသည်။

၎င်းတို့အဖွဲ့အနေဖြင့် စားနပ်ရိက္ခာလုံခြုံရေးနှင့် အစာအဟာရအခြေအနေများ ထပ်မံဆိုးရွား မသွားစေရန်အတွက် ယခုနှစ်လယ်ပိုင်းအထိ လူပေါင်း ၁၀၄,၀၀၀ အတွက် ရေဘေးပြဿနာ တုံ့ပြန်ဖြေရှင်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ၂၀၁၆ ခုနှစ်ကုန်အထိ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၇ သန်း လိုအပ်နေသည်ဟု WFP က ပြောကြားခဲ့သည်။

အက်ဖ်အေအိုကလည်း ရေလွှမ်းမိုးမှုဒဏ်မှ ပြန်လည်ထူထောင်လျက်ရှိသော တောင်သူ ၃၃၂,၇၅၀ ဦး၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားသော်လည်း ထောက်ပံ့ရန် ရည်ရွယ်ထားသူများ အားလုံးကို အကူအညီပေးရန် ရန်ပုံငွေ ဒေါ်လာ ၇ ဒသမ ၁ သန်း ထပ်မံလိုအပ်မည်ဟု ပြောကြားထားသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.