ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ပြင်ဆင်

နေပြည်တော်၊ မေ ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုခွင့်ပြုပါလို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့တင်ပြလိုက်ပါတယ်။

နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတို့အကြား နိုင်ငံတကာနဲ့ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးကိစ္စရပ်တွေ၊ ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေ၊ အပြန်အလှန်နားလည်ရေးကိစ္စတွေမှာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရည်ရွယ်တယ်လို့ သူက လွှတ်တော်ကို ရှင်းပြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် စစ်ဘက်ဆိုင်ရာကဏ္ဍတွေမှာ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာမှာဖြစ်လို့ စာချုပ်ကို လက်မှတ်ရေးထိုးလိုပါတယ်လို့ ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။

စာချုပ်ချုပ်ဆိုနိုင်ခဲ့ရင် စစ်ရေးဆိုင်ရာ သဘောထားအမြင်နဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ခြင်း၊ အပြန်အလှန် ယုံကြည်မှုတွေ ခိုင်မာစေခြင်း၊ နိုင်ငံတကာလုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်မှုများနဲ့ စစ်ဘက်ဆိုင်ရာကဏ္ဍတွေမှာ ဆက်ဆံမှုများ တိုးမြှင့်နိုင်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။ ဒါ့အပြင် စာချုပ်ပါအချက်အလက်တွေအရ ကုလသမဂ္ဂ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွေ့အကြုံတွေ ဖလှယ်နိုင်ခြင်း၊ ငြိမ်းချမ်းရေးအထောက်အကူပြု လုပ်ငန်းတွေမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အတွေ့အကြုံတွေ ရရှိနိုင်ခြင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ လေ့ကျင့်ရေးနှင့် ပညာရေးနယ်ဆိုင်ရာ အတွေ့အကြုံတွေနဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ခွင့်တွေလည်း မြန်မာဖက်က ရနိုင်ဖို့ရှိပါတယ်။

စာချုပ်ကိုအကောင်အထည်ဖော်ရာမှာ ကျသင့်မယ့် ကုန်ကျစရိတ်တွေကိုတော့ သက်ဆိုင်ရာနိုင်ငံအလိုက်သာ ကျခံသုံးစွဲရမှာပါ။ ဒါကြောင့် လုပ်ငန်းဖော်ဆောင်တဲ့ကိစ္စတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးအခြေအနေပေါ်သာ မူတည်မယ်ဆိုတဲ့ အချက်ကိုလည်း သဘောတူညီချက်မှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား သတင်းအချက်အလက်တွေကို လုံခြုံမှုအဆင့်အတန်းသတ်မှတ်ပြီး ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေလည်းပါဝင်ပါတယ်။

စာချုပ်ကို ရပ်စဲလိုတယ် ဆိုရင်တော့ စာနဲ့ တရားဝင်အကြောင်းကြားရမှာဖြစ်ပြီး တစ်ဖက်နိုင်ငံက လက်ခံရရှိပြီး ရက်ပေါင်း ၁၈၀ ပြည့် တာနဲ့ တစ်ပြိုင်နက် တရားဝင်ရပ်စဲလိုက်ပြီလို့ မှတ်ယူနိုင်မှာပါ။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဒီစာချုပ်ကို လေ့လာရခြင်းမရှိသေးလို့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်ဝင်းခိုင်သန်းကတော့ ဆွေးနွေးလိုသူရှိပါက မေ ၉ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုကို ဘယ်နေ့ဆောင်ရွက်မယ်ဆိုတာကိုတော့ တရားဝင်မသိရသေးပါဘူး။

မြန်မာနဲ့ ရုရှားတို့ဟာ လုံခြုံရေးသတ်မှတ်ချက်ရှိတဲ့ သတင်းအချက်အလက်တွေ အပြန်အလှန် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ၂၀၀၆ ခုနှစ်၊ ဧပြီ ၃ ရက်က လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ကျွန်တော်တို့ အခက်အခဲရှိချိန်မှာ ရုရှားရပ်တည်ချက်နဲ့ ရုရှားစစ်တပ်က ကျွန်တော်တို့ကို ကူညီထောက်ခံခဲ့ပါတယ်။
ဒီအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်း အမြောက်အများအား အစဉ်တစိုက် ဝယ်ယူလာခဲ့သလို နှစ်နိုင်ငံကြားတွင် နီးကပ်သည့် စစ်ဘက်ဆက်ဆံရေး ရှိခဲ့သည်။ မြန်မာနှင့်ရုရှား တပ်မတော်ချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုသည် အထူးသဖြင့် ရေတပ်ကဏ္ဍ၌ အားကောင်းကောင်းဖြင့် တိုးတက်နေကြောင်း ဧပြီ ၂၆ ရက်က မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ရုရှားသို့ ရောက်ရှိစဉ် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေးရွှိုင်ဂူကပြောကြားခဲ့သည်။

အာဆီယံ- ရုရှား ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင် ရုရှားနိုင်ငံ ဆိုချီမြို့၌ ပြုလုပ်ခဲ့ရာ မြန်မာကာကွယ်ရေးဝန်ကြီးလည်း တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
‘‘လတ်တလောနှစ်တွေမှာ နိုင်ငံရေး အဆက်အသွယ်တွေက ပိုပြီး တက်တက်ကြွကြွဖြစ်လာတယ်’’ဟု ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားကြောင်း ရုရှားသတင်းဌာနတစ်ခုဖြစ်သည့် TASS က ထုတ်လွှင့်ခဲ့သည်။ မြန်မာတပ်မတော်အရာရှိများအား ရုရှားတွင် လေ့ကျင့်သင်တန်းပေးခြင်းကိုလည်း အရေးပါသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ အခက်အခဲရှိချိန်မှာ ရုရှားရပ်တည်ချက်နဲ့ ရုရှားစစ်တပ်က ကျွန်တော်တို့ကို ကူညီထောက်ခံခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်’’ ဟု ၎င်းကပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးကလည်း တပ်မတော် နည်းပညာနယ်ပယ်များတွင် နှစ်နိုင်ငံ အဆက်အသွယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ နောက်ထပ် အားကောင်းအောင် ထောက်ကူပေးမည်ဟု ယုံကြည်စိတ်ချကြောင်း ပြောကြားသည်။
မြမန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန်နှင့် လည်ပတ်ရေးအတွက် ကျွမ်းကျင်သူများအား သင်တန်းပေးရန် ရုရှားက ၂၀၀၇ ခုနှစ်က အဆိုပြုခဲ့ဖူးသည်ဟု သိရသည်။
၂၀၁၄ ခုနှစ်တွင် ရုရှားကာကွယ်ရေးဝန်ကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်တွေ့ဆုံ၍ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး မော်စကိုရှိ အစိုးရတက္ကသိုလ်၌ မြန်မာကျောင်းသားများအား ပညာတော်သင် လက်ခံမည်ဟု ကမ်းလှမ်းခဲ့သည်။

ရုရှား-မြန်မာ ဆက်ဆံရေး တိုးမြှင့်ရန် အဆိုတစ်ခုကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်ထောင်စုလွှတ်တော်တွင်တင်သွင်းခဲ့ရာ ထိုအဆိုအရ စစ်ဘက် သတင်းအချက်အလက်များနှင့် အီလက်ထရွန်နစ် ဒေတာများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထောက်လှမ်းရေး အရာရှိများ လေ့ကျင့်ပေးရေး အစီအစဉ်တို့ ပါဝင်သော ရုရှားနှင့် စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်သော သဘောတူညီချက်ကို ဆောင်ရွက်ရန် ဖြစ်လာစေခဲ့သည်ဟု လေ့လာသူများက ထောက်ပြကြသည်ဟု သတင်းများက ရေးသားကြသည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar