ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု ဆောင်ရွက်မည်

ရန်ကုန်၊ မတ် ၃၀

ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားလေ့ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် ယာဉ်အန္တရာယ်လျှော့ချရေးပညာပေးစီမံချက်တစ်ခုကို ဆောင်ရွက်သွားမည်ဟု Shell Myanmar က သတင်း ထုတ်ပြန်ခဲ့သည်။

ဤစီမံချက်တွင် သတ်မှတ်မြန်နှုန်းအတွင်း မောင်းနှင်ကြရန် ယာဉ်မောင်းသူများအား အသိပေး သတင်းစကား ပြောကြားပေးမည် ဖြစ်သည်။ ထို့ပြင် ရန်ကုန်မှ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအထိ ရန်ကုန်-နေပြည်တော် အမြန်လမ်းမပိုင်းတလျှောက်တွင် ယာဉ်မောင်းသူများအား အန္တရာယ်ကင်းစွာမောင်းနှင်ရေး အသိပေးရန် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းတို့လည်း ပါဝင်သည်။ ယာဉ်ရပ်နားစခန်းတွင်မူ ယာဉ်တိုက်မှုဖြစ်ပွားထားသော ကားတစ်စီးကို သရုပ်ပြသထားမည်ဖြစ်ပြီး အသက်အန္တရာယ် ကာကွယ်ပေးမည့် အကြံပြုချက်များဖြစ်သော ယာဉ်အသုံးပြုစဉ် ခါးပတ်ပတ်ထားရန်၊ ယာဉ်မမောင်းမီ ကောင်းစွာအနားယူရန် စသော အချက်အလက်များပါဝင်သည့် ပိုစတာများနှင့် စားပွဲတင်ဆိုင်းဘုတ်များကို စားသောက်ဆိုင်များတွင် ထားရှိမည်ဖြစ်သည်။

Shell Myanmar ၏ Country Chair ဖြစ်သူ Yasuko Yoshida က “ယာဉ်မောင်းသူတွေကို မှန်မှန်ကန်ကန် မောင်းတတ်တဲ့အကျင့်နဲ့ လမ်းလျှောက်သူတွေကိုပါ လမ်းစည်းကမ်းနဲ့အညီ လမ်းမှန်အသုံးပြုတတ်စေရန် ပိုမို သတိထားမိလာအောင် နှိုးဆော်ပေးမယ်၊ ပညာပေးမယ်ဆိုရင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းအောင် မောင်းနှင်တတ်တဲ့ အလေ့အထကောင်းတစ်ခုကို ဒီအချိန်အတောအတွင်းမှာ ကျွန်မတို့ ပျိုးထောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းက ကျွန်မတို့ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး လှုံ့ဆော်မှုရဲ့ ပထမဆုံးခြေလှမ်းပါ” ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

အစိုးရမှ ထုတ်ပြန်ကြေညာထားသော အချက်အလက်များ အရ ယာဉ်မတော်တဆဖြစ်မှု အများဆုံးဖြစ်သည့် အသက် ၃၀ နှစ်မှ ၄၄ နှစ် အတွင်း အမျိုးသားယာဉ်မောင်းများအား အဓိကထားဦးတည်၍ ပညာပေးရန်ဆောင်ရွက်ထားပါသည်။ အဆိုပါ ယာဉ်မောင်းအများစုမှာ ဖခင်များဖြစ်ရာ မိမိချစ်ခင်သူများရှိရာ နေအိမ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည် ရောက်ရှိရေးဟူသော ရည်ညွန်းချက်ကိုပါ တစ်ပါတည်း ဆက်နွယ်ဖြန့်ဝေပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလှုပ်ရှားမှုကို Shell Myanmar က ကမ္ဘာ့ယာဉ်လမ်းအန္တရာယ် ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု Global Road Safety Partnership (GRSP) အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) တို့၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ပူးပေါင်းကာ ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်ခင်ခင်ရှိန်က “မြန်မာအမျိုးသား ယာဉ်အန္တရာယ်ကင်းရှင်းရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ ယာဉ်မတော်တဆဖြစ်မှုကြောင့် နေ့စဉ် လူ ၁၁ ဒသမ ၆ ဦးနှုန်း သေဆုံးနေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကတော့ ယာဉ်အန္တရာယ် ဆက်စပ်သေဆုံးမှုနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဒုတိယ အဆိုးရွားဆုံးအဆင့်လို့ ဆိုပါတယ်။ အခုလို တမျိုးသားလုံးနဲ့ဆိုင်တဲ့ အရေးကြီးကိစ္စရပ်ကို ကျွန်မတို့အားလုံးအတူတကွ ပူးပေါင်းဖြေရှင်းကြရပါမယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယာဉ်မောင်းများကို ပညာပေးရုံသာမက အမြန်လမ်းမဘေးတွင် နေထိုင်ကြသော ရွာသူရွာသားများကို ပညာပေးသည့် ဆွေးနွေးပွဲများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပို့ချပေးသွားမည်ဟုဆိုသည်။

အမြန်လမ်းမကြီးတလျောက် မော်တော်ဆိုင်ကယ်မောင်းသူများနှင့် လမ်းလျှောက်သွားကြသူ ကျောင်းသူကျောင်းသားလေးများ၊ သက်ကြီးရွယ်အိုများရှိသောကြောင့် ရှေးဦးပြုစုခြင်းသင်တန်းများ၊ လမ်းအန္တရာယ် ကင်းရှင်းရေးသင်တန်းများကို သုံးလကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ဆွေးနွေးပွဲများကို ရွာပေါင်း ၁၁ ရွာမှ ကျေးရွာသူကျေးရွာသားပေါင်း ၆,၀၀၀ နီးပါး တက်ရောက်ဆွေးနွေးနိုင်ရန် ရည်ရွယ်ထားသည်။

အမြန်လမ်းရဲတပ်ဖွဲ့က ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ရန်ကုန်-မန္တလေးလမ်း စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၆၀၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၄,၀၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar