ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခုနှစ်ဖြတ်သန်းသည့် ခရီးသည် ခြောက်သန်းပြည့်

မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ဆက်သွယ်သည့် အဓိကလေဆိပ်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ကိုင်တွယ်ခဲ့သည့် ခရီးသည်အရေအတွက် ခြောက်သန်း ပြည့်သွားပြီဖြစ်ပြီး ယခင်နှစ်က စံချိန်ကို ကျော်လွန်ခဲ့သည်ဟု Yangon Aerodrome Co. Ltd., (YACL) က သတင်းထုတ်ပြန်သည်။ 

“အရင်နှစ်က ကိုင်တွယ်ဝန်ဆောင်မှုပေးခဲ့တဲ့ ခရီးသည်ပမာဏ ၅ ဒသမ ၉၂ သန်းကို ကျော်လွန်ပြီး ဒီနှစ်မှာ ခြောက်သန်းမြောက်ခရီးသည်ကို ကြိုဆိုပြီး ၂၀၁၈ ခုနှစ်ကို နှုတ်ဆက်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲလုပ်ကိုင်နေသည့် YACL ၏ အမှုဆောင်အရာရှိချုပ် Mr Ho Chee Tong က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စင်ကာပူလေကြောင်းလိုင်းဖြင့် လိုက်ပါလာသော ခြောက်သန်းမြောက်ခရီးသည်ကို ကြိုဆိုပြီး ကျပ်ငွေတစ်သန်းအပြင် ကျပ်တစ်သန်းတန်ဖိုးရှိ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် အောက်တိုဘာလက စတင်ကာ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးမှုများက အလွန်အကျိုးသက်ရောက်မှုရှိသည်ဟုလည်း Ho Chee Tong က ပြောသည်။

“လာမယ့် ၂၀၁၉  မှာလည်း လေဆိပ်စွမ်းဆောင်ရည်တွေ၊ ဝန်ဆောင်မှုတွေ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လေကြောင်းဆက်သွယ်မှုတွေကိုလည်း တိုးချဲ့မြှင့်တင်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“အဆင့်မြှင့်တင်တိုးချဲ့မှုနဲ့အတူ ပိုမိုများပြားတဲ့ခရီးသည်ပမာဏကို ကိုင်တွယ်ဝန်ဆောင်မှုပေးနိုင်ပြီး ပိုမိုများပြားတဲ့စံချိန်တွင် စဉ်ဆက်မပြတ် ရရှိသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၁ လိုင်းနှင့် အပြည်ပြည်ဆိုင်ရာခရီးစဉ် ၂၉ ခုအား ဝန်ဆောင်မှုပေးနေသလို ပြည်တွင်းလေကြောင်းလိုင်းများလည်း အခြေစိုက် ပြေးဆွဲနေသည်။ လေဆိပ်အား တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ လက်ခံနိုင်ရန် တည်ဆောက်ထားသည်။

 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar