ရန်ကုန်က အံ့သြဖွယ် မထူးခြားလှတဲ့ မူးယစ်ပြတိုက်

ဂျာရတ်ဒါင်းနင်း ရေးသားသည်။

ကမာရွတ်မြို့နယ်မှာရှိပြီး Vice နဲ့  The Atlantic တို့လို သတင်းစာ၊ ဂျာနယ်တွေ (သွားရောက်လေ့လာခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတွေ အပါအဝင်) က ကြောက်စရာ ကောင်းအောင် တမင်ဖန်တီးထားတဲ့ အဆောက်အဦးကြီးလို့ သတ်မှတ်ဖော်ပြခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပြတိုက်ကြီးထဲမှာ ဆေးစွဲခဲ့သူတွေရဲ့ အရိုးခေါင်းကြီးတွေ၊ ဖန်ပုလင်းထဲထည့်ထားတဲ့ လူအင်္ဂါအစိတ်အပိုင်းတွေနဲ့အတူ တပ်မတော်သူရဲကောင်းတွေကို အမွှန်းတင်ထားတဲ့ ပုံရိပ်တွေကို တွေ့ခဲ့ရပါတယ်။

ဒီလိုနာမည်ကြီးနေတဲ့ ပြတိုက်ကြီးထဲက ထွက်လာတဲ့ အမေရိကန်နှစ်ယောက်နဲ့ အဝင်ဝမှာ ဆုံမိတယ်ဆိုရင်ပဲ ပြတိုက်ရဲ့ အကြောင်းကို စတင်ကြားလိုက်ရပါတယ်။

“အသင့်သာ ပြင်ထား ကိုယ့်လူရေ။ အရမ်းရယ်ဖို့ ကောင်းတယ်”လို့ သူတို့ကဆိုပါတယ်။

ဟံသာဝတီလမ်းနဲ့ ကျွန်းတောလမ်းထောင့်မှာရှိတဲ့ ဒီအဆောက်အဦးထဲမှာ ကျွန်တော့်ကို ပထမဆုံး ကြိုဆိုလိုက်တာက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပုံတူပန်ချီကားကြီး ဖြစ်ပါတယ်။ ဒီထက် ပိုအံ့သြရတာကတော့ အဆောက်အဦထဲမှာ ဘယ်သူမှ မရှိတာပါပဲ။ ကျွန်တော့်အနေနဲ့ အခုနထွက်သွားတဲ့ အမေရိကန်တွေကို တွေ့ရတာ တော်တော်ကံကောင်းတယ်လို့ ဆိုရမှာပါ။ အဆောက်အဦထဲမှာ သက်ရှိဆိုလို့ ပြတိုက်မှူးနဲ့ အိပ်နေတဲ့ သန့်ရှင်းရေးဝန်ထမ်းပဲ ရှိကြပါတယ်။

Jared Downing / Frontier

Jared Downing / Frontier

ပြတိုက်မှူးအဖြစ် တွေ့ရတဲ့ အသက်ခပ်လတ်လတ်အရွယ် ပိန်ပိန်ပါးပါးလူတစ်ဦးက ပြတိုက်စဖွင့်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းကစပြီး အလုပ်လုပ်ကိုင်ခဲ့တာလို့ ပြောပါတယ်။ သူက ကျွန်တော့်ကို ပထမထပ်မှာ သေချာလိုက်ပြပါတယ်။ တစ်ချို့ဟာတွေက ရယ်စရာ ကောင်းတာအမှန်ပါပဲ။ ၁၀ ပေလောက်ရှိတဲ့ ဆေးခြောက်ပင်ကြီးအပြင်၊ ဗြိတိသျှစစ်သားတွေနဲ့ တရုတ်ကူလီတွေ အချင်းချင်း ဓါးနဲ့ထိုးနေကြတဲ့ အရုပ်တွေနဲ့အတူ ကြောက်စရာအိမ်ကြီး ပုံစံဆောက်လုပ်ထားတဲ့ လျှောက်လမ်းတွေ၊ အခေါင်းထဲက အလောင်းပုံတွေကိုပါ တွေ့ခဲ့ရပါတယ်။

ကျွန်တော်ဟာ “ဆေးစွဲသူရဲ့ ဦးနောက်” ဆိုပြီး အလားတူ ဖြဲခြောက်တတ်တဲ့ နည်းလမ်းတွေကိုကြည့်ပြီး ကြီးပြင်းလာတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ ဇာတ်လမ်းကပိုပြီး ရသစုံတယ်လို့ ပြောရပါမယ်။ ပြတိုက်က အခြား ပုံမှန်ပြတိုက်တွေလိုပဲ သတင်းစာဟောင်း၊ ဓါတ်ပုံဟောင်းတွေနဲ့ ဘိန်းစိုက်ခင်းတွေရဲ့ ပုံတွေ၊ ဘိန်းထုတ်လုပ်ရေးစက်တွေ၊ မြေပုံတွေနဲ့အတူ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေရဲ့ ဘိန်းတိုက်ဖျက်ရေးအစီအစဉ်ရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားပါတယ်။ ပြတိုက်မှာ ပြထားတဲ့ ဘိန်းပန်းပုံ ပန်းချီကားက အရမ်းလှတဲ့အတွက် ကျွန်တော်တောင် အဲဒီပန်ချီကားပုံကို ဘယ်ကရနိုင်မလဲ တွေးကြည့်မိပါသေးတယ်။

ထုံးစံအတိုင်းပဲ ဒီပြတိုက်မှာ ဝါဒဖြန့်မှုတွေကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ ဝါဒဖြန့်တာက သပ်ရပ်ပါတယ်။ ပြီးတော့တစ်စုံတစ်ယောက်က ပြောပြနေသလို ဇာတ်လမ်းဆင်ထားပါသေးတယ်။ သူတို့ဟာ ဘိန်းပန်းကို ဘုံရန်သူအဖြစ် ဖော်ပြပြီး သူ့ရဲ့ ထုတ်လုပ်မှုထဲမှာ ပါဝင်ခဲ့တဲ့ သူပုန်တွေကအစ ဓါးစာခံတွေလို့ ဖော်ပြထားတာတွေ့ရတယ်။ ဒါ့အပြင် “မူးယစ်ဆေးဝါးက ဆိုးရွားတယ်” ဆိုတာထက် ဆိုးတဲ့ အရာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

“ဒီနေရာက အရမ်းကောင်းတဲ့နေရာ ဖြစ်ခဲ့ဘူးတယ်”လို့ ပြတိုက်မှူးက ဘိန်းကနေ ဟီရိုးရင်းအဖြစ် ပြောင်းလဲဖို့အသုံးပြုတဲ့ တကယ့်စခန်းပုံစံ နမူနာပုံစံကို ကြည့်ရင်း ပြောပါတယ်။ အရင်က ဒီနေရာတွေမှာ ရေတံခွန်တွေ၊ မြစ်တွေ၊ အသံတွေနဲ့ မီးအလင်းအမှောင်တွေက ကောင်းကောင်းမွန်မွန်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ဒါတွေကို မဖွင့်ခဲ့တာကြာပြီလို့ သိရပါတယ်။

 ပြတိုက်မှာ ပြထားတဲ့ ဘိန်းပန်းပုံ ပန်းချီကားက
အရမ်းလှတဲ့အတွက် ကျွန်တော်တောင်
အဲဒီပန်ချီကားပုံကို ဘယ်ကရနိုင်မလဲ
တွးကြည့်မိပါသေးတယ်

လွန်ခဲ့တဲ့ ၁၅ နှစ်က ဒီနေရာကို သမိုင်းပညာရှင်တွေ၊ စစ်ဘက်အရာရှိတွေ၊ ဒီဇိုင်နာတွေ၊ အနုပညာရှင်တွေ အားလုံးလာခဲ့ကြတာကို သူက ဂုဏ်ယူပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်ကို မြို့တော်အဖြစစ် သတ်မှတ်လိုက်ပြီး နောက်မှာတော့ ဒီပြတိုက်ကို စိတ်ဝင်စားမှုတွေ လျော့နည်းသွားခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ပြတိုက်ဟာ ကိုယ်ပိုင်ငွေကြေးနဲ့ပဲ လည်ပတ်နေရပါတယ်။ ဒါပေမယ့် ပြတိုက်ကိုလာရောက်လေ့လာသူတွေ၊ လေ့လာရေး ခရီးစဉ်ထွက်တဲ့ ကျောင်းသားတွေအနေနဲ့တော့ ဝင်ကြေး ပေးစရာမလိုဘူးလို့ သိရပါတယ်။ ပြတိုက်ရဲ့ ရှိနှင့်ပြီးသား ဝန်ထမ်းတွေက ဒီနေရာကို ထိန်းထားဖို့ သူတို့အလုပ်ကို အကောင်းဆုံး လုပ်နေကြပေမယ့် ပြတိုက်ထဲက အရာတွေက တစ်ဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး လာရောက်လေ့လာကြတဲ့ နိုင်ငံခြားသားတွေ ဟားတိုက်စရာနေရာ တစ်ခုအနေနဲ့သာ ဖြစ်ခဲ့ရပါတယ်။

အစိုးရအနေနဲ့ ဒီမြေကိုရောင်းချလိုက်မှာကို ပြတိုက်မှူးက စိုးရိမ်နေပါတယ်။ ကျွန်တော့်ကိုယ့်ကျွန်တော် ဂျာနယ်လစ်လို့ ပြောလိုက်ချိန်မှာ သူတော်တော် ပျော်သွားပါတယ်။ “ကျွန်တော်တို့ ပြတိုက်အကြောင်း ခင်ဗျားတို့ မဂ္ဂဇင်းမှာ ရေးနိုင်ပါတယ်။ ခင်ဗျားရဲ့ နိုင်ငံခြားသူငယ်ချင်းတွေကိုလည်း ကျွန်တော်တို့ အကြောင်း ပြောပြပေးပါ”လို့ သူကဆိုပါတယ်။

နိုင်ငံခြားသားတွေက ခင်ဗျားကို နှစ်သက်ကြပါတယ်လို့ ကျွန်တော်ဝမ်းနည်းစွာ ပြောပြချင်ခဲ့တယ်။ သူတို့က ခင်ဗျားတို့ကို အရမ်းရယ်စရာကောင်းတဲ့သူတွေလို့ ထင်နေကြတာကိုး။

တစ်ချို့ နိုင်ငံခြားသားတွေ ဒီပြတိုက်ကို မကြိုက်ရတဲ့အကြောင်းက ပြတိုက်ကို ကောင်းကောင်း မထိန်းနိုင်တဲ့အတွက်ဆိုတာကို ကျွန်တော်သူ့ကို မပြောခဲ့ပါဘူး။ တစ်ချို့တွေက စစ်ဘက်က ငွေကြေးနဲ့ ကြီးကြီးကျယ်ကျယ်တည်ဆောက်ထားတဲ့ ပြတိုက်အတွင်းက ခြောက်ကပ်နေတဲ့ ရေတံခွန်တွေကိုကြည့်ပြီး ရီကြပါတယ်။ ပြတိုက်ရဲ့ လျှောက်လမ်းမှာ စိတ်ကျေနပ်နေကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေ မရှိတာ အာဏာပိုင်တွေအဖို့ စိတ်ပျက်စရာ အနေအထားပါပဲ။

ဒါ့အပြင် ပြတိုက်မှူးနဲ့ သူ့ဝန်ထမ်းတွေကလည်း ဟာသတွေရဲ့ အစိတ်အပိုင်းဆိုတာ ကျွန်တော် မပြောခဲ့ပါဘူး။ ဒါကြောင့် ခင်ဗျား ဝမ်းမနည်းပါနဲ့။ ခင်ဗျား အလုပ်ကြိုးစားလေလေ၊ သူတို့ပိုပြီး ပျော်ရလေလေပဲမဟုတ်လားလို့ ကျွန်တော် ပြောလိုက်ချင်ပါတော့တယ်။

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.