မကွေး၊ မေ ၂၀
မင်းဘူး-အမ်း ရခိုင်ရိုးမဖြတ်ကားလမ်း မိုင်တိုင် (၁၄)အနီးတွင် အမ်းမြို့ဖက်သို့ ထွက်ခွာလာသည့် ရိုးမမန္တလာခရီးသည်တင်ယာဉ်တစ်စီး ယနေ့နံနက် ၄ နာရီ အချိန်တွင် ချောက်အတွင်းသို့ ထိုးကျသွားခဲ့သည်။
အဆိုပါမိုင်တိုင်အနီး ပေါလူးကွေ့ခုံးအတက် လမ်းကျဉ်းတွင် ပျက်၍ လမ်းပိတ်နေသော ကုန်တင်ယာဉ်ကြီးကို ကွင်းရှောင်ပြီး ကွေ့အတက်တွင် နောက်ပြန်လိမ့်ကာ ချောက်အတွင်းသို့ ထိုးကျသွားခြင်းဖြစ်သည်ဟု အဆိုပါနေရာအနီး ထမင်းဆိုင် ဖွင့်လှစ်နေထိုင်သည့် မျက်မြင်သက်သေမိသားစုက ပြောသည်။ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရမှုများပြားပြီး ယာဉ်ပေါ်ပါခရီးသည် ၄၀ ဦးကျော်ကို မကွေးတိုင်းအတွင်းရှိ ပဒန်းမြို့နယ်ဆေးရုံသို့ ဒေသခံများ၏ အကူအညီဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအခြေအနေ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။ Frontier ၏ မျက်မြင်တွေ့ရှိမှုအရ ယနေ့နေ့လည် ၁၂ နာရီခန့်တွင် အဆိုပါနေရာသို့ အမ်းမြို့ဖက်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်အချို့ သွားရောက်နေကြသည်။
စက်ပျက်ကာ လမ်းပိတ်နေသည့် ကုန်တင်ယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ- တေဇလှိုင်
ယာဉ်မတော်တဆမှုဖြစ်ပွားရာအနီးရှိ လမ်းပေါ်တွေင် စက်ပျက်နေသော ကုန်တင်ယာဉ်ကြီး ပိတ်ဆို့နေမှုမှာ ၁၀ ရက်ကျော်ကြာမြင့်နေပြီဟု ဒေသခံများက ပြောကြားကြသည်။ အဆိုပါကုန်တင်ယာဉ်ကြောင့် အခြားမော်တော်ယာဉ်ကြီးများလည်း သွားလာ၍ မရဘဲ အနီးဝန်းကျင်ရှိ ဂုတ်ကြီးနှင့် စွန်တက်ရွာများတွင် ညအိပ်ရပ်နားထားရသည်။
သတင်း-ဉာဏ်လှိုင်လင်း