ထိုင်း ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁၃ ဦးသေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ယနေ့ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတစ်ခုကြောင့် မြန်မာလူမျိုး ၁၃ ဦး သေဆုံးသွားခဲ့ပါတယ်။ သူတို့ စီးနင်းလာတဲ့ဗန်ကားဟာ ထရပ်ကားတစ်စီးကို ဝင်တိုက်မိခဲ့ပြီး ပေါက်ကွဲ မီးလောင်သွားတာဖြစ်ပါတယ်။

မတော်တဆမှုဖြစ်ပွားချိန်က ဗန်ကားဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အဓိက ဝင်ရောက်တဲ့ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ မဲဆောက်ကနေ ဘန်ကောက်မြို့ကို ဦးတည်မောင်းနှင်လာတာ ဖြစ်ပါတယ်။ သူတို့ကားဟာ ယနေ့နံနက်အစောပိုင်းက ဆင်ဘူရီခရိုင်မှာ ၁၀ ဘီးကားတစ်စီးကို ဝင်ရောက်တိုက်မိခဲ့တယ်လို့ ဒေသခံ ရဲအရာရှိက ပြောပါတယ်။

“ရုပ်အလောင်းတွေက ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းခံထားရတဲ့အတွက် (သေဆုံးသူတွေ) ဘယ်သူဘယ်ဝါဆိုတာကို သိရှိနိုင်ဖို့ အာဏာပိုင်တွေ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ ထိုင်းယာဉ်မောင်းလည်း အဲဒီမတော်တဆမှုမှာ သေဆုံးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံ၏ လမ်းများသည် ဒေသတွင်း အသေအပျောက်အများဆုံး လမ်းများထဲမှာ ပါဝင်နေပါတယ်။

နှစ်စဉ် လူပေါင်း ၂၄,၀၀၀ ခန့်ဟာ ထိုင်းနိုင်ငံ၏ လမ်းများပေါ်မှာ သေဆုံးနေကြရပါတယ်။ အဲဒီအရေအတွက်က ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက များပြားနေတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိန်းကဏန်းတွေအရ သိရပါတယ်။

သေဆုံးမှုဖြစ်ပေါ်စေတဲ့ မတော်တဆမှုတွေရဲ့ ထက်ဝက်ကျော်က မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများနဲ့ လမ်းလျောက်သူတွေ ဖြစ်သော်လည်း ရွှေ့ပြောင်းလုပ်သားတွေနဲ့ အခြားခရီးသည်တွေ ပါဝင်တဲ့ ယာဉ် မတော်မဆမှုတွေလည်း ဖြစ်ပေါ်လေ့ရှိပါတယ်။

ယခုလအစောပိုင်းကလည်း အယုဒ္ဒယခရိုင်မှာ ဂျပန်ကမ္ဘာလှည့်ခရီးသည်တွေနဲ့ သူတို့ရဲ့ ထိုင်းဧည့်လမ်းညွှန် လိုက်ပါလာတဲ့ ဗန်ကားက ထရပ်ကားတစ်စီးကို ဝင်တိုက် ပေါက်ကွဲ မီးလောင်ခဲ့တဲ့အတွက် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ရပါတယ်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar