ရခိုင်မြောက်ပိုင်းသို့ ကုလအဖွဲ့ ပထမဆုံး သွားရောက်ခွင့်ရရှိ

ပြီးခဲ့သည့်နှစ်က အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၇၀၀,၀၀၀ ခန့်ထွက်ပြေးခဲ့ရသည့် စစ်ဆင်ရေးများအပြီး ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကုလသမဂ္ဂအဖွဲ့ သွားရောက်ရန် မြန်မာအစိုးရက ခွင့်ပြုခဲ့သည်။

စစ်တပ်ကဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများ၏ ဗဟိုချက်မဖြစ်သော အဆိုပါဒေသသို့ သွားရောက်ခွင့်ရရန်အတွက် အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား ဒုက္ခသည်ခေါ်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် ဇွန်လကတည်းက ကုလအဖွဲ့က စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

လူမျိုးရေးနှင့် ဘာသာရေးအရ အမုန်းတရားများ ပြင်းထန်နေသည့် အဆိုပါဒေသတွင် ဆောင်ရွက်ရမည့် ကုလသမဂ္ဂ၏ လုပ်ငန်းတာဝန်သည် အလွန်ပင် ထိလွယ်ရှလွယ်ဖြစ်လိမ့်မည်ဖြစ်သည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များမှာ ရိုဟင်ဂျာများအတွက်သာဖြစ်ပြီး ဘက်လိုက်မှုရှိနေသည်ဟု ရခိုင်အများစုက စွပ်စွဲထားကြပြီး ပြည်နယ်တွင်းသို့ သွားလာခွင့်ကိုလည်း အကန့်အသတ်ဖြင့်သာ ခွင့်ပြုပေးထားကြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့မှ ကျွမ်းကျင်သူများအား ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ရန် စက်တင်ဘာ ၇ ရက်နေ့က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ဒေသအခြေအနေများအား လေ့လာဆန်းစစ်သည့် လုပ်ငန်းကို စက်တင်ဘာ ၁၂ ရက်နေ့တွင် စတင်နေပြီဖြစ်သည်။

“အဖွဲ့က ကွင်းဆင်းဆောင်ရွက်နေပါပြီ။ ပြီးတော့ ပထမဆုံး ဆန်းစစ်မှုတွေကို ဒီနေ့ စတင်မှာ ဖြစ်ပါတယ်” ဟု UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Aoife McDonnell က အေအက်ဖ်ပီကို စက်တင်ဘာ ၁၂ ရက်နေ့က ပြောသည်။

ကုလသမဂ္ဂ၏ ပထမဆုံးခြေလှမ်းအဖြစ် “ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ငန်း”က ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ ထိုလုပ်ငန်းအား ရွာပေါင်း ၂၃ ရွာနှင့် ရွာငယ်စု သုံးခု၌ လုပ်ဆောင်မည်ဖြစ်သည်။ ကုလအဖွဲ့အနေဖြင့် မည်သည့်ရွာများသို့ သွားရောက်မည်နှင့် မည်သည့်အသိုက်အဝန်းနှင့် ဆက်သွယ်ဆောင်ရွက်မည်ကိုမူ မသိရှိရသေးပေ။

ယခုလုပ်ဆောင်မှုက အစကနဦး အစောပိုင်းသာဖြစ်ပြီး အလွန်သေးငယ်သည့် ခြေလှမ်းဖြစ်ကာ ဧရိယာအားလုံးအား အလျှင်အမြန် လွှမ်းခြုံနိုင်သည့်အထိ ကျယ်ပြန့်သွားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း McDonnell က ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar