ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်ရေးအဆို မအောင်မြင်

နေပြည်တော်၊ မေ ၄

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တစ်ကျော့ပြန်တိုက်ပွဲများ ရပ်တန့်ရေးနဲ့ စပ်လျဉ်းတဲ့အဆိုဟာ အင်န်အယ်လ်ဒီအစိုးရကို နိုင်ငံရေးအရ အကြပ်တွေ့အောင်ဖန်တီးခြင်းသာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ချေပပြီးတဲ့နောက် အမျိုးသားလွှတ်တော်ကလည်း ဒီအဆိုကို ဆက်လက် အကောင်အထည်မဖော်တော့ပဲ မှတ်တမ်းအဖြစ်သာထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မနေ့က ဆိုင်းငံ့ခံလိုက်ရတဲ့ ဒီအဆိုဆွေးနွေးမှုကို မေ ၄ ရက်မှာ မူလအစီအစဉ်တွေအတိုင်း ဆက်လက်ဆောင်ရွက်တာဖြစ်ပါတယ်။ ရွေးချယ်ခံကိုယ်စားလှယ် ခုနစ်ဦး၊ တပ်မတော်သား သုံးဦး ဆွေးနွေးပြီးတဲ့ အခါမှာတော့ ကာကွယ်ရေးဝန်ကြီးက “အေအေလက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပေမယ့် အခု သမ္မတကြီး ဦးထင်ကျော် လက်ထက်တွင်မှ အခုလို စစ်ပွဲတွေရပ်ဖို့ ဆန္ဒထုတ်ဖော်တာ၊ အရေးကြီး အဆိုတင်သွင်းတာတွေဟာ ဦးထင်ကျော် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရကို နိုင်ငံရေးအကြပ်အတည်း တစ်ရပ်ဖြစ်ပေါ်စေရေးအတွက် ပုံဖော်ဖန်တီးရာရောက်နေပါတယ်”လို့ အမျိုးသားလွှတ်တော်ကို ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် အဆိုရှင် ဦးဝေစိန်အောင်အနေနဲ့ အဆိုကို ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ လွှတ်တော်ကလည်း ၎င်းရဲ့ ရှင်းလင်းတင်ပြချက်ကို ဆင်ခြင်သုံးသပ်ပြီး သင့်တော်သလိုဆောင်ရွက်ပေးပါလို့ သူက မေတ္တာရပ်ခံခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးရဲ့ ရှင်းလင်းမှုမတိုင်မီ ဆွေးနွေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးမင်းဦးကလည်း အဆိုကို မှတ်တမ်းအဖြစ်သာထားရှိသင့်တယ်လို့ အကြံပြုခဲ့ပါသေးတယ်။ လက်ရှိအစိုးရအနေနဲ့ ရခိုင်ဒေသတွင်းမှာသာမက တစ်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်ဖို့ အလေးထားပြီး ဆောင်ရွက်နေတာမြင်သာသလို ပြည်တွင်းစစ်မီးငြိမ်းဖို့ဆိုတာ တစ်ကယ့်ကို သိမ်မွေ့နက်နဲတဲ့ အချင်းအရာဖြစ်လို့ လက်တွေ့ သဘောတူညီမှုရရေးဟာ အလေးအနက်ထား ချင့်ချိန်စဉ်းစားဆောက်ရွက်ရမယ့် ကိစ္စပါလို့ သူကအကြောင်းပြပါတယ်။

အခြားဆွေးနွေးခဲ့တဲ့ တပ်မတော်သားတွေကတော့ အေအေ(ရခိုင်တပ်မတော်) အဖွဲ့က ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ပြီး တပ်မတော်ကို စတင်ပစ်ခတ်လို့ တပ်မတော်အနေနဲ့ ပြည်နယ်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတာသာဖြစ်ကြောင်း ပြောကြပါတယ်။ ဒုတိယဗိုလ်မှူးကြီး စိုးရွှေကဆိုရင် တပ်မတော်က ပေါ်တာဆွဲတယ်လို့ စွပ်စွဲနေတဲ့ မဟုတ်မှန်တဲ့ကိစ္စတွေအတွက် တရားစွဲဆိုဖို့ စီစဉ်နေပြီလို့လည်း အသိပေးခဲ့ပါသေးတယ်။

အားလုံးရဲ့ ဆွေးနွေးမှုများအပြီးမှာတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “နိုင်ငံံတော်အနေနဲ့ကလည်း အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မပါဝင်သေးတဲ့ အဖွဲ့များကို ပါဝင်စေပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစဉ်တစ်စိုက် ဆောင်ရွက်နေကြောင်း ပေါ်ပေါက်နေတဲ့အတွက် မှတ်တမ်းတင်ထားရှိသင့်ကြောင်း တွေ့ရှိရပါတယ်” လို့ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မဲခွဲရာမှာတော့ ဆန္ဒမဲပေးပေးသူ ၂၀၂ ဦးအနက် ခြောက်ဦးသာ ကန့်ကွက်ခဲ့လို့ “မြန်မာ့တပ်မတော်နှင့် အေအေလက်နက်ကိုင်အဖွဲ့တို့အကြား ရခိုင်ပြည်နယ်အတွင်း ယခုတလော တစ်ကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ခြင်းရပ်စဲပြီး အေအေလက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း” အရေးကြီးအဆိုဟာ မှတ်တမ်းသာဖြစ်သွားပါတော့တယ်။

အဆိုရှင် ဦးဝေစိန်အောင်ကတော့ “ရခိုင်ပြည်သူက စစ်ရပ်စဲရေးတောင်းဆိုနေတဲ့အချိန်မှာ အကောင်အထည်မဖော်ဘဲ ခေါက်ထားလိုက်သလိုဖြစ်နေလို့ သဘောမကျဘူး၊ မကျေနပ်ဘူး” လို့ Frontier ကိုပြောပါတယ်။ ဒီအဆိုဟာ ကာကွယ်ရေးဝန်ကြီးမှတ်ချက်ပြုသလို လက်ရှိအစိုးရကို အကြပ်တွေ့အောင်လုပ်နေတာမျိုးမဟုတ်ဘူးလို့လည်း သူက ရှင်းပြပါတယ်။ “ဒီမိုကရေစီလမ်းကြောင်းမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးကို တိုးတက်ဖို့အတွက် ဆောင်ရွက်တာသာဖြစ်တယ်” လို့ ဦးဝေစိန်အောင်က ဆိုပါတယ်။

တပ်မတော်ရဲ့ မှတ်တမ်းတွေအရ ရခိုင်ပြည်နယ်မှာ ၂၀၁၅ ခုနှစ်၊ မတ်လကစလို့ အေအေအဖွဲ့နဲ့ ဒီနေ့အထိ တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar