ယှဉ်ပြိုင်မှုက ကြောင်းကျိုးဆီလျော်ဖို့ လိုပါတယ်

သောမတ်စ် ကင်း(န်) ရေးသားသည်။

တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်သစ် လားစ် အဲရစ် တဲလ်မန်း Lars Erik Tellmann က မြို့ပြဧရိယာများအတွင်း အချက်အလက် ပေးပို့မှုမြန်နှုန်းတိုးတက်ခြင်း၊ အရှိန်အဟုန်ဖြင့် အရောင်းမြှင့်တင်ခြင်း၊ အနာဂတ်တိုးတက်မှုကို တွန်းအားပေးမည့် အချက်အလက်များနှင့်ပတ်သက်၍ Frontier ကို ပြောကြားသည်။

မေး။  ။ တယ်လီနောဟာ ၂၀၁၄ ကတည်းက လုပ်ငန်းကို လျင်လျင်မြန်မြန် စတင်ခဲ့ပြီး အူရီဒူးကို မြန်မြန်ဆန်ဆန်နဲ့ ကျော်တက်ခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ကနဦး အောင်မြင်မှုနောက်ကွယ်က အဓိက အချက်တွေက ဘာပါလဲ။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ဈေးကွက်ထဲကို ဝင်တော့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာက ရိုးရှင်းပြီး အလွန်တရာလည်း ကြည်လင်ပြတ်သားပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဝန်ဆောင်မှုတွေက ထုလိုက်ထည်လိုက်ရှိတဲ့ ဈေးကွက်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ သေချာအောင်လုပ်ချင်ခဲ့တာပါ။ ဝင်ငွေမြင့်တဲ့ လူတန်းစားတွေအတွက်ဆိုပြီး ကန့်သတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ တခြားအော်ပရေတာတွေ တစ်မိနစ်ကို ကျပ် ၅၀၊ ၃၅ ကျပ် သတ်မှတ်ခဲ့ချိန်မှာ ကျွန်တော်တို့ကတော့ ၂၅ ကျပ်သာ သတ်မှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကွန်ရက်မှာ ဟန်းဆက်အားလုံး အသုံးပြုနိုင်အောင်လို့ နိုင်ငံတဝန်း တူးဂျီ၊ သရီးဂျီကွန်ရက်နှစ်ခုစလုံးမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ ဖြန့်ဖြူးရောင်းချမှုမှာ အကောင်းဆုံးဖြစ်ရမယ်လို့ ကတိပေးခဲ့တယ်။  မိုဘိုင်းဈေးကွက်မှာ တွေ့ရတဲ့ အကောင်းဆုံး ရောင်းချဖြန့်ဖြူးတဲ့ ပုံစံတစ်ခုလို့ ကျွန်တော်ယူဆထားတဲ့အရာကို လွန်ခဲ့တဲ့နှစ်နှစ်အတွင်း တည်ဆောက်နိုင်ခဲ့ပါပြီ။ လောလောဆယ် ကျွန်တော်တို့ နိုင်ငံတဝန်းမှာ ဖြန့်ချိရေးနေရာ ၁၇၀ နဲ့ ရောင်းချတဲ့နေရာ ၈၀,၀၀၀ နီးပါး ရှိပါတယ်။

မေး။  ။ဒါပေမဲ့ အသစ်ဝယ်ယူသုံးစွဲသူ အရေအတွက် တိုးတက်မှုကတော့ နှေးကွေးနေပါသေးတယ်။ တယ်လီနောသုံးစွဲသူတွေ ပိုပြီးရရှိဖို့ နောက်တစ်ဆင့်လုပ်ဆောင်ချက်က ဘယ်လိုဖြစ်မလဲ။

ဖြေ။  ။ ကျွန်တော်တို့ ဝန်ဆောင်မှုတွေစတင်တဲ့ ၂၀၁၄ တုံးက ကြီးမားတဲ့ ဝယ်လိုအားရှိပုံရတဲ့ ဈေးကွက်တစ်ခုထဲကို ကျွန်တော်တို့ ဝင်ရောက်ခဲ့ပါတယ်။ ဒီနေ့တယ်လီနော သုံးစွဲသူ ၁၇ သန်း ရှိပါတယ်။ လူဦးရေလွှမ်းခြုံမှုက ကျယ်ပြန့်လာနေလို့ အသစ်သုံးစွဲတဲ့သူ တိုးတက်မှုက အကန့်အသတ်တော့ ရှိပါတယ်။

ဆင်းမ်ကတ်တစ်ခု ပိုင်ဆိုင်ချင်တဲ့သူတွေဟာ တစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ပိုင်ဆိုင်ပြီးဖြစ်လိမ့်မယ်ဆိုတာ မကြာခင် ကျွန်တော်တို့ တွေ့ရတော့မှာပါ။ မြန်မာဟာ ဆင်းမ်ကတ်များစွာရှိတဲ့ ဈေးကွက်တစ်ခုဖြစ်တဲ့အတွက် အထူးခြားဆုံးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အာရုံစိုက်နေတာကတော့ ငှားရမ်းသုံးစွဲသူတွေရဲ့ အကြိုက်ဆုံး အော်ပရေတာရှိသလို ဒုတိယအကြိုက်ဆုံးလည်း ရှိမှာဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ တတိယမြောက် ဆင်းမ်ကတ်ဆိုတာလည်း အရန်သင့် ရှိနေနိုင်ပါတယ်။

တယ်လီနောသုံးစွဲမှု အခြေခံအဆင့်က ကျော်လွန်ပြီဆိုတော့ အင်တာနက်သုံးစွဲသူ အရေအတွက် တိုးပွားရေးကို အာရုံစိုက်နေပါတယ်။ ဒီကနေ့ ကျွန်တော်တို့ဖောက်သည်တွေရဲ့ ၆၄ ရာခိုင်နှုန်းဟာ အင်တာနက်သုံးစွဲသူ ဖြစ်နေပါပြီ။ ဒါဟာ တယ်လီနော အခိုင်အမာ တည်ရှိနေတဲ့ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က အခြေအနေတွေနဲ့ ယှဉ်နိုင်သွားတာပါပဲ။ ပိုတောင် ပိုသွားမလားပဲ။ သေချာပါတယ်၊ အခုချိန်ကနေ တစ်နှစ်ကြာရင် တိုးတက်မှုကိန်းဂဏန်းတွေက ကျွန်တော့်အနေနဲ့ ထပ်လျှော့တွက်ထားတာမျိုး ဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ - ပံ့ပိုး

ဓာတ်ပုံ – ပံ့ပိုး

မေး။  ။ တယ်လီနောသုံးစွဲသူတွေဟာ အော်ပရေတာ သုံးခုရဲ့ အရှိန်အဟုန်နဲ့ အရောင်းမြှင့်တင်မှုတွေကို ရယူခံစားနေကြပါတယ်။ အဲဒီဟာတွေက အကျိုးပြုနိုင်မလား။

ဖြေ။  ။ ပြိုင်ဆိုင်မှုက အမြဲတမ်း ခိုင်မာအားကောင်းနေပါတယ်။ ကျွန်တော်တို့ကို ပိုကောင်းအောင် ဖန်တီးပေးတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပြိုင်ဆိုင်မှုအားလုံးကို တယ်လီနောက ကြိုဆိုပါတယ်။ ဒါပေမဲ့ မြန်မာလို သစ်လွင်နုပျိုတဲ့ ဈေးကွက်တစ်ခုအတွက်က ရှေ့မှာကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေသေးလို့ ယှဉ်ပြိုင်ရာမှာ ကြောင်းကျိုးဆီလျော်မှုရှိရေးကတော့ မရှိမဖြစ် လိုအပ်ပါတယ်။

အင်တာနက်သုံးစွဲသူတွေဆီက အလွန်အမင်း တောင်းဆိုမှုတွေရှိလာတာက အော်ပရေတာတွေထံကနေ  အဆင့်မြင့်နည်းပညာသစ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မြင့်မားလာဖို့ တောင်းဆိုနေတာပါပဲ။ ဒီလိုဖြစ်လာနိုင်ဖို့က စဉ်ဆက်မပြတ် တိုးတက်မှုရှိနိုင်တဲ့ လုပ်ငန်းပုံစံတစ်ခု လိုအပ်နေပါတယ်။

မေး။  ။ခင်ဗျားတို့ရဲ့ကွန်ရက်ခင်းကျင်းမှုအဆင့်က ဘယ်လိုပါလဲ။

ဖြေ။  ။ ဒီကနေ့ တယ်လီနောမှာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးကွန်ရက်ရှိပြီး တာဝါတိုင် ၆,၁၀၀ ကနေ လွှင့်တင်ပေးနေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အနီးဆုံးပြိုင်ဘက်ထက် ၃၀ ရာခိုင်နှုန်းလောက် ပိုတယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီးတော့ နှစ်ကုန်လောက်မှာ တာဝါတိုင် ၇,၀၀၀ ကျော်အထိ တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။

ပထဝီအနေအထားပိုင်း ချဲ့ထွင်မှုအပြင် မြို့ကြီးတွေနဲ့ လူဦးရေအများဆုံးမြို့တွေမှာ အရည်အသွေးပိုင်း တိုးတက်ဖို့လည်း အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်နေပါတယ်။ အဲဒီနေရာတွေမှာ အကောင်းဆုံး အင်တာနက်ဝန်ဆောင်မှုပေးနိုင်ဖို့ နောက်ထပ်လွှင့်တဲ့နေရာတွေ တည်ဆောက်ဖို့လိုသလို ပိုပြီးစွမ်းဆောင်ရည်ကောင်းဖို့၊ ပိုပြီးကျယ်ပြန့်တဲ့ ဆက်သွယ်မှုစွမ်းရည်တွေ ရရှိဖို့ လိုပါတယ်။

လောလောဆယ်တော့ အသံလွှင့်နိုင်တဲ့နယ်ပယ် ကျယ်ပြန့်ဖို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အတော်နီးစပ်နေပါပြီ။ ဒီနှစ် စတုတ္ထသုံးလပတ်မှာ ၁,၈၀၀ မီဂါဟတ်ဇ် အသံလှိုင်းအထိ သုံးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။

မေး။  ။ လာမယ့် ၁၂ လအတွင်း မိုဘိုင်းကဏ္ဍမှာ ဘယ်လို အဓိကလမ်းကြောင်းတွေ တွေ့မြင်ရမယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။  ။ပထမဆုံးအနေနဲ့ စမတ်ဖုန်းအမျိုးမျိုး ရွေးချယ်ဝယ်ယူနိုင်သလို ဈေးနှုန်းလည်း ကျလာတာနဲ့အမျှ အင်တာနက် သုံးစွဲမှုတွေက မြန်မာနိုင်ငံမှာ ဆက်လက်ကြီးထွားဦးမှာပဲ။ အင်တာနက် သုံးစွဲမှုတွေအတွက် အဓိက မောင်းနှင်အားကတော့ ဖေ့စ်ဘွတ်နဲ့ လူမှုမီဒီယာတွေပါ။

အွန်လိုင်းဂိမ်း ကစားတာတွေလည်း မြန်မာနိုင်ငံမှာ ဆက်လက်မြင့်မားလာမှာပါ။ စီအိုစီ COC လိုဂိမ်းတွေက လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ကစားနေကြတာပါ။ တည်နေရာအခြေပြု ပိုကီမွန်ဂိုးဂိမ်း Pokemon Go Game လိုဟာမျိုးတွေလည်း ပိုပြီးကစားလာဖို့ ရှိပါတယ်။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှု တိုးတက်ဖို့အတွက် ပြည့်စုံတဲ့အခြေအနေတွေ ရှိလာမယ်လို့ မြင်မိပါတယ်။

ဘဏ်အသုံးမပြုသေးတဲ့သူတွေ အများကြီးရှိနေသေးတဲ့နိုင်ငံမှာ မိုဘိုင်းမန်နီးက မြန်မာနိုင်ငံမှာ မရှိမဖြစ် လိုအပ်လာမယ့် လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီ ငွေလွှဲလို့ရတဲ့ ဝန်ဆောင်မှုတွေ လုပ်နိုင်ရုံမက ငွေပေးချေမှုနဲ့ စီးပွားရေးလုပ်ငန်း ငွေအလွှဲအပြောင်း လုပ်နိုင်လာမှာ ဖြစ်ပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ဤတွေ့ဆုံမေးမြန်းမှုကို ၂၀၁၆ သြဂုတ် ၂၅ ရက်ထုတ် Frontier ၏ Digital Myanmar special edition တွင် ကနဦး ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.