ရခိုင်ဆက်သွယ်ရေး တာဝါတိုင်ပေါ်မှ ချောင်းမြောင်း ပစ်ခတ်သည်ဆိုသောသတင်း တယ်လီနော အဖြေရှာ

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်သားများက အရပ်သားများကို ပစ်ခတ်ရန် တယ်လီနောတာဝါတိုင်များကို အသုံးပြုခဲ့သည်ဟု ရိုဟင်ဂျာသတင်းဌာန၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များကို စုံစမ်းမေးမြန်းရန် တယ်လီနောက ကြိုးစားနေသည်ဟု ထုတ်ဖော် ပြောကြားသည်။

မောင်တောမြို့နယ် တောင်ပိုင်းရှိ မူဆလင်တံငါရွာဖြစ်သော အလယ်သံကျော် ကျေးရွာတွင် တပ်မတော်၏ နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ်က ဖြစ်ပျက်ခဲ့ပုံများကို ဘင်္ဂလားဒေရှ့် စစ်တကောင်းအခြေစိုက်၊ ကုလားတန်သတင်းကွန်ယက် Kaladan Press Network က ယခုလအတွင်း ထုတ်ပြန်သော စာမျက်နှာ ၇ဝ ပါ အစီရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့တွင် ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က ကြီးမားသော နယ်မြေရှင်းလင်းရေးကို လုပ်ဆောင်ခဲ့ရာတွင် အလယ်သံကျော်ရွာ၌ အမ်ပီတီနှင့် တယ်လီနော ဆက်သွယ်ရေး တာဝါတိုင်များပေါ်တွင် လက်ဖြောင့်သေနတ်သမားများကို စစ်တပ်က နေရာ ချထားခဲ့သည်ဟု ဆိုသည်။

“အသေပစ်သတ်ရန် စစ်သားများကို အမိန့်ပေးထားသည်မှာ ရှင်းနေကြောင်း၊ ရွာထဲတွင် စစ်သားများကို ခုခံရန် ကြိုးစားနေကြသောသူများကို အပြတ်ရှင်းလင်းခဲ့ကြကြောင်း၊ အလယ်သံကျော် လူသတ်ကွင်းတွင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ မျိုးစုံပါဝင်ကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ လယ်ကွင်းများထဲသို့ ထွက်ပြေးကြကြောင်း” အစီရင်ခံတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ဖော်ပြပါရှိသော ရာဇဝတ်မှု စွပ်စွဲချက်များကြောင့် လွန်စွာပင် စိုးရိမ်မှုဖြစ်မိကြောင်း၊ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း နိုဝင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ချက်တွင် Telenor က ပြောကြားထားသည်။

“စွပ်စွဲချက်များအပေါ် အခြေခံ၍ ကျွန်ုပ်တို့၏ စိုးရိမ်မှုကို ဖော်ပြရန်နှင့် ဤကိစ္စနှင့်ပတ်သက်၍ နောက်ထပ်ဖြစ်ရပ်မှန်များကို ရှာဖွေရန် တယ်လီနောမြန်မာက သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆွေးနွေးပြောဆိုရန် တင်ပြထားသည်” ဟု ဆိုသည်။

တာဝါတိုင်ဧရိယာသို့ တရားမဝင် ထပ်မံဝင်ရောက်ပြီး အသုံးပြုမှုဖြစ်ပွားလာမည်ကိုလည်း တယ်လီနောက စိုးရိမ်မိကြောင်းပြောကြားသည်။ ထိုတာဝါတိုင်မှာ ၎င်းတို့၏ ကွန်ယက်ရောင်းချသူတစ်ဦးက လည်ပတ်လုပ်ကိုင်နေသော တာဝါတိုင်ဖြစ်သည်။

တာဝါတိုင်အများစုမှာ လူမရှိကြကြောင်း၊ အပြင်လူ မဝင်နိုင်အောင် ခြံခတ်ထားခြင်းမျှသာ ဖြစ်ကြောင်း၊ သို့သော် ခြံကို ချိုးဖျက်ဝင်မည်ဆိုလျင် မည်သူမဆို ဝင်ရောက်နိုင်ကြောင်း ပြောကြားထားသည်။ အစီရင်ခံစာတွင် ဖော်ပြသော တာဝါတိုင်ကို ၂ဝ၁၆ ခုနှစ်က စိုက်ထူခဲ့ခြင်းဖြစ်သော်လည်း ၂ဝ၁၈ ခုနှစ်၊ မတ်လ ရောက်ချိန်မှသာ စတင်လည်ပတ် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တယ်လီနော၏ ကိုယ်ပိုင်လေ့လာမှုအရ နယ်မြေလုံခြုံရေးနှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းရေးအတွက် ထိုနယ်မြေအတွင်းသို့ တယ်လီနောဝန်ထမ်းများကို ၂ဝ၁၆ ခုနှစ်၊ သြဂုတ်နှင့် ၂ဝ၁၇ ခုနှစ်၊ ဧပြီလအကြားနှင့် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်နှင့် ဒီဇင်ဘာလများအကြား သွားခွင့်မပြုခဲ့ဟု ဆိုသည်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွင်း ထိုဒေသအတွင်း သွားလာခွင့်ကို မြန်မာအာဏာပိုင်များက တင်းကြပ်စွာ ကန့်သတ်ထားခဲ့သည်ဟုလည်း ဆိုသည်။

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောအုပ်စု (Telenor Group) ကုမ္ပဏီ၏ လူ့အခွင့်အရေးအပေါ် တာဝန်ယူမှုကို ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် အလေးထား ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ တွေ့ရှိချက်များနှင့် ပတ်သက်၍ တို့၏ စိုးရိမ်မှုကို တယ်လီနောအုပ်စုက မကြာခဏဖော်ပြခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ ထောက်ခံ အကြံပြုချက်များကို အကောင်အထည်ဖော်ရေး ထောက်ခံပြောဆိုခဲ့သည်။ ကုမ္ပဏီသန္ဓေတည်သည့် အချိန်မှစပြီး တယ်လီနောမြန်မာအနေဖြင့် လူ့အခွင့်အရေးကို အာရုံထား လုပ်ဆောင်လာခဲ့ကြောင်း၊ ဤအတိုင်းလည်းဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုထက်ပို၍ မှတ်ချက်ပြုရန်ကိုမူ တယ်လီနောပြောခွင့်ရ ပုဂ္ဂိုလ်က ငြင်းဆိုခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.