မိုဘိုင်းနည်းပညာဖြင့် မွေး/သေစာရင်း မှတ်ပုံတင်ခြင်း ရှေ့ပြေးစီမံချက် စတင်

မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းအား မိုဘိုင်းနည်းပညာ အသုံးပြုဆောင်ရွက်မည့် ရှေ့ပြေး စီမံကိန်းကို ယူနီဆက်မြန်မာနှင့် တယ်လီနောလုပ်ငန်းစုတို့၏ ပံ့ပိုးမှုဖြင့် မွန်ပြည်နယ်တွင် စတင် အကောင်အထည်ဖော်နေပြီဖြစ်သည်။

ထိုစီမံချက်အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရှေ့ပြေးစီမံကိန်းကို ယနေ့စတင်လိုက်ခြင်းဖြစ်သည်။

“မိုဘိုင်း မွေး/သေစာရင်း မှတ်ပုံတင်ခြင်းလုပ်ငန်းကို မွန်ပြည်နယ်မှာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ယူနီဆက်နဲ့ တယ်လီနောတို့က ရန်ပုံငွေနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်ခဲ့တာဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှုဟာ အထူးအရေးပါတယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်” ဟု နေပြည်တော်တွင် ယနေ့ ကျင်းပသည့် စီမံချက်စတင်ခြင်း အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ မြို့နယ်ကျန်းမာရေးအရာရှိများအနေဖြင့် မွေးဖွားခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် မွေးစာရင်းထုတ်ပေးခြင်းတို့ကို ဒစ်ဂျစ်တယ် မိုဘိုင်းစနစ် အသုံးပြုကာ မှတ်တမ်းတင်နိုင်မည် ဖြစ်သည်။ ထိုစနစ်အား မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်နိုင်ခြင်းလည်း ဖြစ်သည်။

အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဆက်အောင်က “ဒီနေ့ စတင်လိုက်တဲ့ မိုဘိုင်း မွေး/သေစာရင်း မှတ်ပုံတင်ခြင်း စီမံချက်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားလှတဲ့ ဆန်းသစ်တီထွင်မှု တစ်ခုဖြစ်သလို ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့တဲ့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်း လမ်းညွှန်စာအုပ်ထဲမှာ ညွှန်းဆိုထားတဲ့အတိုင်း နိုင်ငံတကာအသိအမှတ်ပြု အရှင်မွေးလက်မှတ် (Universal Birth Registration) အဆင့်မီရေး ဆောင်ရွက်မှုတွေ အရှိန်ရဖို့အတွက် အထောက်အကူပြုမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ e-platform ပေါ်ပေါက်လာစေရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့၏ အားထုတ်ကြိုးပမ်းချက်များကို ထိုစီမံချက်က အားဖြည့်ပေးမည်ဟုလည်း ၎င်းက ပြောသည်။

“ဒီစီမံချက်တစ်စိတ်တစ်ပိုင်းအဖြစ် မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စာရွက်စာတမ်းတွေကို ဒစ်ဂျစ်တယ်စာရင်း ကောက်ယူခြင်းဖြင့် အစားထိုးသွားမှာဖြစ်ပြီး မွေး/သေစာရင်း မှတ်ပုံတင်ခြင်း လုပ်ငန်းကို ပိုမိုချောမွေ့ မြန်ဆန်စေမှာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံတဝန်းလုံးမှာ မွေး/သေစာရင်း မှတ်ပုံခြင်းလုပ်ငန်းကို အောင်မြင်စွာနဲ့ ဒစ်ဂျစ်တယ် အသွင်ပြောင်းနိုင်ဖို့အတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေ ပြုလုပ်နိုင်ဖို့နဲ့ တိုးချဲ့ ဆောင်ရွက်နိုင်ဖို့ ကိစ္စတွေမှာ ဒီစီမံချက်ကနေ ရရှိလာတဲ့ ရလဒ်တွေက မရှိမဖြစ် အရေးပါမှာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စီမံချက်အတွက် တယ်လီနောလုပ်ငန်းစုက ရန်ပုံငွေထောက်ပံ့မှုအပြင် စီမံချက်၏ web-based platform အတွက် အင်တာနက်ဒေတာများ အခမဲ့ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ပြင် သားဖွားဆရာမများကိုလည်း သတင်းအချက်အလက်များရေးသွင်းခြင်းနှင့် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုခြင်းများအား သင်ကြားပြသ ပေးသွားမည်ဖြစ်သည်။

“အခု စတင်မယ့် ရှေ့ပြေးစီမံကိန်းဟာ တကယ့်ကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးစာရင်းဆိုတာဟာ မွေးကင်းစကလေးငယ် တစ်ယောက်ချင်းစီအတွက် လူ့အသိုက်အဝန်းထဲကို တရားဝင် မိတ်ဆက် ဝင်ရောက်ခြင်းဖြစ်သလို လူမှုရေးရာ ဝန်ဆောင်မှုတွေနဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေးတွေရဲ့ အကာအကွယ်ကို ရရှိနိုင်ဖို့အတွက်လည်း အရေးပါလှတဲ့ အချက်ဖြစ်ပါတယ်။ အခုဆို မိုဘိုင်းနည်းပညာကို အသုံးပြုပြီး မွေးစာရင်း မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာအားလုံးအတွက် ပိုပြီး အဆင်ပြေထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါပြီ” ဟု တယ်လီနောမြန်မာ၏ ဥက္ကဋ္ဌနှင့် တယ်လီနောလုပ်ငန်းစု၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr Petter Furberg က ပြောကြားသည်။

ယူနီဆက်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kuguni ကလည်း “ကလေးသူငယ်ပေါင်း ၁၃ဝ,ဝဝဝ ကျော် ကျောင်းတက်ရောက်နိုင်အောင်နဲ့ အခြား အခြေခံဝန်ဆောင်မှုတွေ ရရှိလာဖို့ တံခါးဖွင့်ပေး လိုက်တဲ့ မကြာမီက ကျင်းပသွားတဲ့ မွေးစာရင်းမှတ်ပုံတင်ခြင်း လှုပ်ရှားမှုရဲ့ ရလဒ်ကောင်းတွေနဲ့အတူ အခုလို မိတ်ဖက်လုပ်ငန်းတခုကို ကျွန်မတို့အနေနဲ့ စတင်လိုက်ပါတယ်။ ယူနီဆက်အနေနဲ့ မြန်မာအစိုးရအား ပံ့ပိုးလုပ်ဆောင်လျှက်ရှိတဲ့ Digital Vital Statistics စနစ်ဖြင့် နိုင်ငံတကာ အသိအမှတ်ပြု အရှင်မွေးလက်မှတ် (Universal Birth Registration) အဆင့်မီစေရေး လုပ်ငန်းအတွက် တယ်လီနောလုပ်ငန်းစုရဲ့ ပံ့ပိုးကူညီမှုဟာ အချိန်ကိုက်ဖြစ်ပြီး အသွင်ပြောင်းသွားစေမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.