ယခုနှစ်ကုန်မတိုင်မီ မြန်မာနိုင်ငံ၏ အဓိကနေရာဒေသပေါင်း ၅၀ သို့ 4G/LTE ကွန်ရက်ကို တိုးချဲ့သွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်ဟု တယ်လီနောမြန်မာက ပြောကြားသည်။
“သုံးစွဲသူတွေ သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကို သုံးစွဲနေကြချိန်မှာ အကောင်းဆုံး သုံးစွဲမှု အတွေ့အကြုံတွေကို ရရှိနေစေဖို့ တယ်လီနောအနေနဲ့ အမြဲတစ်စေ ရည်မှန်းထားတာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ သာလွန်ကောင်းမွန်တဲ့ အင်တာနက်ဒေတာ သုံးစွဲမှု အတွေ့အကြုံတွေ ပေးအပ်နိုင်စေဖို့ 4G ကွန်ရက် လွှမ်းခြုံမှုကို အရှိန်မြှင့် တိုးချဲ့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။
“လာမယ့်နှစ်မှာလည်း ဒိထက်များပြားတဲ့ မြို့ကြီးတွေမှာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို တိုးချဲ့ ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအချိန်တွင် တယ်လီနော၏ 4G/LTE ဝန်ဆောင်မှုများကို မြို့ကြီး ၃၂ မြို့အပြင် ရခိုင်နှင့် ဧရာဝတီတို့ရှိ ထင်ရှားကျော်ကြားသော ကမ်းခြေ ၃ ခုတွင်လည်း မိတ်ဆက်ပေးထားပြီးဖြစ်သည်ဟု တယ်လီနောက ထုတ်ပြန်ထားသည်။ ငွေဆောင်၊ ချောင်းသာနှင့် ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေတို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းကတည်းက 4G/LTE ကွန်ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကွန်ရက်အား နောက်ဆုံးချိတ်ဆက်ထားသော မြို့များမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းနှင့် ရွှေဘိုမြို့တို့ဖြစ်ပြီး ယခုလအစောပိုင်းက စတင်ခဲ့ခြင်း ဖြစ်သည်။ တယ်လီနော၏ ကွန်ရက်သည် စစ်ကိုင်းတိုင်းဒေသကြီး လူဦးရေ စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားပြီး ဖြစ်သည်ဟုဆိုသည်။