ရှမ်းပြည်နယ်လွှတ်တော်က မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖြစ် လူသိများသော ကချင်လွတ်မြောက်ရေး တပ် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်(MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) လေးဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ဒီဇင်ဘာ ၇ ရက်က အတည်ပြုလိုက်သည့်ကိစ္စအား ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSA)က ကန့်ကွက်ကြောင်း ကြေညာလိုက်သည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော UWSA ၏ ကြေညာချက်တွင် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းစဉ်ကပင် ပယ်ချခဲ့ပြီးဖြစ်သောကိစ္စအား ရှမ်းပြည်နယ်လွှတ်တော်တွင် ထပ်မံ တင်သွင်းပြီး အတည်ပြုလိုက်ခြင်းသည် “ယုံကြည်မှုများ ဆိုးရွားစွာ ပျက်စီးစေကြောင်း” ဖော်ပြထားသည်။
ထို့ပြင် တပ်မတော်အပါအဝင် ဘက်ပေါင်းစုံသော အဖွဲ့အစည်းများအနေဖြင့် အတိတ်ရန်ငြိုးများကို စွန့်ပစ်သင့်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ချက်တွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အား အကြမ်းဖက်အဖြစ်သတ်မှတ်ရန် အဆိုအား ပြီးခဲ့သော အစိုးရလက်ထက်က ရှမ်းပြည်နယ်၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ လက်ရှိတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဗိုလ်မှူးကြီး(ငြိမ်း) အောင်သူက ရှမ်းပြည်နယ် လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါအဆိုအား ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက မဆွေးနွေးသင့်ကြောင်း ကန့်ကွက်ခဲ့သော်လည်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်အများစုက လွှမ်းမိုးထားသည့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ မဲပေးခွင့်ရှိသူ ကိုယ်စားလှယ်ပေါင်း ၁၁၅ ဦးအနက် ထောက်ခံမဲ ၆၃ မဲ (၅၄ ရာ ခိုင်နှုန်းကျော်)၊ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေ ခုနစ်မဲရှိခဲ့ပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ်၏ အဆို အနိုင်ရခဲ့သည်။
TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတာ့ဘုန်းကျော်က ထိုသို့အတည်ပြုခဲ့သည့် ကိစ္စသည် တပ်မတော်၏ သဘောထားဟုသာ မှတ်ယူကြောင်း မှတ်ချက်ပြုခဲ့သည်ကို ပြည်တွင်းမီဒီယာများတွင် ဖော်ပြကြသည်။
ရှမ်းပြည်နယ်လွတ်တော်က မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် သဘောတူခဲ့ခြင်းကို ကချင်ပြည်နယ် ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီ၊ လော်ဝေါ် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (LNUDP)တို့ကလည်း ဒီဇင်ဘာ ၉ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ ကန့်ကွက်ထားကြသည်။
သတင်း-ကျော်ဖုန်းကျော်