မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ပစ္စည်းများကြောင့် ပြီးခဲ့သည့်နှစ်က ၅၉ ဦး ထိခိုက်နစ်နာခဲ့

မြေမြှတ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာတစ်ရွာမှ ကလေးငယ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ- အန်းဝမ်ရန်ကုန်၊ ဧပြီ ၄

မြေမြှတ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးရွာတစ်ရွာမှ ကလေးငယ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ- အန်းဝမ်

မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သည့် စစ်ကျန်ပစ္စည်း (ERW) များကြောင့် ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် ကလေးသူငယ် ၃၄ ဦးအပါအဝင် ၅၉ ဦး ထိခိုက်နစ်နာခဲ့ရသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)နှင့် မိတ်ဖက်အဖွဲ့များက မှတ်တမ်းပြုစုခဲ့သည်ဟု ယူနီဆက်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ထိုအထဲတွင် သေဆုံးသူ ၁၇ ဦးနှင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူ ၄၂ ဦးဖြစ်သည်ဟု ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းဆိုင်ရာ အကူအညီပေးရေးနေ့အဖြစ် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယခုနှစ်ပထမသုံးလအတွင်းမှာပင် ထိခိုက်နစ်နာခဲ့သူ ၂၁ ဦးရှိနေပြီဖြစ်သည်ဟု ဖော်ပြထားပြီး ERW များကြောင့် အန္တရာယ်ကျရောက်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုတွင် အစီရင်ခံ တင်ပြခြင်းမရှိသည့် ထိခိုက်နစ်နာမှုများ ရှိနေမည်ဟုလည်း ဖော်ပြထားသည်။

”မြေမြှုပ်မိုင်းတွေနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေ အသုံးပြုခြင်းက ရပ်တန့်ပြီး စာသင်ကျောင်းတွေ၊ ကျန်းမာရေးပံ့ပိုးမှု အဆောက်အအုံတွေနဲ့ ကလေးသူငယ်တွေ အများဆုံး ရှိနေတတ်တဲ့ တခြားနေရာတွေကို ပေါက်ကွဲမှုတွေကနေ ကာကွယ်သွားနိုင်ဖို့ သက်ဆိုင်သူများအားလုံးကို ပြောကြားလိုပါတယ်”ဟု ယူနီဆက်မှ မြန်မာနိုင်ငံ၊ ဒုတိယ ဌာနေကိုယ်စားလှယ် ရှာလီနီ ဘဟူဂူနာက ပြောသည်။

ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ မိုင်းအန္တရာယ်တိုက်ဖျက်ရေး လုပ်ငန်းစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈သန်း လိုအပ်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အဆိုပါ လုပ်ငန်းစီမံကိန်းများတွင် မိုင်းအန္တရာယ် အသိပညာပေးရေး (MRE)၊ မိုင်းကြောင့် ထိခိုက်နစ်နာသူများအား ကူညီထောက်ပံ့ပေးခြင်း၊ ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံ တိုက်တွန်းပြောဆိုခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းများနှင့် သတင်းအချက်အလက် စီမံမှုများ အစရှိသည်တို့၏ လိုအပ်ချက်များနှင့် ဦးစားပေးလုပ်ငန်းများ ပါဝင်သည်။

“မိုင်းအန္တရာယ် ကာကွယ်ရေးလုပ်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ ပြန်လည်သင့်မြတ်ခြင်း လုပ်ငန်းစဉ် ဖြစ်သော လက်ရှိနိုင်ငံရေးအကူးအပြောင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းအတွက် လုပ်ဆောင်နေမှုများအား ပံ့ပိုးပေးနိုင်မယ့် အဓိကကျတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်သင့်ပါတယ်” ဟု ရှာလီနီ ဘဟူဂူနာက ပြောသည်။

”ကျွန်မတို့အနေနဲ့ အဖက်ဖက်က မြေမြှုပ်ချထားခဲ့တဲ့ မိုင်းတွေအားလုံးကို ရှင်းလင်းဖယ်ရှားပစ်ဖို့ ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ကတိကဝတ်ပြု လုပ်ဆောင်ခဲ့တာကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ကိုင်နေချိန်မှာပင် မိုင်းထောင်ခြင်း ကိစ္စရပ်များကို ချက်ချင်းဆိုသလို ရပ်တန့်သွားစေမယ့် ဆုံးဖြတ်ချက်တွေ ပြုလုပ်သွားဖို့ လိုအပ်ကဲ့သို့ မိုင်းတားဆီးဆန့်ကျင်ရေး သဘောတူစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုး အတည်ပြုပြီးတဲ့ နိုင်ငံပေါင်း ၁၆၂ နိုင်ငံမှာ မြန်မာနိုင်ငံအနေနဲ့လည်း ပါဝင်သွားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေနိုင်သော စစ်လက်နက်အကြွင်းအကျန်များက မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ ပုံမှန်ဘဝအတွက် အတားအဆီးတစ်ရပ်ဖြစ်နေသေးသည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)ကလည်း သတိပေးထားသည်။

“ကျွန်တော်တို့အနေနဲ့ မြေမြှုပ်မိုင်းကြောင့်သာမက အမြောက်ဆံနဲ့ဗုံးဆံတွေလို မပေါက်ကွဲသေးတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆိုးကျိုးခံစားရသူတွေအတွက်လည်း စိုးရိမ်ပူပန်မိပါတယ်” ဟု အိုင်စီအာရ်စီမှ မိုင်းအန္တရာယ် အသိပညာပေးအစီအစဉ်၏ အကြံပေးဖြစ်သူ မစ္စတာဆာဂျောန်းဂျိုဗန်နိုဗစ်က အိုင်စီအာရ်စီ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ဘားအံမြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနနှင့် မန္တလေးမြို့ အနီးရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရေနံ့သာအနာကြီးရောဂါကု ဆေးရုံ၏ ပြန်လည်သန်စွမ်းရေးဌာနတို့ကို အိုင်စီအာရ်စီက ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က မိုင်းဒဏ်သင့်သူ ထက်ဝက်ခန့် ပါဝင်သော မသန်စွမ်းသူဦးရေ ၃,၀၀၀ ခန့်ကို အဆိုပါ ဌာနနှစ်ခုတို့၌ အိုင်စီအာရ်စီက ခြေတုနှင့်အားပြုကိရိယာများ တပ်ဆင်ပေးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘားအံမြို့ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့်ခြေတု ပြုပြင်ရေးအဖွဲ့များက လူဦးရေ ၁,၄၀၀ နီးပါးအတွက် ခြေတုနှင့် သိုင်းကြိုးပြုပြင်တပ်ဆင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

ယခုနှစ်စပိုင်းတွင် မသန်စွမ်းသူ ၃၀၀ ခန့်အား အဆိုပါဌာနနှစ်ခုမှ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်ပေးခဲ့ပြီး ၁၀၀ ခန့်၏ ခြေတုများကို နယ်လှည့်ခြေတု ပြုပြင်ရေးအဖွဲ့များက ၎င်းတို့ နေထိုင်ရာဒေသများတွင် သွားရောက် ပြုပြင်ပေးခဲ့သည်။

“ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မသန်စွမ်းသူတွေအတွက် ပိုမိုတိုးချဲ့ပြီး အကူအညီပေးနိုင်ဖို့ မြစ်ကြီးနားနဲ့ ကျိုင်းတုံမြို့တွေမှာ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး ဌာနနှစ်ခုကို ယခုနှစ်အတွင်း တည်ဆောက်လျက် ရှိပါတယ်” ဟု အိုင်စီအာရ်စီမှ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး အစီအစဉ်အား ဦးဆောင်သူ မစ္စတာ ဒီဒီးယေးရက်ခ်က ပြောသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်အတွင်း လူဦးရေ ၂,၃၀၀ ကျော်အား မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးနိုင်ခဲ့သည်။

“၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာရှိတဲ့ ယာယီရွှေ့ပြောင်းစခန်းတွေနဲ့ မိုင်းနဲ့ပေါက်ကွဲစေနိုင်တဲ့ စစ်လက်နက် အကြွင်းအကျန်တွေရဲ့ ဒဏ်ခံစားရတဲ့ ကျေးရွာတွေမှာ နေထိုင်သူဦးရေ ၅၀၀ လောက်ကို အသိပညာ ပေးနိုင်ခဲ့ပါတယ်။ ပဋိပက္ခဒေသမှာ နေထိုင်ရတဲ့ ပြည်သူတွေအတွက် ဒါဟာ အင်မတန် အန္တရာယ်ကြီးတာကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ဆက်လက်ပြီး ပိုမိုတိုးချဲ့ ဆောင်ရွက်သွားမှာပါ” ဟု မစ္စတာဂျိုဗင်နော့ဗစ်က ပြောကြားသည်။

သတင်း- ဆန်းဦး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar