ဂျာကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစဉ်မှုဖြင့် အိုင်အက်စ် (Islamic State) အကြမ်းဖက်အဖွဲ့အစည်းနှင့် အဆက်အသွယ်ရှိသူ တတိယယမြောက် စစ်သွေးကြွတစ်ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။
အဆိုပါ စစ်သွေးကြွများအားလုံးမှာ ဆီးရီးယားအခြေစိုက် ဂျီဟတ်အုပ်စုများနှင့် ဆက်နွယ်နေသည့် ပြည်တွင်းအဖွဲ့အစည်းတစ်ခုမှဖြစ်ပြီး ၂၀၁၂ ခုနှစ်က လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့သည့် ဘာလီပေါက်ကွဲမှုထက် ပြင်းထန်သည့် ဗုံးများပြုလုပ်ရန် ဖောက်ခွဲရေးပစ္စည်းများ စုဆောင်းထားကြသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
“ပါလီမန်၊ အမျိုးသားရဲတပ်ဖွဲ့ ဌာနချုပ်၊ မြန်မာသံရုံးနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်ရေးဌာန အတော်များများကို ဗုံးဖောက်ခွဲ တိုက်ခိုက်ဖို့အတွက် စီစဉ်ရာမှာ သူတို့က ကူညီနေကြတာပါ” ဟု အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Rikwanto က ပြောကြားသည်။
ဗုံးပြုလုပ်သူဟု မသင်္ကာသူ Rio Priatna Wibowo အား အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က မြို့တော်၊ ဂျာကာတာမြို့ အနောက်ဘက်ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်း အမြောက်အများနှင့်အတူ နိုဝင်ဘာ ၂၃ ရက်နေ့က ဖမ်းဆီးလိုက်သည်။
၎င်းအား ဖမ်းဆီးမှုမှတစ်ဆင့် အခြားသော မသင်္ကာသူ စစ်သွေးကြွနှစ်ဦးကို နိုင်ငံအတွင်းမှ ထပ်မံ ဖမ်းမံဖမ်းဆီးနိုင်ခဲ့သည်ဟု Rikwanto က နိုဝင်ဘာ ၂၇ ရက်နေ့က ပြောသည်။
ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူနေသည်ဟု စွပ်စွဲချက်ဖြင့် Bahrain Agam ကို နိုဝင်ဘာ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ Saiful Bahri ကိုမူ ဗုံးများ ပြုလုပ်ရန်ကူညီမှုဖြင့် နိုဝင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု Rikwanto က ပြောကြားသည်။
အဆိုပါ စစ်သွေးကြွများအနေဖြင့် မည်သည့်အချိန်တွင် ဖောက်ခွဲမှုဆောင်ရွက်ရန် စီစဉ်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားသည်။ သို့သော်လည်း ဘာလီရှိ နိုက်ကလပ်များတွင် ပေါက်ကွဲခဲ့မှုထက် နှစ်ဆကျော် ပြင်းထန်သည့် ပေါက်ကွဲမှုကို ဆောင်ရွက်နိုင်မည့် ဖောက်ခွဲရေးပစ္စည်းများကို အဆိုပါ စစ်သွေးကြွများက ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
၎င်းတို့ သုံးဦးလုံးသည် အိုင်အက်စ်အား သစ္စာခံထားသည့် ပြည်တွင်းအစွန်းရောက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Ansar Daulah ၏ အဖွဲ့ဝင်များဖြစ်သည်ဟု Rikwanto က ပြောကြားသည်။
သတင်း-အေအက်ဖ်ပီ