သောမတ်စ် ကင်း(န်)
ရခိုင်အကျပ်အတည်းနှင့် ပတ်သက်၍ အာဆီယံအနေဖြင့် ပိုမိုအားကောင်းသည့် ရပ်တည်ချက်တစ်ခုရှိရမည်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမှုဆိုသည့် ဘောင်ကို ကျော်လွန်ကာ လုပ်ဆောင်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာမာတီနာတာ လီဂါဝါက အာဆီယံကို တောင်းဆိုလိုက်သည်။
အာဆာဟုခေါ်သည့် Arakan Rohingya Salvation Army (ARSA) သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့် တပ်မတော်၏ ပြင်းထန်သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာကတည်းက မူစလင် ၇၅၀,၀၀၀ ကျော်မှာ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့သည် လွန်ခဲ့သည့် ၁၀ နှစ်က မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီး မြန်မာအစိုးရနှင့် နိုင်ငံတကာကြား အရေးကြီးသော တံတားထိုး ဆက်သွယ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ နာဂစ်ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံတကာအကူအညီကို ကနဦး ငြင်းပယ်ခဲ့ဖူးသည်။ ယခုရခိုင်အရေးတွင်လည်း ထိုကဲ့သို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နာတာလီဂါဝါက ပြောကြားသည်။
သို့သော်လည်း ရခိုင်ပြည်နယ်အရေးတွင် အာဆီယံသည် လူသားချင်းစာနာမှု အကူအညီပေးရေးထက် ကျော်လွန်ကာ ပိုမိုလုပ်ဆောင်ရမည်ဟု ၎င်းကပြောကြားခဲ့ပြီး အကျပ်အတည်း၏ နောက်ခံအကြောင်းဖြစ်သည့် လူ့အခွင့်အရေး ပြဿနာများကိုလည်း ကိုင်တွယ်သင့်သည်ဟု ၎င်းကအကြံပြုခဲ့သည်။
“အာဆီယံအနေနဲ့ မကြာခင်မှာ လူသားချင်းစာနာမှုဆိုတဲ့ဘောင်ကို ကျော်လွန်တဲ့ အမြင်မျိုး ဖြစ်ထွန်းလာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့က မြန်မာရဲ့ ယုံကြည်မှုလည်း ရဖို့လိုပါတယ်” ဟု မေ ၄ ရက်နေ့က စင်ကာပူတွင် ကျင်းပခဲ့သည့် အာဆီယံမီဒီယာဖိုရမ်တွင် နာတာလီဂါဝါက သတင်းထောက်များကို ပြောကြားသည်။ ၎င်းသည် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၀၈ မှ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့သည်။
“ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သက်လို့ အခုချိန်မှာ ကျွန်တော်စိုးရိမ်တာက အာဆီယံဟာ လူသားချင်းစာနာမှုအပြင် တံတားထိုးပေးတဲ့ အခြေအနေတစ်ခုကို ဆောင်ရွက်မပေးရသေးပါဘူး။ တကယ်တော့ အာဆီယံကိုယ်တိုင်ကိုက သဘော ကွဲလွဲနေတာပါ” ဟုလည်း ၎င်းကပြောကြားသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သည့် ရခိုင်ပြည်နယ်၏ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေနှင့် ပတ်သက်သည့် အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်ကို မလေးရှားက သဘောမတူဘဲ အခြေအနေမှန်ကို ကိုယ်စားပြုမှု မရှိကြောင်း ပြောကြားခဲ့သလို ရိုဟင်ဂျာဆိုသည့် ဝေါဟာရဖြုတ်ထားသည်ကိုလည်း မကျေမနပ်ဖြစ်ခဲ့သည်။
ရခိုင်ပြည်နယ်ရှိ မူဆလင်အသိုင်းအဝိုင်းအများစုကို ရိုဟင်ဂျာဟု သိရှိထားသော်လည်း မြန်မာအစိုးရကမူ ထိုအခေါ်အဝေါ်ကို လက်မခံဘဲ ဘင်္ဂလီ၊ သို့မဟုတ် ရခိုင်ပြည်နယ်မှ မူစလင်များဟု ဖော်ပြသုံးစွဲခဲ့သည်။
ရခိုင်ပြည်နယ်တွင် စဉ်ဆက်မပြတ် သာတူညီမျှ ဖွံ့ဖြိုးရေးအပြင် လူ့အသိုင်းအဝိုင်း အမျိုးမျိုးအကြား သဟဇာတဖြစ်မှုနှင့် ပြန်လည်ရင်ကြားစေ့ရေးကို မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ဖြစ်ပေါ်စေရန် အစိုးရ၏ အားထုတ်ကြိုးပမ်းမှုကို ထောက်ခံကြောင်း အာဆီယံခေါင်းဆောင်များက ပြီးခဲ့သည့်လတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အာဆီယံထိပ်သီးဆွေးနွေးပွဲ ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ရိုဟင်ဂျာဟု သုံးနှုန်း မဖော်ပြခဲ့ပေ။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီအတွက် အာဆီယံညှိနှိုင်းရေးစင်တာမှတဆင့် လုပ်ဆောင်နေသော လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေး ကြိုးပမ်းချက်များနှင့် ဆက်စပ်ကာ အာဆီယံ၏ ကဏ္ဍကို ဘောင်ခတ်လိုက်သလို ဖြစ်သွားခဲ့သည်။
ထိုစဉ်ကတည်းက မြန်မာအစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် စေ့စပ်ညှိနိုင်းခဲ့ပြီး အာဆီယံထက် ကုလသမဂ္ဂ၏ အစိတ်အပိုင်းများနှင့်သာ ပိုမိုလက်တွဲလုပ်ကိုင်လိုသည်ဟု ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့၏ အလည်အပတ်ခရီးစဉ်အပြီးအတွင် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် လက်တွဲ ဆောင်ရွက်ရန် ကုလသမဂ္ဂ အေဂျင်စီနှစ်ခုနှင့် နားလည်မှုစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးရေး ဆွေးနွေးနေသည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ရုံးက ထုတ်ပြန်ခဲ့သည်။
ယခင်က အာဆီယံသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တစ်လေသံတည်း ထွက်ခဲ့ကြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ပြုပြင်ပြောင်းလဲရေးလုပ်ရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ၏ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် တစ်နိုင်ငံချင်းစီမှ နိုင်ငံခေါင်းဆောင်များကို တွန်းအားပေးနိုင်ခဲ့သည်ဟု နာတာလီဂါဝါကပြောသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် အလှည့်ကျနေရာကို အင်ဒိုနီးရှားက ရရှိစဉ် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းအတွက် မဲပေးမှုကို အင်ဒိုနီးရှားက ရှောင်ရှားခဲ့သည်။ ထိုစဉ်က ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။
အဆိုပါမဲပေးမှုအပြီးတွင် ဒီမိုကရေစီစနစ်သို့ တက်လှမ်းရေးအတွက် အချက် ခုနစ်ချက်ပါ လမ်းပြမြေပုံအတိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ရန် မြန်မာအား နားချရာတွင် အင်ဒိုနီးရှားနှင့် အခြားအာဆီယံနိုင်ငံများက ဦးဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။ “အခုချိန်မှာ ဘင်္ဂလီပြသနာနဲ့ ပတ်သက်လို့ အာဆီယံတွင်းမှာ ဒီလိုဦးဆောင်မှုပုံစံမျိုး ကျွန်တော်တို့ လိုအပ်နေပါတယ်” ဟု ၎င်းကပြောသည်။
“ကျွန်တော်တို့မှာ နာဂစ်ကိစ္စ၊ ဒီမိုကရေစီနိုင်ငံဖြစ်အောင်လုပ်တဲ့ လုပ်ငန်းစဉ်တွေ ကြုံခဲ့တယ်။ အာဆီယံဟာ မြန်မာနဲ့အတူ အမြဲတမ်း ရှိနေခဲ့တယ်။ ဒီအချိန်ကျမှ ဂိုဏ်းကွဲမှုကို ကျွန်တော်တို့ စမြင်နေရပါတယ်။ ပြီးတော့ တစ်သံတည်းထွက်ဖို့ ကျွန်တော်တို့စွမ်းရည်ကလည်း ဘောင်တစ်ခုအတွက်သာ ကန့်သတ်ထားပါတယ်” ဟု ၎င်းကပြောသည်။