မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာ ကျဆင်းနေဆဲလား

ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းနေတဲ့ ရဲတပ်ဖွဲ့အပေါ်အမြင် ပြန်ကောင်းလာနိုင်ဖို့ မလွယ်လှဘဲ ရဲတပ်ဖွဲ့ရဲ့ ပြုမူပြောဆိုပုံတွေကြောင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ပြန်တက်လာဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြည်ထဲရေးနဲ့ တခြားဝန်ကြီးဌာန တချို့ရဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ ဒုတိယ တစ်နှစ်တာကာလ ဆောင်ရွက်ချက်တွေကို ရှင်းပြပြီး မီဒီယာတွေ မေးတာကို ပြန်ဖြေတဲ့ ပွဲမျိုးပါ။

အဲဒီပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးအတွက် သူတို့ ဘယ်လောက်ဆောင်ရွက်ထားတယ်၊ ဘာတွေ အောင်မြင်တယ်ဆိုပြီး ရှင်းပြတဲ့အချက်တွေကို သတင်းထောက်တွေက သိပ် စိတ်မဝင်စားကြပါဘူး။ သတင်းထောက်တွေ စိတ်ဝင်စားကြတာက ရိုက်တာသတင်းထောက် နှစ်ယောက်ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ် ဆိုတဲ့ကိစ္စ၊ ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ်ဆောင်ရွက်ခဲ့တဲ့ ကိစ္စ၊ ရှေ့နေဦးကိုနီ သေနတ်ပစ် လုပ်ကြံခံရတဲ့ အမှုမှာ နောက်ကွယ်ကနေ အဓိကကြိုးကိုင်သူလို့ ယူဆရတဲ့ အောင်ဝင်းခိုင် ဆိုသူကို ဖမ်းမမိတဲ့ကိစ္စ စတာတွေ ဖြစ်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနဘက်က ရှင်းလင်းတဲ့ ရဲချုပ်အောင်ဝင်းဦးက ဘာတွေ ဖြေခဲ့သလဲ၊ သူ့ရှင်းပြချက်ကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းနေတဲ့ ရဲတပ်ဖွဲ့အပေါ် အမြင် ပြန်ကောင်းလာနိုင်မလားဆိုတာ သုံးသပ်တင်ပြသွားပါ့မယ်။

လက်ရှိ ရဲတပ်ဖွဲ့ကနေ ရိုက်တာသတင်းထောက် နှစ်ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီး၊ တရားစွဲထားတဲ့အမှုမှာ တရားလိုရဲတပ်ဖွဲ့က တင်သွင်းတဲ့ သက်သေတွေထဲက ဒုရဲမှူး မိုးရန်နိုင်က ဝလုံးအပါအဝင် သတင်းထောက် နှစ်ယောက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာ ဖြစ်တဲ့အကြောင်း၊ ဒီလိုထောင်ချောက်ဆင် ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးညွှန်ကြားခဲ့တာကို သူကိုယ်တိုင် ကြားသိရတဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုထားပါတယ်။

အားလုံး ထင်မှတ်မထားရလောက်အောင် တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ရဲ့ အဲလိုထွက်ဆိုချက်ကြောင့် တရားလိုဘက်က ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်သော သက်သေအဖြစ် သတ်မှတ်ပေးဖို့ တရားရုံးတော်ကို လျှောက်ထားသည်အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရားသူကြီးက အဲဒီလျှောက်ထားချက်ကို ပယ်ချခဲ့ပြီး ဒုရဲမှူး မိုးရန်နိုင်ကို တရားရုံးမှာ နောက်ထပ်တစ်ကြိမ် စစ်ဆေးခဲ့ပါသေးတယ်။ အဲဒီတရားရုံးက သတင်းအချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အများပြည်သူရဲ့ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု ထပ်ပြီးကျဆင်းခဲ့တာ တွေ့မြင်ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး သတင်းထောက်က မေးတာကို ရဲချုပ်အောင်ဝင်းဦး ပြန်ဖြေတာက “ထောင်ချောက်ဆင်ဖမ်းဆီးတယ်လို့ ထွက်ဆိုထားတာရှိပါတယ်။ အဲတော့ ထောင်ချောက်ဆင်ဖမ်းဆီးမှု မဆောင်ရွက်ပါဘူး။ မလုပ်ပါဘူး။ လတ်တလော အခြေအနေမှာတော့ ရဲမှူးချုပ် တင်ကိုကို ကို အရေးယူမှု ဆောင်ရွက်ထားတာ မရှိပါဘူး။ သူကလည်း မိုးရန်နိုင် ပြောသလို ထောင်ချောက်ဆင်တဲ့ဇာတ်လမ်းကို အခြေအနေကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး။

လူထုဆန္ဒပြပွဲတွေကို စွမ်းအားရှင်လို ရပ်ကွက်လူမိုက်ဂိုဏ်းတွေသုံးပြီး ဖြိုခွင်းတာ၊ ကျောင်းသားဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းတာ စတာတွေ အများကြီးလုပ်ခဲ့ပြီး အဲဒီခေတ် စီနီယာဝန်ကြီး တစ်ယောက်ကတောင် ခေတ်နဲ့မလျော်ညီတဲ့ လုပ်ရပ်တွေအဖြစ် ဝေဖန်တာ ရှိခဲ့ဖူးပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရင်တော့ ဒီဘက်က သတင်းထောက်ပုဂ္ဂိုလ် နှစ်ဦးကို ရဲမှူးချုပ် တင်ကိုကို တွေ့ဖူးခြင်းလည်း မရှိပါဘူး။ သိထားခြင်းလည်းမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ သူတို့ကို ဥပဒေနဲ့အညီ အမှုရင်ဆိုင်တော့မှ သိတဲ့အခြေအနေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မိုးရန်နိုင်ကို ရဲမှူးချုပ် တင်ကိုကို က ထောင်ချောက်ဆင်ဖမ်းဆီးဖို့ အမိန့် တစ်စုံတရာ မပေးခဲ့ဘူးလို့ ကျွန်တော့်အနေနဲ့ ရှင်းလင်းဖြေကြားလိုပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ရဲချုပ်အောင်ဝင်းဦးရဲ့ ဖြေကြားချက်ဟာ ရဲတပ်ဖွဲ့ကနေ ရိုက်တာသတင်းထောက် နှစ်ယောက်ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အခြေအနေမျိုးကို ပြောင်းပြန်ဖြစ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ရဲမှူးချုပ် တင်ကိုကိုအနေနဲ့ သတင်းထောက် ဝလုံးကို မြင်တွေ့ဖူးတယ်လို့ ဘယ်သူကမှ ပြောဆိုထားတာ မရှိသလို ရဲမှူးချုပ် တင်ကိုကို အမိန့်ပေး စေခိုင်းသူကလည်း ဒုရဲမှူး မိုးရန်နိုင် မဟုတ်တဲ့အတွက် သူ့ရှင်းလင်းစကား ဘာမှထိရောက်မှု မရှိလှပါဘူး။

နောက်ထပ် ရဲချုပ်ဖြေရတဲ့ မေးခွန်းတစ်ခုကတော့ တာမွေက စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေကို ကိုင်တွယ်ပုံပါ။ သူပြောတာက ရဲတပ်ဖွဲ့အနေနဲ့ အသိပေး တင်ပြတာမရှိတဲ့ ဆန္ဒပြပွဲကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄(၁) အရ ဖမ်းဆီးတာ၊ ပုဒ်မ ၁၅၄ အရ အမှုဖွင့် အရေးယူတာ လုပ်ခွင့်ရှိပြီး ဥပဒေအတိုင်း လုပ်ခဲ့တယ်၊ ဖမ်းဆီးရာမှာလည်း အရပ်သားတွေကို စေခိုင်းခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ပုံတွေအရ အရပ်ဝတ်တွေ ပါဝင်နေတာကို စုံစမ်းပြီး ဥပဒေနဲ့ အရေးယူသွားမယ်၊ တန်ပြန်ဆန္ဒပြသူတွေဟာလည်း ဥပဒေနဲ့ မညီတဲ့အတွက် စိစစ်ဆောင်ရွက်မယ်လို့ ဆိုသွားပါတယ်။ တကယ့်လက်တွေ့အခြေအနေအရ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ ပြောဆို၊ အဲဒါကို ဆန္ဒပြသူတွေဘက်က လူစုခွဲပါမယ်လို့ ကတိပေး၊ လူစုခွဲနေချိန်ကျမှ ရဲက အတင်းအကြပ် ဝင်ရောက်လုံးထွေး ဖမ်းဆီးတာ၊ ဖမ်းဆီးတဲ့ဓာတ်ပုံတွေမှာလည်း အရပ်ဝတ်တွေ ပါဝင်တာ ထင်ထင်ရှားရှား မြင်နေရတော့ ရဲတပ်ဖွဲ့အပေါ် အထင်အမြင်မကောင်း ဖြစ်နေမှုကို လျော့ကျမသွားစေခဲ့ပါဘူး။

ပြောရရင် ဒီနေ့ကာလ ရဲတပ်ဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားတွေ၊ အင်န်အယ်လ်ဒီအမတ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းဝင်တွေနဲ့ ပြည်သူတွေက အမြင်မကောင်းကြပါဘူး။ လွယ်လွယ်ပြောရရင် ရဲတပ်ဖွဲ့ဟာ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ရမယ့်အစား တပ်မတော်နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်ပြီးသော်၎င်း ပတ်သက်တဲ့ကိစ္စတွေမှာ အကာအကွယ်ပေးတယ်၊ ဘက်လိုက် ဆောင်ရွက်တယ်ဆိုပြီး ထင်မြင်ယူဆနေကြတာ ဖြစ်ပါတယ်။ ပြောရရင် အခုဆန္ဒပြပွဲလိုကိစ္စမှာ ဆန္ဒပြသူတွေဟာ တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြတယ်လို့ ရဲတပ်ဖွဲ့က ယူဆပြီး ခုလိုကိုင်တွယ်တာမျိုး ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အရင်ဗိုလ်ချုပ်ကြီးဟောင်း ကိုကို ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့စဉ်က ဒီထက်ပိုပြီး နာမည်ပျက်ခဲ့ပါတယ်။ သူ့လက်ထက်မှာပဲ မြန်မာနိုင်ငံတစ်ဝှမ်း ဘာသာရေး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပွား၊ လူတွေသေ၊ ဒဏ်ရာရ၊ နေအိမ်တွေ မီးလောင်၊ လူမျိုးတမျိုးနဲ့ တမျိုး၊ ဘာသာ တခုနဲ့ တခု အမုန်းပွားအောင် ဖန်တီးသူတွေ ခေါင်းထောင်ထနိုင်ခဲ့တာ ဖြစ်ပါတယ်။

လူထုဆန္ဒပြပွဲတွေကို စွမ်းအားရှင်လို ရပ်ကွက်လူမိုက်ဂိုဏ်းတွေသုံးပြီး ဖြိုခွင်းတာ၊ ကျောင်းသားဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းတာ စတာတွေ အများကြီးလုပ်ခဲ့ပြီး အဲဒီခေတ် စီနီယာဝန်ကြီး တစ်ယောက်ကတောင် ခေတ်နဲ့မလျော်ညီတဲ့ လုပ်ရပ်တွေအဖြစ် ဝေဖန်တာ ရှိခဲ့ဖူးပါတယ်။ အခုလက်ရှိ ပြည်ထဲရေးဝန်ကြီး လက်အောက်မှာ ရဲတပ်ဖွဲ့ဟာ နှိုင်းယှဉ်ချက်အရ အဲဒီအချိန်တုန်းကလောက် ဆိုးတယ်လို့ မဆိုနိုင်ပါဘူး။

ဒါပေမဲ့လည်း ရိုက်တာသတင်းထောက် နှစ်ယောက် ထောင်ချောက်ဆင် ဖမ်းဆီးခံရတဲ့ကိစ္စလို၊ လူမြင်ကွင်းမှာ ရှေ့နေဦးကိုနီကို သေနတ်နဲ့ပစ်ခတ် လုပ်ကြံတဲ့ အဖွဲ့ဝင်တွေကို လူငယ်သဘာဝ လုပ်မိကြတာလို့ မှတ်ချက်ပေးတာမျိုးလို၊ လူစုခွဲနေပြီဖြစ်တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို နှိမ်နင်းပြတာမျိုးတွေကြောင့် ပြည်သူလူထုအကြား ဂုဏ်သိက္ခာ ကျဆင်းနေဆဲ အခြေအနေ ဖြစ်နေသေးကြောင်းပါ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar