COVID-19 စတင်ဖြစ်ပွားချိန်တွင် ပုဂ္ဂလိက ပုံနှိပ်နှင့် အွန်လိုင်းသတင်းဌာနများမှာ အခက်အခဲကြုံနေပြီဖြစ်ပြီး ကူးစက်ရောက်ဂါနောက်ဆက်တွဲ စီးပွားရေးထိခိုက်မှုများမှ မီဒီယာအဖွဲ့အစည်းအချို့ ပြန်လည်ဦးမော့လာဖွယ်မရှိချေ။
နော်ဘတ်တီဟန်
COVID-19 ဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းတို့ကြောင့် သတင်းမီဒီယာအဖွဲ့အစည်းများသည် ကြော်ငြာဝင်ငွေနည်းပါးခြင်း၊ သတင်းအရင်းအမြစ်များအား တွေ့ဆုံမေးမြန်းခွင့်ရရှိရန် ကြိုးပမ်းရာတွင် အခက်အခဲရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်စည်းမျဉ်းများနှင့်ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် သတင်းရယူရန်ခက်ခဲခြင်းတို့ရှိခဲ့ရာ ကြီးမားသော စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
စာဖတ်သူများ အွန်လိုင်းအသုံးပြုမှုပိုမိုများပြားလာသောကြောင့် ငွေကြေးအခက်အခဲကြုံနေသည်မှာ ဆယ်စုနှစ်တစ်စုကျော်ပြီဖြစ်သည့် ကမ္ဘာတစ်ဝန်းရှိ သတင်းမီဒီယာလုပ်ငန်းသည် ကူးစက်ရောဂါကြောင့် တစ်ပူပေါ်တစ်ပူဆင့်ခဲ့ရပြီဖြစ်သည်။ မြန်မာနိုင်ငံရှိ သတင်းမီဒီယာလုပ်ငန်းများသည်လည်း အဆိုပါလှိုင်းဒဏ်ခံခဲ့ရသည်။
ကူးစက်ရောဂါသက်ရောက်မှုကြောင့် ကြော်ငြာရရှိမှုရပ်ဆိုင်းခြင်းသည် သတင်းမီဒီယာအဖွဲ့အစည်းတချို့အပေါ် ဆိုးရွားသော သက်ရောက်မှုများရှိခဲ့သည်။ သတင်းတိုက်တချို့ဝန်ထမ်းအင်အားလျှော့ချခဲ့ရကာ တချို့လည်းလစာဖြတ်တောက်ခဲ့ရသည်။ တချို့သည်လည်း လုပ်ငန်းပိတ်သိမ်းခဲ့ရသည်အထိဖြစ်ကာ တချို့သည်လည်း ပိတ်သိမ်းလုနီးဖြစ်နေပြီဖြစ်သည်။
သတင်းမီဒီယာအဖွဲ့အစည်းများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို အထိန်းအထေပြုသည့် စတုတ္ထမဏ္ဍိုင်ဟူသော ဒီမိုကရေစီစနစ်၏ထောက်တိုင်တာဝန်ကို COVID-19 ကြောင့် ဖြည့်ဆည်းရန်ခက်ခဲတော့မည်ကို လွတ်လပ်သော မီဒီယာကိုတန်ဖိုးထားသူများနှင့် မီဒီယာသမားများကိုယ်တိုင် အကြီးအကျယ်စိုးရိမ်ခဲ့ကြသည်။
COVID-19 ကြောင့် သတင်းမီဒီယာလုပ်ငန်း အကြီးအကျယ်ထိခိုက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က မေ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြောသည်။
“COVID-19 မုန်တိုင်းကြောင့်ဖြစ်တဲ့ ရေကြီးရေလျှံမှုထဲမှာ ဂျာနယ်လစ်နဲ့ မီဒီယာတွေ မျောပါနေကြပြီ”ဟု ဦးအုန်းကြိုင်က ပြောသည်။
Myanmar Tiimes ရုံးခန်းဟောင်း၏ဝင်ပေါက်ကို တွေ့ရစဉ်။ Myanmar Tiimes သည် မကြာသေးမီတွင် စမ်းချောင်းရှိ ရုံးခန်းသစ်သို့ ပြောင်းသွားပြီဖြစ်သည်။ဓာတ်ပုံ-စတိဗ် တစ်ခ်နာ
ပိတ်သိမ်းမှုနှင့် ဝန်ထမ်းအင်အားလျှော့ချမှုများ
ကူးစက်ရောဂါကြောင့် ထိခိုက်မှုရှိသည့် မီဒီယာအဖွဲ့အစည်းများတွင် နာမည်အကြီးဆုံးမှာ The Myanmar Times ကို ထုတ်ဝေနေသည့် Myanmar Consolidated Media Co Ltd ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ကုမ္ပဏီသည် မြန်မာဘာသာဖြင့်အပတ်စဉ်ထုတ်ဝေသောဂျာနယ်ကို ပိတ်သိမ်းပြီး ဝန်ထမ်း ၄၅ ဦးကို အလုပ်မှ အနားပေးရန် မကြာသေးမီက ဆုံးဖြတ်ခဲ့သည်။
မြန်မာဘာသာထုတ် နေ့စဉ်သတင်းစာနှင့် အင်္ဂလိပ်ဘာသာထုတ် အပတ်စဉ်ဂျာနယ်တို့ကိုမူ ဆက်လက်ထုတ်ဝေနေဆဲဖြစ်သည်။ သို့သော် ကျန်ရှိသော ဝန်ထမ်း ၄၁ ဦး၏အနာဂတ်မှာ မသေချာသေးသလို အလားအလာမကောင်းမွန်လှကြောင်း ကုမ္ပဏီအဆင့်မြင့်အရာရှိများကပြောသည်။
COVID-19 ကြောင့် ကြော်ငြာရရှိမှု ၉၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အရောင်းဌာနအတွက် ငွေကောက်ယူရာတွင် အခက်အခဲရှိခဲ့ကြောင်း MCM ၏အမှုဆောင်အရာရှိချုပ် ဦးဝေလင်း က ပြောသည်။
အခြေအနေဆိုးရွားလွန်းသောကြောင့် ကုမ္ပဏီသည် ဝန်ထမ်း ၃၆၇ ဦးကို အလုပ်မှ ယာယီအနားပေးရန် အထိစဉ်းစားခဲ့ကြောင်း ဦးဝေလင်းကပြောသည်။
“အဲ့ဒီ Pay role က ဒီ Income နဲ့က အဆင်မပြေတော့ လိုငွေတွေအများကြီးလတိုင်းဖြစ်နေတဲ့သဘောရှိပါတယ်။ “၎င်းက ပြောသည်။
နောက်ပိုင်းတွင် ယင်းဝန်ထမ်းလေးပုံတစ်ပုံခန့်၏လစာကိုသာ ဖြတ်တောက်ခဲ့သည်။
သတင်းထောက်နှင့် အယ်ဒီတာများပါဝင်သည့် ဝန်ထမ်း ၈၆ ဦးကို မေ ၁ ရက်မှစ၍ အလုပ်တာဝန်မှ ခေတ္တရပ်ဆိုင်းပြီး မေလ အတွက် လစာကို ထက်ဝက်ပေးကာ ဇွန်တွင် လစာပေးမည်မဟုတ်ကြောင်း MCM က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသုံစရိတ်လျှော့ချနိုင်နှင့် The Myanmar Times ဆက်လက်အသက်ဆက်နိုင်ရန် အကောင်းဆုံးကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဦးဝေလင်းက Frontier ကိုပြောသည်။
“အမှန်တော့ လိုငွေက ကိုဗစ်ကာလ တစ်လနှစ်လမှာပိုပြီးဆိုးဆိုးဝါးဝါးလိုတာ ဆိုပေမဲ့ ကိုဗစ်မတိုင်ခင်ကလည်းပဲ အဲ့လိုပဲ လတိုင်း လိုငွေတွေရှိနေတာပါပဲ။” ဦးဝေလင်းက ဆက်လက်ပြောသည်။
The Myanmar Times မှ ဝန်ထမ်းများသည် ကုမ္ပဏီ၏လုပ်ရပ်နှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သည်။ တိုင်ကြားမှုပြီးနောက် ကျောက်တံတားမြို့နယ် အလုပ်သမားရုံးတွင် လေးကြိမ်ဆွေးနွေးမှုရှိခဲ့ပြီး ဆွေးနွေးမှုများတွင် ကုမ္ပဏီဘက်မှလူသားအရင်းအမြစ်မန်နေဂျာ၊ ကျောက်တံတားမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလုပ်တာဝန်မှ ရပ်ဆိုင်းခံရသည့် ဝန်ထမ်းများတက်ရောက်ခဲ့သည်။
ကုမ္ပဏီသည် ဝန်ထမ်း ၄၅ ဦးကို အလုပ်မှရပ်ဆိုင်းပြီး ကျန်ရှိသော ဝန်ထမ်း ၄၁ ဦးသည် ၎င်းတို့၏ကံကြမ္မာနှင့်ပတ်သက်၍ ဇွန်လကုန်တွင် သိရှိရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ အလုပ်အကိုင်ဆုံးရှုံးခဲ့ပြီးသူများသည် နစ်နာကြေးအဖြစ် ကျပ် သန်း ၁၀၀ ကျော်ရရှိမည်ဖြစ်ကြောင်း ကျောက်တံတားအလုပ်သမားရုံး၏ပြောခွင့်ရှိသူ ဦးထူးချစ်ကပြောဆိုခဲ့သည်။
“ဝန်ထမ်း ၄၅ ဦး ကိုယ်စား အောင်အောင်မြင်မြင် စေ့စပ်ဆွေးနွေးနိုင်ခဲ့ပါတယ်၊ ဇွန်မှ ပြန်အလုပ်ခန့်မခံရရင်လည်း အဲ့ဒီလူတွေကိုယ်စားဆွေးနွေးပြီး နစ်နာကြေးတောင်းပေးဦးမှာပါ”ဟု ဦးထူးချစ်ကပြောဆိုခဲ့သည်။
The Irrawaddy သတင်းဌာနကလည်း ဝန်ထမ်းအင်အားကို လျှော့ချခဲ့သည်။ ဧပြီတွင် ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်းလျှော့ချခဲ့ကြောင်း The Irrawaddy သတင်းဌာနမှ မကြာသေးမီတွင် ထုတ်ပယ်ခံခဲ့ရသည့် သတင်းသမားတစ်ဦးကပြောဆိုခဲ့သည်။ သတင်းဌာနမှ မြန်မာပိုင်း တာဝန်ခံအယ်ဒီတာ ဦးရဲနည်က Frontier ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမပြုခဲ့ချေ။
The Voice Daily သည်လည်း အဖွဲ့ဝင် ၁၅ ဦးပါဝင်သော သတင်းခန်းလူအင်အားကို ဆက်လက်ထားရှိသော်လည်း ၎င်းသည် ဧပြီ သို့မဟုတ် မေအတွက် လစာရရှိခြင်းမရှိကြောင်း အယ်ဒီတာ ကိုစိုပြေ က ပြောသည်။ ရရန်ရှိသည့် ငွေများကို ဇွန်လ ဒုတိယအပတ်တွင်ရရှိမည်ဖြစ်ကြောင်း The Voice Daily ပိုင်ရှင် Living Color Media က ဝန်ထမ်းများအား အသိပေးခဲ့သည်ဟု ကိုစိုပြေကပြောသည်။
“ကုမ္ပဏီဟာ ငွေကြေးအကြပ်အတည်းကြုံနေတာကြာပါပြီ၊ ပြဿနာက မတ်လကတည်းက ကြော်ငြာလုံးဝမရတော့တာပါပဲ၊ ဝန်ထမ်းအင်အားလျှော့ဖို့မရှိပေမယ့် လစာတွေလျှော့ဖို့တော့ရှိပါတယ်” ဟု ၎င်းကပြောဆိုခဲ့သည်။
မီဒီယာကုမ္ပဏီကြီးများသာ ယင်းကဲ့သို့ အခက်အခဲကြုံနေရသည်မဟုတ်ချေ။ အွန်လိုင်းအခြေစိုက် မီဒီယာများသည်လည်း COVID-19 ၏ဆိုးကျိုးများကိုခံစားရပြီး ဝန်ထမ်းအင်အားလျှော့ချခြင်းနှင့် ပိတ်သိမ်းခြင်းတို့ကိုပြုလုပ်နေရသည်။
နောက်ဆုံးရပ်ဆိုင်းခဲ့သည့် မီဒီယာမှာ ရန်ကုန်အခြေစိုက် မြန်မာဘာသာဖြင့်တင်ဆက်သော အကုန်သိ သတင်းမီဒီယာလုပ်ငန်းဖြစ်သည်။
နှစ်ရက်အတွင်း ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း အကုန်သိကိုပိုင်ဆိုင်သည့် ကုမ္ပဏီ Myanmar Digital Service က ဝန်ထမ်းများအား ဧပြီ ၂၉ ရက်တွင် အသိပေးခဲ့ကြောင်း သတင်းဌာန၏အယ်ဒီတာဟောင်း ကိုမျိုးသူအောင်က ပြောဆိုခဲ့သည်။
“ငွေကြေးအခြေအနေကြောင့် လုပ်ငန်းကို ပိတ်သိမ်းပြီး အလုပ်အကိုင်ဆုံးရှုံးရမယ်ဆိုတာကို ကျွန်တော်တို့ကို အသိပေးခဲ့တဲ့ ဧပြီ ၂၉ ရက် မတိုင်မီက မသိခဲ့ကြပါဘူး” ဟု ကိုမျိုးသူအောင်က Frontier သို့ပြောဆိုခဲ့သည်။
သတင်းဌာနတွင် သတင်းထောက်နှင့် အယ်ဒီတာများအပါအဝင် ဝန်ထမ်း ၄၀ ကျော်ကိုခန့်ထားခဲ့သည်။
အကုန်သိပိုင်ရှင်များနှင့် ဝန်ထမ်းများသည် နစ်နာကြေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုအချို့ရခဲ့သည်။
မီဒီယာအဖွဲ့အစည်းအားလုံး အလားတူအခြေအနေနှင့် ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အထွေထွေအတွင်းရေးမှူး ကိုကျော်စွာမင်းကပြောဆိုခဲ့သည်။
ကောင်စီသည် ပိတ်သိမ်းသည့် မီဒီယာအဖွဲ့အစည်းနှင့် အလုပ်အကိုင်မဲ့သော သတင်းသမားများဦးရေ အပြည့်အစုံကိုမရရှိသေးသော်လည်း မကြာသေးမီတွင် တည်ထောင်ခဲ့သည့် ရန်ပုံငွေအရ သတင်းမီဒီယာသမား ၁၄၂ ဦးတို့အား စားနပ်ရိက္ခာအကူအညီပေးခဲ့ပြီးဖြစ်ကြောင်း ကိုကျော်စွာမင်းကပြောဆိုခဲ့သည်။ သတင်းမီဒီယာသမား ၃၀၀ အား အကူအညီပေးရန် ရန်ပုံငွေသတ်မှတ်ထားကြောင်း ၎င်းကပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံမှာ COVID-19 စတင်ဖြစ်တဲ့အချိန်မှာပဲ သတင်းမီဒီယာသမားတွေကို ဘယ်လိုကူညီရန်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်ခဲ့ပါတယ်၊ အလုပ်အကိုင်ဆုံးရှုံးခဲ့တဲ့ သတင်းမီဒီယာသမားတွေ စားနပ်ရိက္ခာအကူအညီလျှောက်ထားဖို့လည်း ထုတ်ပြန်ခဲ့ပါသေးတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
နိုင်ငံပိုင်မီဒီယာသည် COVID-19 ဒဏ်ကိုခံရသော်လည်း ဝန်ထမ်းတစ်ဦးတစ်ယောက်မှ အလုပ်အကိုင်ဆုံးရှုံးခြင်းမရှိခဲ့ချေ။ဓာတ်ပုံ- တေဇလှိုင်
ရှေ့သို့
ကျန်ရစ်သည့် သတင်းမီဒီယာအဖွဲ့အစည်းများကလည်း ပုံနှိပ်နှင့် အင်တာနက်ကြော်ငြာရရှိမှုကိုအားမကိုးဘဲ အခြားနည်းလမ်းများကို ရှာဖွေခဲ့ကြသည်။ COVID-19သည် မီဒီယာများအတွက် အကျပ်အတည်းကိုဖန်တီးခဲ့ပြီး ကြော်ငြာဝင်ငွေနှင့် စောင်ရေရောင်းအားမှ ရငွေတို့ထိုးကျသွားခဲ့ကြောင်း 7Day News Journal အယ်ဒီတာချုပ် ကိုအားမာန်ကပြောသည်။
သို့သော် ကုမ္ပဏီသည် လစာဖြတ်တောက်ရန်နှင့် ဝန်ထမ်းအင်အားလျှော့ချရန် အစီအစဉ်မရှိကြောင်း ကိုအားမာန်ကပြောသည်။ 7Day News သည် မိုဘိုင်းအော်ပရေတာများနှင့် ပူးပေါင်းပြီး အသုံးပြုသူများထံသို့ သတင်းထူးများနှင့်ပတ်သက်၍ အက်စ်အမ်အက်စ်မက်ဆေ့ဂျ်များပေးပို့နေပြီး အမြတ်ငွေကို မီဒီယာအဖွဲ့အစည်းနှင့် အော်ပရေတာကြား ခွဲဝေယူကာ သတင်းခန်းကုန်ကျစရိတ်ကာမိအောင် လုပ်ဆောင်ကြောင်း ကိုအားမာန်ကပြောဆိုခဲ့သည်။
လက်ရှိကြုံနေရသည့် အခက်အခဲများကြားမှာ ကြိုးစားလုပ်ဆောင်ရခြင်းက အနာဂါတ်တွင် သမိုင်းဖြစ်လာမှာမို့ သတင်းထောက်နှင့်အယ်ဒီတာများ စိတ်ဓါတ်မကျဘဲ အားထုတ်ကြိုးပမ်းကြဖို့ မှာကြားထားကြောင်း ၎င်းက ပြောသည်။
Frontier Myanmar သည်လည်း COVID-19 ၏ဆိုးကျိုးများကို ခံစားခဲ့ရသည်။ Frontier သည် membership ၊ ဖြန့်ချိရေးနှင့် ရောင်းအားတို့မှတစ်ဆင့် ကြော်ငြာရရှိငွေနည်းပါးမှုကြောင့် ထိခိုက်ခဲ့သလို Black Knight Media လက်အောက်ရှိ ကြော်ငြာဆက်သွယ်ရေးလုပ်ငန်းသည်လည်း အလားတူထိခိုက်ခဲ့ရသည်။
ကူးစက်ရောဂါကြောင့် Black Knight Agency ၏ စီမံကိန်းအများစုကို ဖေဖော်ဝါရီနှင့် မတ်တို့တွင် ဖျက်သိမ်းခဲ့ရသည်။ ဖြန့်ချိရေးအခက်အခဲများနှင့် ဝန်ထမ်းများ၏လုံခြုံရေးတို့ကြောင့် Frontier သည် ပုံနှိပ်ထုတ်ဝေမှုကို ရပ်ဆိုင်းခဲ့ရသည်။
လစာများသော ဝန်ထမ်းများအား လစာဖြတ်တောက်ခြင်းအပါအဝင် ကုန်ကျစရိတ်လျှော့ချနိုင်ရန် ကြိုးပမ်းခဲ့ရကြောင်း ထုတ်ဝေသူဖြစ်သလို အမှုဆောင်အရာရှိချုပ်လည်းဖြစ်သည့် ဦးဆန်နီဆွေကပြောဆိုခဲ့သည်။
ယာယီဝင်ငွေရှိစေရန်အတွက် member သစ်များကိုရှာဖွေခဲ့ရသလို ဂူဂဲနှင့် လက်ရှိလုပ်ငန်းလက်တွဲဖော်ဖြစ်သလို Doh Athan podcast ထုတ်လုပ်နေသည့် Fondation Hirondelle ထံမှ COVID-19 ဆိုင်ရာသတင်းရယူမှုအတွက် အရေးပေါ်ရန်ပုံငွေလျှောက်ထားမှုများကို ပြုလုပ်ခဲ့ရသည်။
ယင်းကဲ့သို့ လုပ်ဆောင်မှုများကြောင့် Frontier သည် သတင်းခန်းအင်အားကို ယခင်အတိုင်းဆက်လက်ထားရှိနိုင်ခဲ့ပြီး မကြာမီတွင် ယခင်ပေးနေသည့် လစာကိုပြန်ပေးနိုင်တော့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ကူးစက်ရောဂါအကျပ်အတည်းကြောင့် ကြော်ငြာဝင်ငွေအပေါ် အလုံးစုံမှီခိုနေခြင်း၏ဆိုးကျိုးမှာ ထင်သာမြင်သာရှိခဲ့ကြောင်း ဦးဆန်နီဆွေကပြောသည်။ Frontier က ဇန်နဝါရီတွင် စတင်ခဲ့သည့် membership အစီအစဉ်မှတစ်ဆင့် စာဖတ်သူအခြေပြုပုံစံသို့ ပြောင်းလဲခြင်းသည် အခြေအနေအချိန်အခါနှင့် ကိုက်ညီနေသည်။
“တကယ်ကို စိန်ခေါ်မှုကြီးတွေရှိနေဆဲပါပဲ၊ ဒါပေမဲ့ ရှေ့ဆက်နိုင်ဖို့ လမ်းကိုမြင်နေရပါပြီ” ဟု ၎င်းကပြောသည်။
COVID-19 က လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်းများအပေါ် ဆိုးရွားသောသက်ရောက်မှုကြောင့် သတင်းမီဒီယာလုပ်ငန်းအပေါ် ကောက်ခံနေသည့် အခွန်များကို လျှော့ချပြီး ငွေကြေးအရ သက်သာခွင့်ပေးများပေးရန် သတင်းမီဒီယာသမားများက အစိုးရအား တောင်းဆိုခဲ့ကြသည်။
COVID-19 မတိုင်မီကပင် ထုတ်ဝေသူများနှင့် ပုဂ္ဂလိကမီဒီယာအဖွဲ့အစည်းများမှ သတင်းမီဒီယာသမားများက အစိုးရက နိုင်ငံပိုင်သတင်းစာများသို့ ဆက်လက်ထောက်ပံ့မှုများပြုနေမှုနှင့်ပတ်သက်၍ မကျေမနပ်ပြောဆိုခဲ့ကြပြီးဖြစ်သည်။ နိုင်ငံပိုင်သတင်းစာများသို့ အစိုးရက အကူအညီပေးမှုကြောင့် ပုဂ္ဂလိကမီဒီယာကဏ္ဍဖွံ့ဖြိုးမှုထိခိုက်ခဲ့ရကြောင်း ၎င်းတု့ိကပြောသည်။
“နိုင်ငံခေါင်းဆောင်တွေက အခြားကဏ္ဍတွေကို အကူအညီပေးနေပြီး မီဒီယာတွေကို အကူအညီမပေးတာကို မြင်နေရတယ်၊ ဒုက္ခရောက်တော့မယ် မီဒီယာကို ကယ်တင်ဖို့ ဘယ်သူမှ သတိမရကြဘူး” ဟု ဦးအုန်းကြိုင်က ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့အခမ်းအနားတွင်ပြောဆိုခဲ့သည်။
COVID-19 ကြောင့် မီဒီယာသမားများ အထူးသဖြင့် သတင်းသမားများ အလုပ်အကိုင်ဆုံးရှုံးရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ရိုက်တာမှသတင်းသမားဟောင်းတစ်ဦးဖြစ်သလို ပြန်ကြားရေး ဒုတိယဝန်ကြီးလည်းဖြစ်သည့် ဦးအောင်လှထွန်းကပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မှုရှိခဲ့သည့် ရုပ်သံနှင့် ရေဒီယိုအသံလွှင့်ဌာနများကို အကူအညီပေးရန် အစီအစဉ်ရှိသော်လည်း အခြားပုဂ္ဂလိကမီဒီယာများအား ကူညီရန် အစီအစဉ်မရှိကြောင်း ဦးအောင်လှထွန်းကပြောဆိုခဲ့သည်။
နိုင်ငံပိုင်မီဒီယာသည်လည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိခဲ့သော်လည်း ဝန်ထမ်းအင်အားလျှော့ချရန်မရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။
“ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုပြီး ရုပ်သံနှင့် အက်ဖ်အမ်ရေဒီယိုအသံလွှင့်လုပ်ငန်းလုပ်ဆောင်နေတဲ့ ပုဂ္ဂလိကမီဒီယာအဖွဲ့အစည်းတစ်ဒါဇင်လောက်ရှိပါတယ်၊သူတို့ရဲ့တောင်းဆိုမှုအရ သူတို့ကို ထောက်ပံ့ပေးဖို့ ငွေကြေးရရှိရေးတောင်းဆိုထားပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အခြားပုဂ္ဂလိကမီဒီယာလုပ်ငန်းများနှင့် သတင်းမီဒီယာသမားများအား တိုက်ရိုက်အကူအညီပေးရန် ဝန်ကြီးဌာနတွင် လုပ်ပိုင်ခွင့်ရှိမနေကြောင်း ဦးအောင်လှထွန်းကပြောသည်။