မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရမှု သိသိသာသာ လျော့ကျ

မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချမှု (Business Confidence) သည် ယခင်နှစ်ကထက် ၂၄ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်ဟု စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ယမန်နှစ်က ၇၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၄၉ ရာခိုင်နှုန်းသို့ သိသိသာသာ လျော့ကျသွားခြင်း ဖြစ်သည်။

ထိုသို့လျော့ကျသွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ စီးပွားရေးဆိုင်ရာမူဝါဒနှင့် စီမံကိန်း ရှင်းလင်း ပြတ်သားမှု မရှိခြင်းကြောင့်ဖြစ်သည်ဟု စစ်တမ်းဖြေကြားခဲ့သော ကုမ္ပဏီများ ၇၇ ရာခိုင်နှုန်းက ပြောကြားကြသည်။ သို့သော်လည်း ကုမ္ပဏီများ၏ ၈၈ ရာခိုင်နှုန်းက မြန်မာနိုင်ငံ၏ ကာလလတ်နှင့် ကာလရှည် အနာဂတ်အပေါ် အပြုသဘောဆောင် အကောင်းမြင်နေကြသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ရိုလင်ဘာဂျာတို့က ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပူးပေါင်းလေ့လာထားခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာတွင် ရိုလင်ဘာဂျာက မြန်မာ့စီးပွားရေးလုပ်ငန်းဆိုင်ရာ စစ်တမ်းကို ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သည်။ ထိုစစ်တမ်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှပ်နှံသူတို့၏ ခိုင်မာသော အကောင်းမြင် သဘောထားများအား ဖော်ပြထားသည်။

ယခု ဒုတိယအကြိမ် စစ်တမ်းရလာဒ်များတွင်မူ စီးပွားရေးလုပ်ငန်းများ၏ ကာလတို ယုံကြည်မှု  ကျဆင်းသွားခြင်းကို ဖော်ပြနေသည်။ နောင်လာမည့် ၁၂ လအတွင်း လုပ်ငန်းများ လျှင်မြန်စွာ တိုးတက်လာနိုင်ကြောင်း လုပ်ငန်းရှင် ၄၉ ရာခိုင်နှုန်းကသာ ထင်မြင်ထားကြတော့သည်။ ပြီးခဲ့သည့်နှစ်ကမူ ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီပေါင်းများစွာသည် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည့်အနက် ပင်မအခက်အခဲကြီးလေးခုမှာ ကျွမ်းကျင်လုပ်သား ရှားပါးခြင်း၊ အစိုးရ၏ ပြတ်သားသော စီးပွားရေးဆိုင်ရာ မူဝါဒများ မရှိခြင်း၊ မမျှော်မှန်းနိုင်သော ဥပဒေ၊ နည်းဥပဒေ ချမှတ်လာနိုင်သည့် အခြေအနေရှိနေခြင်းနှင့် မမျှော်လင့်နိုင်သောနှင့် ရွေးချယ်ဆောင်ရွက်သော လုပ်ထုံးလုပ်နည်းများ ချမှတ်ဖော်ဆောင်ခြင်းတို့ ဖြစ်ကြသည်။

“ကုမ္ပဏီများအနေနဲ့ အစိုးရရဲ့ စီးပွားရေးမူဝါဒဆိုင်ရာ ကောင်းမွန်သော လုပ်ဆောင်ချက်တွေကို သတိထားမိကြပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ အစိုးရကထုတ်ပြန်လိုက်တဲ့ စီးပွားရေးဆိုင်ရာ လမ်းညွှန်ချက် ၁၂ ချက်ဟာဆိုရင် ဥပမာကောင်းတစ်ခုပဲဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း ဝန်ကြီးဌာနများစွာတို့က မိမိတို့နဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် အနေအထားအချို့ကို ပိုမိုရှင်းလင်းအောင် ရုတ်ချည်းဆောင်ရွက်ခဲ့ကြတယ်” ဟု ရိုလင်ဘာဂျာ၏ အရှေ့တောင်အာရှ အုပ်ချုပ်မှုမိတ်ဖက်ဖြစ်သည့် သောမတ်ကလော့ဇ်က ပြောကြားသည်။

သို့သော် “ပုဂ္ဂလိကကဏ္ဍဘက်မှ လိုလားနေပေမယ့် ယခုအချိန်အထိ မရှိသေးတာကတော့ ငွေကြေးဝန်ဆောင်မှု၊ လျှပ်စစ်နှင့် စွမ်းအင်၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ထုတ်ကုန်ထုတ်လုပ်ရေးစတဲ့ အဓိကကျတဲ့ကဏ္ဍများတွေမှာ တိကျရှင်းလင်းပြီး ရှေ့နောက် ညီညွတ်မှုရှိတဲ့ ကဏ္ဍအလိုက် မူဝါဒများပါဝင်တဲ့ ဦးတည်ချက်တွေ၊ လုပ်ကိုင်မှုအချိန်ဇယားနဲ့ လျှင်မြန်စွာ လုပ်ဆောင်မှုအပါအဝင် စီးပွားရေးကဏ္ဍကြီး တစ်ခုလုံးပြောင်းလဲမှု လမ်းစဉ်များကို ရှင်းလင်း တင်ပြပေးခြင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အထက်ပါ အကြောင်းအရာများအား ထောက်ပြ ဖော်ထုတ်တင်ပြနေကြပါတယ်။ ဒါပေမယ့်လည်း ပုဂ္ဂလိကပိုင်ကဏ္ဍအနေနဲ့ အစိုးရရဲ့ လုပ်ဆောင်မယ့် အစီအစဉ်တွေကို ယခုထက်ပို၍ တိတိကျကျဖော်ပြပေးရန် မျှော်လင့်လျှက်ရှိကြပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကာလတိုစိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်တိုင် ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ ကာလလတ်နှင့် ကာလရှည် စီးပွားရေး အလားအလာများအပေါ် ဆက်လက်ယုံကြည်နေကြဆဲဖြစ်သည်ဟု စစ်တမ်းအရ သိရသည်။

ပြည်တွင်းလုပ်ငန်းရှင် ၉၃ ရာခိုင်နှုန်းသည် မြန်မာ့ရေရှည်အလားအလာများအပေါ် အကောင်းမြင်သူများနှင့် အလွန် အကောင်းမြင်နေသူများဖြစ်ကြသည်။ နိုင်ငံတကာ ကုမ္ပဏီများမှာမူ ပြည်တွင်းလုပ်ငန်းရှင်များထက် ကာလရှည် ယုံကြည်မှု ပိုနည်းသော်လည်း ၈၂ ရာခိုင်နှုန်းက ယုံကြည်နေကြသဖြင့် ယုံကြည်မှု မြင့်မားဆဲဖြစ်သည်ကို ပြသနေသည်။

“ရေရှည်တည်တံ့တဲ့ အရှိန်အဟုန်ကောင်းတဲ့ စီးပွားရေးဖွံ့ဖြိုးမှုလာမှုဟာ ကျန်းမာရေး၊ ပညာရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု အစရှိတဲ့အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ ယုံကြည်နေပါတယ်။ ဒါကြောင့် ပိုမိုလျှင်မြန်စွာဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရရဲ့ ၂၀၁၈ ခုနှစ် စီးပွားရေးလုပ်ငန်းစဉ်အတွက် ဆောင်ပုဒ်တစ်ခုဖြစ်လာနိုင်ကြောင်း မျှော်လင့်ရပါတယ်” ဟု မစ္စတာ ကလော့ဇ်က ပြောကြားသည်။

ရိုလင်ဘာဂျာသည် ၁၉၆၇ ခုနှစ်က တည်ထောင်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းကြီးဖြစ်ပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် အောင်မြင်သောလုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး အစိုးရ၏ အဓိကစီမံကိန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းနှစ်ခုစလုံးနှင့် ပူးတွဲလုပ်ဆောင်သည့် တစ်ခုတည်းသော အကြံပေးအဖွဲ့ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.