နေပြည်တော် အများသဘောတူညီချက်ကို NLD အစိုးရ ဖြိုဖျက်နိုင်ပါ့မလား

စစ်အုပ်ချုပ်ရေးအောက်တွင် မြန်မာနိုင်ငံသည် စစ်ဝါဒနှင့် ခရိုနီဝါဒ (အပေါင်းအသင်း ကောင်းစားရေးဝါဒ) ကို ပေါင်းစပ်ထားသော စနစ်တစ်ခု ပေါ်ပေါက်ဖြစ်ထွန်းလာခဲ့သည်။ ရလဒ်က မြန်မာ့စီးပွားရေးတွင် အကျင့်ပျက်ချစားမှုနှင့် အငှားရှာဖွေမှုတို့ ကြီးစိုးသွားခဲ့ခြင်းပင်ဖြစ်သည်။

နိုင်ကိုကို ရေးသားသည်။

မကြာသေးမီကာလအတွင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ခဲ့သော်လည်း မြန်မာ့စီးပွားရေးမှာ မထိရောက်ဘဲ အလေအလွင့်များခြင်း၊ ဈေးကွက်အခြေပြု ယှဉ်ပြိုင်မှုမရှိခြင်း၊ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့ပြီး တရားမဝင်သော လုပ်ပုံကိုင်ပုံများ ရှိခြင်း၊ လူနည်းစုအုပ်ချုပ်သူ လူတန်းစားတစ်စုက လက်ဝါးကြီးအုပ်ထားခြင်းတို့သာ လွှမ်းမိုးနေခဲ့သည်။ ယုံကြည်မှုနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ပိုင်းခြားမှု ကင်းမဲ့မှုတို့ကြောင့် စီးပွားရေးအသိုင်းအဝိုင်း၏ ပြုမူပုံတို့မှာ အငှားရှာဖွေမှုနှင့် ခရိုနီဝါဒအပေါ်တွင်သာ အဓိက အခြေခံနေတော့သည်။

စစ်အုပ်ချုပ်ရေးအောက်တွင် (နေပြည်တော် အများသဘောတူညီချက်) ဟု ခေါ်ခေါ်၊ သို့မဟုတ် (မြန်မာ့အရင်းရှင် လမ်းစဉ် Burmese way to Capitalism) ဟုခေါ်ခေါ် ထိုစနစ်သာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည်။ ထိုစနစ်မှာ ခရိုနီဝါဒနှင့် စစ်ဝါဒ ပေါင်းစပ်ထားခြင်းပင် ဖြစ်သည်။ သို့ဖြစ်လေရာ ယုံကြည်မှု။ သိက္ခာသမာဓိ၊ ပညာရပ်ကျွမ်းကျင်ပိုင်နိုင်မှု၊ ကိုယ်ကျင့်တရား၊ စည်းမျဉ်းစည်းကမ်းနှင့် ထက်မြက်သော ဌာနအဖွဲ့များအပေါ် အခြေခံသော အရင်းရှင်စနစ်တစ်ခု ဖြစ်ထွန်းမလာဘဲ အကျင့်ပျက်ခြစားသော၊ အငှားရှာသော စနစ်ဆိုး၊ စနစ်ယုတ်သာ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သည်။

အများသဘောတူညီချက်မှာ စာရွက်ပေါ် ရေးမထားသော သဘောတူညီချက်၊ လုပ်ထုံးလုပ်နည်းတစ်ခုပင် ဖြစ်သည်။ ဤနေရာတွင် ဗိုလ်ချုပ်များနှင့် ခရိုနီများက သူတို့၏ ကြွယ်ဝမှုနှင့် သြဇာအာဏာကို ကာကွယ်ရန်နှင့် NLD အစိုးရတက်လာပြီး နောက်ပိုင်းမှာပင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအပေါ် ၎င်းတို့၏သြဇာကို ဆက်လက် ထိန်းချုပ်ထားနိုင်ရန် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ နေပြည်တော် သဘောတူညီချက်သည် အခြေခံအကြောင်းရင်းခံ အချို့၏ ရလဒ်ပင်ဖြစ်သည်။ စည်းမျဉ်းစည်းကမ်း အားနည်းခြင်း ၊ ခေတ်မမီ အသုံးမပြုတော့သော ဥပဒေနှင့် စည်းမျဉ်းမူဘောင် ဖြစ်ခြင်း၊ အနောက်တိုင်း၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ရှောင်ရှားလိုခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စည်းမျဉ်းများကို ရှောင်ရှားလိုခြင်း၊ ခုခံကာကွယ်လိုသော နိုင်ငံခြားရေးဝါဒကြောင့် ရင်းနှီးမြုပ်နှံမှုနှင့် အကာအကွယ်ပေးမှုအတွက် တရုတ်ပြည်ကို မှီခိုအားထားနေရခြင်းတို့မှ ပေါက်ဖွားလာသော ရလဒ်ပင်ဖြစ်သည်။

၂ဝ၁၁ ခုနှစ်က စတင်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် အကြီးစားစီးပွားရေး (macro- economy) ကိုသာ အဓိက ဦးစားပေးလုပ်ကိုင်ခဲ့ရာ မက်လုံးပေးမှု၊ ကုန်ထုတ်စွမ်းအားနှင့် စည်းကမ်းဥပဒေ စံချိန်စံညွှန်းပြဿနာများကို လျစ်လျူရှုထားခဲ့သည်။ ရလဒ်အဖြစ် စီးပွားရေးက ပြောင်းလဲသွားသော်လည်း စစ်-ခရိုနီဝါဒမှ ခရိုနီအရင်းရှင်ဝါဒသို့ ပြောင်းသွားခြင်းမျှသာ ဖြစ်သည်။

ပြည်တွင်းတွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦး စတင်လုပ်ကိုင်သူများမှာ စစ်အုပ်ချုပ်ရေးကာလက အကျိုးစီးပွား စုဆောင်းထားရပြီးဖြစ်သော၊ စီးပွားရေးလောကထဲတွင် ရှိနှင့်နေပြီးဖြစ်သော လုပ်ငန်းရှင်များနှင့် မယှဉ်ပြိုင်နိုင်အောင် ဖြစ်နေသည်။ ထိုသို့ဖြစ်ရသည်မှာ ငွေကြေးအထောက်အပံ့ မရရှိနိုင်ကြသောကြောင့်လည်း တစိတ်တပိုင်းပါဝင်သည်။

ထိုအခြေအနေတွင် အနောက်နိုင်ငံမှ ရင်းနှီးမြုပ်နှံသူများကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု မပြုလုပ်လိုကြချေ။ လက္ကားလိုင်စင်အတွက် လုပ်ပိုင်ခွင့်လိုင်စင် ချထားပေးသော နိုင်ငံခြားဘဏ် ၁၃ ခုတွင် အမေရိကန်နှင့် ဗြိတိန်မှ တစ်ခုမျှ မပါသည်ကိုပင် စဉ်းစားကြည့်ပါလေ။ တကယ်တော့ သူတို့ မပါလိုကြခြင်းမှာ စည်းမျဉ်းဥပဒေနှင့် စီးပွားရေး ပတ်ဝန်းကျင်ကြောင့်ပင် ဖြစ်သည်။

နိုင်ငံတကာ အညွှန်းကိန်းများတွင် မြန်မာနိုင်ငံ၏ အနေအထားကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပြဿနာကို အကဲခတ်နိုင်သည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၈ နိုင်ငံ၌ မြန်မာကအဆင့် ၁၄၅ တွင် ရပ်တည်နေသည်။ Heritage Foundation ၏ စီးပွားရေးလွတ်လပ်မှု အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၁၃၅ တွင် မြန်မာက ရောက်ရှိနေသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာတလွှား ယှဉ်ပြိုင်နိုင်မှု အညွှန်းကိန်း Global Competitiveness Index တွင် နိုင်ငံပေါင်း ၁၄ဝ အနက် အဆင့် ၁၃၁ တွင် ရှိနေသည်။

Bertelsmann Stiftung’s Transformation Index တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုအဆင့်မှာ နိုင်ငံပေါင်း ၁၂၉ တွင် အဆင့် ၁၁၁ ၌ ရှိနေသည်။ ကမ္ဘာ့ဘဏ်၏ Doing Business Index တွင် နိုင်ငံပေါင်း ၁၉ဝ ၌ အဆင့် ၁၇၁ တွင် ရှိနေသည်။

၂ဝ၁၆ ခုနှစ်တွင် NLD အစိုးရတက်လာသောအခါ နေပြည်တော် အများသဘောတူညီချက်၏အမွေကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံလိုက်ရတော့သည်။ သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုအထဲမှ အချို့ကို ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပြုခဲ့ပါသည်။ ထိုအထဲတွင် မြေများကို သိမ်းယူခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလည်း ပါဝင်သည်။ ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လက ထုတ်ပြန်ခဲ့သော အစိုးရ၏ အချက် (၁၂) ချက်ပါ စီးပွားရေးပေါ်လစီတွင် ခိုင်မာသော ပုဂ္ဂလိကကဏ္ဍ၊ ဈေးကွက်အခြေပြု ဖြေရှင်းနည်းများ၊ ဗျူရိုကရေစီ ကြိုးနီစနစ် လျှော့ချရေးများကို ကတိပေးထားသည်။ မလေးရှားမှ ဒေါက်တာမဟာသီဟာနှင့် မတူကွဲပြားသောအချက်မှာ ပေါ်လစီ အကောင်အထည်ဖော်နိုင်စွမ်းကို အသာထား၍ NLD ခေါင်းဆောင်မှုတွင် အလျင်အမြန်အောင်မြင်နိုင်မည့် မဟာဗျူဟာ မရှိကြခြင်းပင်ဖြစ်သည်။

အစိုးရ၏ အဆင်သင့်မဖြစ်မှုမှာ အစိုးရ စတင်ဖွဲ့စဉ်ကပင် ဦးကျော်ဝင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ခန့်ထားလိုက်ခြင်းဖြင့် ထင်ရှားသိသာသွားသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကိစ္စများကို ဦးကျော်ဝင်းလက်ထဲ ထိုးအပ်လိုက်ခြင်းပင်ဖြစ်သည်။ ထိုမှားယွင်းမှု၏ သိသာထင်ရှားသော ရလဒ်မှာ နေပြည်တော် အများသဘောတူညီချက် ပိုမိုအားကောင်း သွားခြင်းပင်ဖြစ်သည်။ ခရိုနီများမှာလည်း သြဇာပါဝါရှိသော သူဋ္ဌေးကြီးတံဆိပ်သစ် ကပ်ခံကြရလေသည်။

မြန်မာနိုင်ငံသည် ထိုပထမ နှစ်နှစ်ကို ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားရာ စီးပွားရေးဖွံ့ဖြိုးရာလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းပြီး သာမာန်လူထုဘဝ အဆင့်အတန်းမြင့်မားရေးလုပ်ဆောင်ရန် အချိန်များ ဆုံးရှုံးသွားခဲ့သည်။ နောက်ဆုံးတွင် အကျင့်ပျက်ချစားမှုများ လူသိရှင်ကြား ဖြစ်လာခဲ့ရာမှ ဦးကျော်ဝင်းကို နုတ်ထွက်ခိုင်းလိုက်ရပြီး ထိုနေရာတွင် သူ့ထက်လုပ်ရည်ကိုင်ရည် များစွာသာလွန်သော ဦးစိုးဝင်းနှင့် အစားထိုးလိုက်သည်။ တိုးတက်မှုတစ်ခုတော့ ရရှိခဲ့ပါသည်။ NLD အစိုးရသည် ဘတ်ဂျက်လိုငွေကို ထိန်းထားနိုင်ခဲ့သည်။ အလွန်အကြူးဖြစ်နေသော ပုဂ္ဂလိက အသုံးစားရိတ်ကို လျှော့ချခဲ့သည်။ အခွန်ငွေ တိုးရအောင် အားထုတ်သည်။ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ထားနိုင်သည်။ နိုင်ငံခြားသုံးငွေ အရံငွေကို သုံးလစာမှ ၁ဝ လစာအထိ စုဆောင်းထားနိုင်လာသည်။ သဘာဝမကျသော မြန်မာ့အိမ်ခြံမြေဈေးနှုံး၊ အထူးသဖြင့် ရန်ကုန်မြို့၏ အတုအယောင် အိမ်ခြံမြေဈေးကို ကျိုးကြောင်းဆီလျော်သော ဈေးနှုံးဖြစ်လာအောင် လုပ်နိုင်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံ၏ အသုံးစားရိတ် လျှော့ချဖြတ်တောက်ရေး၊ ချိုးခြံချွေတာရေး ပေါ်လစီက မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ် WB နှင့် IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့) တို့က ကြွေးလည်ပင်းခိုက်နေသော လူမွဲနိုင်ငံ Heavily Indebted Poor Country (HIPC) စာရင်းထဲ သွတ်သွင်းခံရခြင်းဘေးမှ ကယ်တင်လိုက်ဟန်တူသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကာကွယ်ရေးနှင့် လုံခြုံရေးဘတ်ဂျက်ကို ဖြတ်တောက်ပြီး လူထုဝန်ဆောင်မှုများဖြစ်သော ပညာရေးနှင့် ကျန်းမာရေးတွင် မြုပ်နှံမှုကို အနည်းငယ်တိုးပေးနိုင်ခဲ့သည်။ ကြွေးမြီဒေါ်လာ ဒေါ်လာ လေးဘီလျံ ပြန်ဆပ်နိုင်ခဲ့ခြင်း၊ နောက်ထပ်ပြည်ပမှ ချေးယူမှုကို လျှော့ချခဲ့ခြင်းတို့ကြောင့် အတိုးနှုန်းမြင့်မားမှုကြောင့် ဖြစ်လာမည့် အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့သည်။ ၎င်းအပြင် ကျပ်ငွေ၏တန်ဖိုးကိုလည်း တစ်ဒေါ်လာ ၁,၃၅ဝ ကျပ်ဝန်းကျင်တွင် ထိန်းထားနိုင်ခဲ့သည်။ ၎င်း၏ အကျိုးဆက်မှာ ပြည်တွင်းဝယ်လိုအား (အထူးသဖြင့် အိမ်ခြံမြေတွင် ရင်းနှီးမြုပ်နှံမှု) နှေးကွေးသွားခြင်း ဖြစ်သည်။

သို့သော် နေပြည်တော် အများသဘောတူညီချက် အမွေခံများ၏ အကျိုးစီးပွားကိုမူ ခြိမ်းခြောက်ခံရခြင်း မရှိသေးချေ။ အစိုးရ ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်သော စီးပွားရေးမူဝါဒပါ ကတိများကို အကောင်အထည်ဖော်ရန်မှာ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းအနေနှင့် ခေတ်ပျက်သူဋ္ဌေးများကို ရင်ဆိုင်ယှဉ်ပြိုင်ရန်မှတပါး အခြားနည်းလမ်းမရှိချေ။ အထူးသဖြင့် ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍတွင် ယှဉ်ပြိုင်ဆောင်ရွက်ရန်များစွာ ရှိနေသည်။ သို့သော် ဦးစိုးဝင်းအနေနှင့် နေပြည်တော် အများသဘောတူညီချက်ကို ရိုက်ချိုးနိုင်ရေး ချည်းကပ်ရာတွင် သိန်းငှက်နည်းရော၊ ဂျိုးငှက်နည်းပါ နှစ်မျိုးလုံး အသုံးပြု၍ သတိထားကိုင်တွယ်ရန် လိုအပ်သည်။ ဤနည်းဖြင့် NLD အစိုးရသည် လူလတ်တန်းစားနှင့် လူလတ်တန်းစား အပေါ်လွှာအား ကိုယ့်ဘက်ပါအောင် သိမ်းသွင်းရမည်ဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနှင့် အလှူရှင်များကလည်း ပို၍နီးနီးကပ်ကပ် ပါဝင်ကူညီသင့်ပေသည်။ အစိုးရကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဥပဒေစည်းကမ်းများ ဖြေလျှော့ပေးရေး၊ သန်မာကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ဖြင့် နိုင်ငံ့စီးပွားရေးကို အားဆေးထိုးပေးရမည်ဖြစ်သည်။ တရုတ်နှင့်ဆက်ဆံရေးကို ဆက်လက်ထိန်းထားပြီး နောက်ထပ်မိတ်ဖက်နိုင်ငံများကိုလည်း ရှာဖွေရမည်။ မြန်မာက နည်းယူလေ့လာနိုင်သော အခြားတစ်နိုင်ငံမှာ သြစတြေးလျနိုင်ငံဖြစ်သည်။ သြစတြေးလျတွင် Ph.D ဘွဲ့အတွက် ကျွန်တော် ငါးနှစ်ကြာ နေထိုင်ခဲ့ရသည်။ သြစတြေးလျသည် micro စီးပွားရေးပြုပြင်ပြောင်းလဲရေးများကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ရာ နိုင်ငံ့ကုန်ထုတ် စွမ်းအင် တိုးတက်လာခဲ့ပြီး နိုင်ငံသားတို့၏ လူနေမှုအဆင့်လည်း မြင့်တက်လာခဲ့သည်။

ဤစာမျက်နှာတွင် ဦးစိုးဝင်း၌ နိုင်ငံတကာအတွေ့အကြုံ အားသာချက်များ ရှိနေသည်။ Deloitte တွင် အချိန်အတော်ကြာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် စီးပွားရေးလုပ်ထုံးများကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးကို စတင်ရန် ဦးစိုးဝင်း စဉ်းစားသင့်သော ကိစ္စတစ်ခုကို အကြံပြုလိုသည်။ ကုမ္ပဏီများ အုပ်ချုပ်ရေးစံနစ် (corporate govermance) ပြုပြင်ပြောင်းလဲရေးတာဝန် အပ်နှင်းထားသော အားကောင်းမောင်းသန် ပြိုင်ဆိုင်မှု ကော်မရှင်များ တည်ထောင်ပြီး ကဏ္ဍတိုင်းတွင် ယှဉ်ပြိုင်မှုကို အားပေးရန်ဖြစ်သည်။

အစိုးရ၏ စီးပွားရေး မျှော်မှန်းချက်များ အောင်မြင်ရေးအတွက် ဝန်ကြီးဦးစိုးဝင်း၏ ကြံရည်ဖန်ရည်နှင့် ဦးဆောင်မှုမှာ လွန်စွာအရေးပါသည်သာမက မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုဆိုးမွေကို ချန်ထားရစ်ခဲ့သော နေပြည်တော် အများသဘောတူညီချက်ကို ချိုးဖျက်နိုင်ရေးအတွက်လည်း လွန်စွာပင် အရေးကြီးလှပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.