စစ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးသမား ဦးဒေးဗစ်အေဘယ်

ဇန်နဝါရီ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့သော ဦးဒေးဗစ်အေဘယ်သည် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် သူ၏ အကြံပြုချက်များကို အာရုံထဲသို့ ရံဖန်ရံခါမှသာ ထည့်တတ်သည့် စစ်အစိုးရ အဖွဲ့ဝင်တစ်ဦးအနေဖြင့် စီးပွားရေးပေါ်လစီများကို ကြီးကြပ်ခဲ့ရသူတစ်ဦးဖြစ်သည်။ သူကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်ရှိနေပြီဖြစ်သည်။

“ခက်တာမှ တော်တော်ကို ခက်ခဲခဲ့တာပါ” ဟု ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလက Frontier နှင့် တွေ့ဆုံမေးမြန်းမှုတွင် ၎င်းက ပြောသည်။ ပုဂ္ဂလိကဏ္ဍအား ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရေးအပါအဝင် ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်များအား တားဆီးခံရမှုအပေါ် ဝမ်းနည်းသည့် အရိပ်အရောင်များကို ၎င်း၏ မျက်နှာပေါ်တွင် ဖော်ပြနေသည်။

“အစကတော့ ကျွန်တော် ဖြစ်ချင်တာတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်တော် လုပ်ချင်တာတွေ လုပ်ခွင့်မပြုခဲ့ပါဘူး” ဟု ဦးဒေးဗစ် အေဘယ်က ပြန်ပြောင်းပြောကြားသည်။

၁၉၃၅ ခုနှစ်တွင် အင်းစိန်မြို့၌ မွေးဖွားခဲ့သည့် ဦးဒေးဗစ် အေဘယ်သည် ၁၉၅၂ ခုနှစ်၌ တပ်မတော်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်တွင် “နှစ်ပေါင်း ၄၀ နှင့် ၁၁၃ ရက်” တာဝန်ထမ်းဆောင်ခဲ့သည်ဟုလည်း ၎င်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် Frontier ကို ပြောကြားခဲ့သေးသည်။

၎င်း၏ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများတွင် ၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ဗြိတိသျှ ဆန်းဟာ့စ် တော်ဝင်စစ်ဘက်အကယ်ဒမီ British Royal Military Academy Sandhurst တွင် ကြိုးကြိုးကုတ်ကုတ်ဖြင့် စီးပွားရေးဘွဲ့ တစ်ဘွဲ့ရရှိသည်ထိ လေ့လာပညာသင်ခဲ့ခြင်းသာမက မြန်မာနိုင်ငံ၏ “တောင်ဖျားမှသည် မြောက်ဘက် အဖျားပိုင်းထိ” စစ်ဆင်ရေးလှုပ်ရှားမှုများ၊ ၁၉၅၀ ပြည့်နှစ်များအတွင်း တိုင်းပြည်အနောက်ပိုင်းရှိ မူဂျာဟစ်ဒင်များကို နှိမ်နင်းသောတိုက်ပွဲများနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၁၉၇၀ ပြည့်နှစ်များအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ဖြိုခွင်းခဲ့သောစစ်ပွဲ ဆင်နွှဲခြင်းများ ပါဝင်သည်။

၎င်းသည် ၁၉၈၈ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ပထမဆုံး အဖွဲ့ဝင်များအနက် တစ်ဦးဖြစ်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးအဖြစ် တိုင်းပြည်စီးပွားရေး ကြီးကြပ်ခြင်းကို ဆင့်ကဲဆိုသလို တစ်ကြိမ်တစ်ခါစီ ထမ်းဆောင်ခဲ့ရသည်။

နောက်ပိုင်းတွင် ဥက္ကဋ္ဌရုံး၏ စီးပွားရေးဆိုင်ရာ အကြံပေးတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ဝန်ကြီးတစ်ဦးအဖြစ်ဖြင့် ၎င်းပထမဆုံး ချမှတ်ခဲ့ရသော ဆုံးဖြတ်ချက်တစ်ရပ်မှာ တိုင်းပြည်၏ အကြီးဆုံးသော တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဖြစ်ကြသည့် မြန်မာစီးပွားရေး ဦးပိုင်လီမီတက် UMEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ကို ဖွဲ့စည်းတည်ထောင်ခြင်းပင် ဖြစ်သည်။

“ကျွန်တော်က စင်ကာပူကို စံနမူနာအဖြစ် အသုံးပြုခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ အရေးပါသော လုပ်ငန်းကဏ္ဍများကို ဖန်တီး အားပေးရန် စင်ကာပူအစိုးရက ၁၉၇၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ တစ်ခုဖြစ်သော(တီမာဆက် ဦးပိုင်ကုမ္ပဏီ) Temasek Holdings ကို ရည်ညွှန်းကာ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၂၀၀၃ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

ရိုမန်ကက်သလစ် ဘာသာဝင်တစ်ဦးဖြစ်ပြီး စစ်အစိုးရဟောင်းအဖွဲ့အတွင်းရှိ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ရှားရှားပါးပါး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဒေးဗစ် အေဘယ်မှာ စီးပွားရေးကိစ္စရပ်များအပေါ် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး အဖြစ်ဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့မှုများအတွက် ထင်ရှားခဲ့သူဖြစ်သည်။

သို့သော် ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် စာပေစိစစ်ရေးစနစ်အား မဖျက်သိမ်းမီက ၎င်း၏ ခရစ်ယာန်အမည်ဖြစ်သည့် ဒေးဗစ်အား သတင်းဂျာနယ်များတွင် ထည့်သွင်းဖော်ပြခွင့်မရရှိခဲ့ဘဲ ဗိုလ်မှူးချုပ်အေဘယ်အဖြစ်သာ ဖော်ပြခွင့်ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့က သမိုင်းဝင် အထွေထွေရွေးကောက်ပွဲမတိုင်မီတွင် ဗိုလ်မှူးချုပ်အေဘယ်က စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ငွေဖောင်းပွကို စီမံခန့်ခွဲမှု၊ ငွေလဲနှုန်းတို့နှင့် ပတ်သက်၍ ၎င်း၏ ယူဆချက်ကို မြန်မာတိုင်းမ်နှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

ယင်းအင်တာဗျူးက ဦးဒေးဗစ်အေဘယ်၏ လက်တွေ့အကျိုးမျှော်ဝါဒကိုသာမက စီးပွားရေးစီမံခန့်ခွဲမှုအပေါ် သွယ်ဝိုက်ဝေဖန်မှုကိုပင် စစ်အစိုးရ၏ ဆတ်ဆတ်ထိမခံဖြစ်မှုကို ပြသနေသည့် အထောက်အထားဖြစ်သည်။ အဆိုပါအင်တာဗျူးကို ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်နေသော ခါးသီးသည့် ကုစားမှုများ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆင်ဆာတင်ခဲ့ရာ လွှတ်တော်အတွက်လိုအပ်နေသော စီးပွားရေးပညာရှင်ကောင်းများ ဆိုသည့် ခေါင်းစီးဖြင့် အစားထိုးခံရသည်။

အင်တာဗျူးတွင် ဦးဒေးဗစ်အေဘယ်၏ ဓါတ်ပုံတစ်ခုကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်တွင် ၎င်းပြောဆိုခဲ့သည့် ဝါကျတစ်ကြောင်းကို ကိုးကားဖော်ပြခဲ့သည်။ ယင်းပြောကြားမှုမှာ “လူတချို့က စားလောက်သောက်လောက်ရုံအတွက်သာ ခြစားတာမဟုတ်ဘဲ ချမ်းသာဖို့အထိ ခြစားကြတာ” ဟူ၍ဖြစ်သည်။ ယင်းကိုးကားမှုသည်လည်း စာစောင်တွင် ဖော်ပြခွင့်မပြုဘဲ ဖယ်ရှားခံရခဲ့သည်။

ဖြစ်ချင်တော့ အင်တာဗျူးတွင် ပြောကြားခဲ့သည့် ၎င်းထောက်ခံခဲ့သော ပြုပြင်ပြောင်းလဲရေးအများစုမှာ ဆင်ဆာအဖြတ်ခံရပြီး ငွေလဲနှုန်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ကုန်သွယ်ရေးပေါ်လစီနှင့် အခွန်နှုန်းများ ပါဝင်သည်။ ၎င်းပြုပြင်ပြောင်းလဲရေးတို့မှာ ဦးသိန်းစိန်အစိုးရ၏ ကိုယ်ပိုင်ဟန်ပေါ်လစီတို့ဖြစ်လာခဲ့သည်။

ခြစားမှုနှင့် ပတ်သက်သည့် ၎င်း၏ သုံးသပ်ချက်များမှာလည်း ဖယ်ရှားခံရသည်။ “အခုဖြစ်နေတာတွေက လူတချို့က စားလောက်သောက်လောက်ရုံ ခြစားတာမဟုတ်ဘဲ ချမ်းသာတဲ့အထိ ခြစားနေကြတာပါ” ဟု ၎င်းက မြန်မာတိုင်းမ်ကို ပြောကြားခဲ့သည်။

“သာမာန်လူတွေကတော့ အသက်မွေးဖို့ ရုန်းကန်နေရတယ်။ တစ်နေ့စာအတွက် လုံလောက်ရုံပေါ့။ ဒါက အရေးကြီးပြီး သိမ်မွေ့တဲ့ ကိစ္စပါ။ ဒီရောဂါကို ကုစားဖို့ ခါးသီးတဲ့ ကုစားမှုတစ်ခု လုပ်သင့်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဒါကို မလုပ်ချင်ကြဘူး” ဟု ၎င်းကပြောကြားခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.