မြန်မာနိုင်ငံတွင် ဖက်စပ်လေကြောင်းလိုင်း တည်ထောင်မည့် အစီအစဉ်ကို ANA စွန့်လွှတ်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လေကြောင်းလိုင်း လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရန် ငြင်းဆိုလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ ဖက်စပ်လေကြောင်းလိုင်းတစ်ခု ထူထောင်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီလို့ ဂျပန် ANA လေကြောင်းလိုင်းက ပြောကြားပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ ရွှေသံလွင်လုပ်ငန်းစုက ပိုင်ဆိုင်တဲ့ Golden Sky World နဲ့ ပူးပေါင်းပြီးတော့ Asian Blue ဆိုတဲ့ ဖက်စပ်လုပ်ငန်းတစ်ခုကို ANA က ပြီးခဲ့တဲ့နှစ်မှာ ထူထောင်ခဲ့ပါတယ်။

အဲဒီနောက် လေကြောင်းလိုင်း လုပ်ကိုင်ခွင့်လက်မှတ် (AOC) ရရှိဖို့အတွက် ပြီးခဲ့တဲ့နှစ် မေလက လျှောက်ထားခဲ့ပေမယ့် ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက နိုဝင်ဘာ ၇ ရက်နေ့က ရေးသားထားပါတယ်။

“ကျွန်တော်တို့ အကြောင်းပြချက် ရှာမရဘူး” လို့ ANA ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ H. Sammy Aramaki က ခွင့်ပြုချက် ငြင်းပယ်ခံရမှုနဲ့ ပတ်သက်ပြီး ပြောကြားတယ်လို့ ရိုက်တာက ရေးသားထားပါတယ်။

“စီမံခန့်ခွဲမှုအဖွဲ့အနေနဲ့ ဒီထက်ပိုပြီး ထပ်မစောင့်နိုင်တော့ပါဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူကလည်း ANA ရဲ့ လေကြောင်းလိုင်း လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားမှုကို ပယ်ချခဲ့တယ်လို့ ရိုက်တာကို အတည်ပြု ပြောကြားပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိဘူးဖို့ ဆိုပါတယ်။

ဒီဖက်စပ်လုပ်ငန်းမှာ ANA က ရှယ်ယာ ၄၉ ရာခိုင်နှုန်း ရယူဖို့ သဘောတူထားပြီး နိုင်ငံတကာခရီးစဉ်တွေကို ပြေးဆွဲဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခုလို ကုမ္ပဏီ ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရခြင်းအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ ANA ရဲ့ပြောရေးဆိုခွင့်ရှိသူက ရိုက်တာကို ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့လေကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဖြည့်ဆည်းပေးနိုင်မယ့် အလားအလာတွေကို ဆက်လက် ရှာဖွေသွားမယ်လို့လည်း သူကပြောပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့လေကြောင်းဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ ANA က ဒုတိယမြောက် ကြိုးပမ်းခဲ့မှုလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Asian Wings လေကြောင်းလိုင်းရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဝယ်ယူဖို့ ANA က ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဈေးကွက်ပြိုင်ဆိုင်မှု ကြီးထွားလာပြီး ရင်းနှီးမြှုပ်နှံဖို့ အလွန်စွန့်စားရမှာဖြစ်တဲ့အတွက် အဲဒီအစီအစဉ်ကို စွန့်လွှတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ANA က ရန်ကုန်နဲ့ တိုကျိုမြို့အကြား ခရီးစဉ်တွေကို ပျံသန်းနေပြီး ဗီယက်နမ် လေကြောင်းလိုင်းရဲ့ ရှယ်ယာ ၈ ဒသမ ၈ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar