မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်းထူထောင်ရန် ANA ထပ်မံ ကြိုးစားမည်

ဂျပန်နိုင်ငံမှ အကြီးဆုံး လေကြောင်းလိုင်းကြီးဖြစ်သည့် ANA Holdings Inc. က မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ရန် ထပ်မံကြိုးစားသွားမည်ဟု ပြောကြားကြောင်း ဂျပန်သတင်းစာတစ်စောင်က ရေးသားထားသည်။

“မိတ်ဖက်အသစ်တစ်ဦးကို ကျွန်တော်တို့ ရှာဖွေသွားမှာဖြစ်ပါတယ်” ဟု ANA ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Shinya Katanozaka က မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်ဟု The Japan Times က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ရေးသားထားသည်။

“ဒါက ကျွန်တော်တို့အတွက် တတိယအကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ပေမယ့် ဒီအစီအစဉ်ကို လက်လွှတ်လိုက်ဖို့ ကျွန်တော်တို့ တွေးမထားပါဘူး” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖက်စပ်လေကြောင်းလိုင်း တည်ထောင်ရန်အတွက် ANA က နှစ်ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

၂၀၁၄ ခုနှစ်တွင် ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Asian Wings လေကြောင်းလိုင်း၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ဝယ်ယူရန် ANA က ပထမဆုံးအကြိမ် ကြိုးပမ်းခဲ့သည်။ သို့သော် ဈေးကွက်ပြိုင်ဆိုင်မှု ကြီးထွားလာပြီး ရင်းနှီးမြှုပ်နှံမှုတွင် အလွန်စွန့်စားရမည်ဖြစ်သည့်အတွက် ထိုအစီအစဉ်ကို ANA က နောက်ပိုင်းတွင် စွန့်လွှတ်ခဲ့သည်။

ထို့နောက် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သည့် ရွှေသံလွင်လုပ်ငန်းစုက ပိုင်ဆိုင်သော Golden Sky World နှင့် ပူးပေါင်းကာ Asian Blue ဟူသည့် ဖက်စပ်လုပ်ငန်းတစ်ခုကို ANA က ပြီးခဲ့တဲ့နှစ်တွင်  ထူထောင်ခဲ့သည်။

အဆိုပါ ဖက်စပ်လုပ်ငန်းက လေကြောင်းလိုင်းပြေးဆွဲရန် စီစဉ်ခဲ့သော်လည်း မြန်မာအစိုးရက လေကြောင်းလိုင်း လုပ်ကိုင်ခွင့်လက်မှတ် (AOC) ထုတ်ပေးခြင်းမရှိသည့်အတွက် ပြည်တွင်းတွင် ဖက်စပ်လေကြောင်းလိုင်း ထူထောင်မည့်အစီအစဉ်ကို ANA က ထပ်မံ စွန့်လွှတ်ခဲ့ရသည်။

အဆိုပါလက်မှတ်ရရှိရေးအတွက် လျှောက်ထားခဲ့သော်လည်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးခဲ့ခြင်းမရှိသည့်အတွက် ထိုအစီအစဉ်ကို စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု ANA က ထိုစဉ်က ပြောကြားခဲ့သည်။

အဆိုပါ ဖက်စပ်လုပ်ငန်းတွင် ANA က ရှယ်ယာ ၄၉ ရာခိုင်နှုန်း ရယူရန် သဘောတူထားပြီး နိုင်ငံတကာ ခရီးစဉ်များကို ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီလတွင် ကြေညာမည့် ငါးနှစ်စီမံကိန်းအတွင်း မြန်မာနိုင်ငံတွင် ဆောင်ရွက်မည် လုပ်ငန်းများကို စတင်သွားရန် လေကြောင်းလိုင်းက စီစဉ်ထားသည်ဟု Katanozaka ထံမှ သိရသည်။

“အရင်တုန်းက ဂျပန်လိုပဲ မြန်မာနိုင်ငံရဲ့ လူလတ်တန်းစားအလွာက ချမ်းသာလာကြပြီးတော့ နိုင်ငံခြားခရီးတွေ ထွက်လာကြတယ်” ဟု ၎င်းကပြောကြားကြောင်း The Japan Times က ရေးသားထားသည်။

လက်ရှိအချိန်တွင် ANA သည် ရန်ကုန်နှင့် တိုကျိုမြို့အကြား တိုက်ရိုက်ခရီးစဉ်များကို ပျံသန်းနေသည်။

ထို့ပြင် ပြီးခဲ့သည့်လက စတင်ကာ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ၏ တစ်ဦးတည်းသော တရားဝင် စပွန်စာဖြစ်လာခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.