မြန်မာခေါင်းဆောင်သစ်များ၏ ဦးဆောင်နိုင်စွမ်းကို ဘန်ကီမွန်း ယုံကြည်

လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်သော စီမံခန့်ခွဲမှုစတဲ့ ကိစ္စရပ်များစွာကို မြန်မာသမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ထူးချွန်တဲ့ ခေါင်းဆောင်မှုနဲ့ အမှန်တကယ် လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ထားသလို ထိရောက်တဲ့ အကူအညီများ ပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

“ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ ရှင်းပါတယ်။ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေအတွက် ကူညီဖို့ အမြဲအတူ ရှိနေမှာပါ။ ဘယ်သူ့ကိုမှ နောက်မှာ ချန်မထားခဲ့ပါဘူး” လို့ ဘန်ကီမွန်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ သြဂုတ် ၃၀ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ နေပြည်တော်ကို သြဂုတ် ၃၀ ရက်နေ့၊ ညနေပိုင်းမှာ အထူးလေယာဉ်နဲ့ ရောက်ရှိလာပြီး အချိန်မဆိုင်းဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မြန်မာအစိုးရက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့အပေါ် ယုံကြည်မှုအပြည့်ရှိတာကိုလည်း ဘန်ကီမွန်းက ပြသခဲ့ပါသေးတယ်။

အဲဒီကော်မရှင်ကို “သိမ်မွေ့ ရှုပ်ထွေးလှတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးအဖြေ”ဖြစ်တယ်လို့ ဘန်ကီမွန်းက ညွှန်းဆိုခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်ကစလို့ ဒုက္ခသည်စခန်းမှာနေနေရတဲ့ သောင်းနဲ့ချီတဲ့လူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို သူသယ်ဆောင်လာကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။

“နေရာတိုင်းမှာရှိတဲ့ အဲဒီလိုလူမျိုးတွေဟာ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ဂုဏ်သိက္ခာတွေ လိုအပ်နေသလို ထိုက်လည်း ထိုက်တန်ပါတယ် လို့ ဘန်ကီမွန်းက ပြောကြားခဲ့တယ်။

အခြေအနေက ရှုပ်ထွေးပြီး မြန်မာအစိုးရသစ်ကတော့ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး ဖြေရှင်းနေတယ်ဆိုတဲ့အကြောင်း သူ့ကို အခိုင်အမာ ပြောထားတယ်လို့ ဘန်ကီမွန်းက ထုတ်ဖော် ပြောဆိုပါတယ်။

ဒါ့အပြင် စိန်ခေါ်မှုများစွာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေကိုပါ လုပ်ဆောင်နေရတဲ့ မြန်မာအစိုးရနဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေကိုလည်း သူက ချီးကျူးခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်းစာရှင်းလင်းပွဲမှာ အဖွင့်နှုတ်ဆက်စကား အနည်းငယ်သာ ပြောဆိုခဲ့ပါတယ်။

သတင်းထောက်တစ်ဦးမေးမြန်းတဲ့ ငြိမ်းချမ်းရေးညီလာခံနဲ့ သက်ဆိုင်တဲ့မေးခွန်းတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေခဲ့ရာမှာတော့ တတ်နိုင်သမျှ များများတက်နိုင်အောင် လုပ်ပေးမယ်ဆိုတာနဲ့ တက်တယ်၊ မတက်တယ်ဆိုတာကတော့ ကာယကံရှင်တွေကပဲ ဆုံးဖြတ်ရမှာပါလို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ သြဂုတ် ၃၁ ရက်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ဖွင့်ပွဲအခမ်းအနားမှာလည်း မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ အဲဒီဖွင့်ပွဲမတိုင်မီ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့စီစဉ်ထားပြီး ညီလာခံကို တက်ရောက်အပြီးမှာတော့ သမ္မတဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှာပါ။

အဲဒီနောက်မှာတော့ သူ့ရဲ့ မြန်မာပြည် နှစ်ရက်တာခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar