နေပြည်တော်၊ ဇန်နဝါရီ ၂၉
အမျိုးသမီး အကြမ်းဖက်မှုမှ ကာကွယ်ရေးဥပဒေသစ်ကို ပြည်သူ့လွှတ်တော်မှတစ်ဆင့် မကြာမီ တင်သွင်းတော့မည်ဖြစ်ကာ တည်ဆဲဥပဒေအဖြစ် ရှိနေသည့် မျိုးစောင့်ဥပဒေလေးခုပါ အချက်အချို့ကို တစ်ပါတည်း လွှမ်းမိုး ပယ်ပျက်နိုင်ရန် စီစဉ်ထားသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါ်နော်သာဝါးက Frontier ကို ပြောကြားသည်။
“ပြည်ထောင်စု တရားလွှတ်တော်ရယ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်တွေနဲ့ ပြင်ဆင်ပြီး နောက်ဆုံးမူကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်နိုင်ဖို့ အဲဒီဌာနနှစ်ခုကို ပြန်ပို့ထားပြီးပြီ။ ဥပဒေစာသားပိုင်း ဆိုင်ရာ ထပ်ပြင်စရာ မရှိတော့ဘူးဆိုရင် အစိုးရအဖွဲ့ကိုတင်ပြီး ပြည်သူ့လွှတ်တော်ကို ဆက်တင်ပါမယ်”ဟု ၎င်းကပြောသည်။
ပြီးခဲ့သော ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး မျိုးစောင့်ဥပဒေများဟု ကျော်ကြားလှသည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ စသည့် ဥပဒေလေးခုပါ အချက်အချို့ကို ဥပဒေသစ်ဖြင့် ကျော်လွန် လွှမ်းမိုးနိုင်ရန် ဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်သည်။
သို့သော် ထိုသို့လုပ်ဆောင်ခြင်းမှာ မျိုးစောင့်ဥပဒေများကို ပြင်ဆင်ရန်မဟုတ်ဟုလည်း နော်သာဝါးက ပြောကြားသည်။
“အရင်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေ မည်သို့ပင်ရှိစေကာမူ အခုပြဋ္ဌာန်းတဲ့ဥပဒေပါ အချက်တွေက လွှမ်းမိုးနိုင်တယ် ဆိုတဲ့ စာသားမျိုး ထည့်ထားပါတယ်။ မျိုးစောင့်ဥပဒေတွေကို လိုက်ပြင်ဖို့တော့ ကျွန်မတို့ မလုပ်တော့ပါဘူး” ဟု ဒေါ်နော်သာဝါးက ပြောသည်။
ဥပမာအားဖြင့် ဥပဒေသစ်အတွင်း ကလေးယူခွင့်၊ သားဆက်ခြားခွင့်ဆိုင်ရာ ကိစ္စများကို ကာယကံရှင် အမျိုးသမီး၏ သဘောဆန္ဒဖြင့် ဆုံးဖြတ်ပိုင်ခွင့် ပေးအပ်လိုက်ခြင်းဖြင့် ယခင်ပြဌာန်းထားသည့် လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ဥပဒေပါ ကန့်သတ်ချက်များကို ပယ်ပျက်သွားစေရန် ကြိုးပမ်းထားသည်။
ထို့အတူ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ အိမ်ထောင်ရှင် အမျိုးသားမှန်းမသိဘဲ ပေါင်းသင်းမိလျှင် အမျိုးသမီးပါ အရေးယူခံရသည့် အခြေအနေမျိုး ဖြစ်ပေါ်နေသည်ကို ရှောင်လွှဲနိုင်မည့် ပြဋ္ဌာန်းချက်အချို့နှင့် ဒုတိယအိမ်ထောင်ဖြစ်ခြင်းကြောင့် အမျိုးသမီးနှင့် သားသမီးများ အမွေဆက်ခံပိုင်ခွင့်မရှိသည့် အနေအထားကိုပါ ဥပဒေသစ်ဖြင့် ကျော်လွန်နိုင်ရန် စီစဉ်ထားသည်ဟု ဒေါ်နော်သာဝါးက ဆိုသည်။
“လက်ထပ်ထိမ်းမြားခြင်းက ဘယ်လိုပဲရှိရှိ အမျိုးသမီးတွေနဲ့ သားသမီးတွေရဲ့ အခွင့်အရေးမဆုံးရှုံးစေရဘူး”ဟု ၎င်းကပြောသည်။
အမျိုးသမီးအကြမ်းဖက်ခံရမှု ကာကွယ်ရေးဥပဒေသစ်တွင် ထိုသို့သော ပြဋ္ဌာန်းချက်များအပြင် အိမ်ထောင်ရေး အဆင်မပြေသည့်အချိန်အတွင်း အမျိုးသမီးနှင့် ၎င်း၏ သားသမီး၊ မိဘများအား တရားရုံးတော်က ယာယီ အကာအကွယ်ပေးရေးအမိန့် ထုတ်ဆင့်ပိုင်ခွင့်နှင့် အခြားသော အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များစွာ ကိုပါ ထည့်သွင်းရေးဆွဲထားသည်ဟု ဒေါ်နော်သာဝါးက ပြောကြားသည်။ သို့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။
အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာမြသောင်းကမူ ဝန်ကြီးဌာနဖက်က လွှတ်တော်သို့ တင်သွင်းရန်ရှိသည့် ဥပဒေသစ်နှင့် တည်ဆဲ မျိုးစောင့်ဥပဒေများပါ အချက်အချို့ တွင် ဥပဒေကြောင်းဆိုင်ရာ အဓိပ္ပာယ်ကောက်ယူခြင်း ကွဲလွဲမှုများရှိနိုင်သဖြင့် ဥပဒေသစ်ပြဋ္ဌာန်းခြင်းနှင့် ဥပဒေဟောင်းများပြင်ဆင်ခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်ရန်ရှိကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့က မီဒီယာများကို ပြောကြားထားသည်။
ထိုသို့သော အကြံပြုချက်ကို မကြာသေးမီက ကော်မတီနှင့် တွေ့ဆုံခဲ့သည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီက ပေးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ သို့သော် အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ဝန်ကြီးဌာနဖက်မှ တင်သွင်းလာမည့် ဥပဒေသစ်ကို မသိရသေးသဖြင့် မည်သို့ ဖြစ်လာမည်ကို တပ်အပ်မပြောနိုင်သေးကြောင်းလည်း ၎င်းက ဆိုသည်။
“ဘာပြင်မယ်ဆိုတာ မသိဘူး။ ညှိတဲ့အချက်ကို ဒီဘက်ကဟာကို အတည်ပြုမယ်ဆို ဟိုဘက်ကဟာကို ပြင်ပေးရမယ်။ အဲသဘောပဲ။ ညှိမယ်ဆိုတာတော့သိတယ်။ ဘာညှိမှန်းမသိသေးဘူး” ဟု ဒေါက်တာ မြသောင်းက ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း မျိုးစောင့်ဥပဒေများ ပြဌာန်းရန် ပြင်ဆင်နေချိန်တည်းက အစဉ်တစ်စိုက် ကန့်ကွက်နေကြသော အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့များထဲမှ Triangle အဖွဲ့ဦးဆောင်သူ ဒေါ်ခင်လေးက ထိုသို့ စီစဉ်မှုနေမှုကို ကြိုဆိုလိုက်ပြီး မျိုးစောင့်ဥပဒေများမှာ ယခင်ကတည်းကပင် ရှိသင့်သည်မဟုတ်ဟု မှတ်ချက် ပြုသည်။
“ဒီမျိုးစောင့်ဥပဒေတွေရှိနေမယ့်အစား အမျိုးသမီး အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကို ထိထိရောက်ရောက် ပြဋ္ဌာန်းသင့်တယ်။ ဒီဥပဒေဟာဆိုလို့ရှိရင် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသား အမျိုးသမီးတိုင်းအတွက် အကြုံးဝင်တယ်။ အမျိုးသမီးတွေကို ကာကွယ်ပေးမယ်ဆိုရင် လူမျိုးဘာသာ ဘာမှ မရွေးပဲနဲ့ ဥပဒေရဲ့ အောက်မှာ တစ်ပြေးညီရသင့်တယ်”ဟု ဒေါ်ခင်လေးကပြောသည်။
မျိုးစောင့်ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းခဲ့သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့အား ဦးဆောင်သူ ဆရာတော် ဦးဝီရသူထံ Frontierက ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း မရရှိသေးပေ။ သို့သော် မျိုးစောင့် ဥပဒေများပြင်မည်ဟု သတင်းများထွက်ပေါ်ချိန် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာဟု ယုံကြည်ရသော စာမျက်နှာ၌ “ကျောင်း မှန်းကန်မှန်း မသိသေးဘူးပဲ” ဟု ခေါင်းစဉ်တပ်က စာသားတစ်ချို့ ရေးသားထားသည်ကို တွေ့ရသည်။
“စွမ်းတယ်ထင်ရင် စမ်းကြည့်လိုက်။ ဝီရသူဆိုတာ ဘာ၊ မဘသဆိုတာ ဘာ၊ အားလုံးသိသွားစေရမယ်။ နေစမ်းပါဦး။ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ ငြိစွန်းနိုင်သတဲ့။ ဘယ်အချက်နဲ့ ငြိစွန်းနိုင်တာလဲ? အမျိုးသမီးတွေကို စေတနာရှိလို့ အဲဒီ ဥပဒေသစ်ကို ရေးဆွဲတာမဟုတ်ဘဲ အမျိုးစောင့်ဥပဒေကို ဖျက်ဆီးချင်လို့ ရေးဆွဲတယ်ဆိုတာ အသိသာကြီး။ တိုင်းပြည်ကောင်းစားအောင် ဘာမှမလုပ်နိုင်ကြဘဲ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းပဲ ကြံစည်နေကြတယ်။ ဥပဒေသစ်ကို ထုတ်ပြပါ။ ဥပဒေသစ်နဲ့ ငြိစွန်းနိုင်တယ်ဆိုတဲ့ အမျိုးစောင့်ဥပဒေပါ အချက်အလက်များကို ထောက်ပြပါ” ဟူသော စာသားများအား ရေးသားထားသည်။
ထို့ပြင် “အဓမ္မလုပ်ရင် ထောင်မဆန့် တော်လှန်ရေးကြီး စတင်ရပါလိမ့်မယ်၊ ပြုတ်ကျမှ ဒုက္ခမအော်နဲ့”ဟုလည်း အဆိုပါ Facebook စာမျက်နှာတွင် ကြုံးဝါးထားသည်။
သတင်း-ဉာဏ်လှိုင်လင်း