ဉာဏ်လှိုင်လင်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဇန်နဝါရီ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ကြေညာရာတွင် အစိုးရနှင့် တပ်မတော်တို့အကြား ကွဲလွဲမှုများရှိနေသည်ကို တွေ့ရသည်။
အစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Facebook စာမျက်နှာမှ တစ်ဆင့် ယင်းနေ့ ည ၈ နာရီခန့်အချိန်က ထုတ်ပြန်ချက်များတွင် ကွဲလွဲနေခြင်းဖြစ်သည်။
လက်လုပ်မိုင်း၊ လက်နက်ငယ်များဖြင့် မော်တော်ယာဉ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် သတင်းကို အစိုးရက “ဆေးရုံတက်ရောက်ရမည့် လူနာသယ်ဆောင်လာည့် ယာဉ်” ဟု ဖော်ပြထားသည်။ တပ်မတော်ကမူ “ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ် ခြံစည်းရိုး စီမံကိန်းဆောင်ရွက်မည့်ယာဉ်” ဟု ဆိုသည်။
တိုက်ခိုက်ခံရသည့် မော်တော်ယာဉ် သွားရောက်နေသည့် ဦးတည်ရာကို ဖော်ပြရာတွင်လည်း အစိုးရက တောင်ပြိုမှ မောင်တောမြို့သို့ဟုဆိုပြီး တပ်မတော်က တောင်ပြိုဝဲမြို့မှ ဘူးသီးတောင်မြို့သို့ သွားရောက်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ယင်းအပြင် တိုက်ခိုက်မှုကျူးလွန်သူများကို အစိုးရက လက်နက်ကိုင်သောင်းကျန်းသူ၊ စိစစ်ဆဲအဖွဲ့ဟု သုံးထားပြီး တပ်မတော်ကမူ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများဟု ဆိုသည်။
တိုက်ခိုက်မှုပြုလုပ်သူများ၏ အင်အားကိုဖော်ပြမှုတွင်လည်း ကွဲလွဲမှုရှိခဲ့ပြီး အစိုးရက ၂၀ ဦး၊ တပ်မတော်က ၁၀ ဦးဟု ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး မော်တော်ယာဉ်မှာ လက်လုပ်မိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ လုပ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ကြုံတွေ့ခဲ့ရသည်ဟု အစိုးရရော တပ်မတော်ကပါ သတင်းထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရခဲ့ သည်ဟု ထုတ်ပြန်ချက်နှစ်ရပ်စလုံးက ဆိုသည်။
ကွဲလွဲချက်များနှင့် ပတ်သက်၍ တပ်မတော်ဖက်ကို မေးမြန်း၍ မရသေးသော်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို Frontierက ဆက်သွယ်ရာတွင် “ကျွန်တော်တို့ကတော့ ရဲပေ့ါ၊ ပြည်ထဲရေး သတင်း အခြေခံတာ”ဟု ရှင်းပြသည်။
သို့သော် မည်သည့်သတင်းထုတ်ပြန်ချက် အမှန်ဖြစ်သည်ကိုမူ Frontier က စုံစမ်းသိရှိရခြင်းမရှိသေးပေ။