မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အမေရိကန်က မြန်မာရဲတပ်ဖွဲ့ထံ ပစ္စည်းကိရိယာ ပေးအပ်

မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရာတွင် အထောက်အကူပြုရေးအတွက် ပစ္စည်းကိရိယာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အမေရိကန်ပြည်ထောင်စုက ပေးအပ်ခဲ့သည်။

“ဒီပစ္စည်းကိရိယာလွှဲပြောင်းပေးအပ်မှုဟာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးရေး၊ နှိမ်နှင်းရေးနဲ့ ဆက်စပ်ပြီး အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ ရေရှည် မိတ်ဖက်လက်တွဲ ဆောင်ရွက်မှုကို အားပေးကူညီတဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်” ဟု အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန သံမှူးဘရောင်းက ပြောသည်။

အဆိုပါ ပစ္စည်းကိရိယာ တရားဝင်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ မှုခင်းသတင်းအချက်အလက်နှင့်မှတ်တမ်းဌာနစုတွင် ယနေ့ မတ် ၁ ရက်နေ့က ကျင်းပခဲ့သည်။

ထို့ပြင် ပစ္စည်းကိရိယာအသစ် အသုံးပြုခြင်းနှင့် လုပ်ငန်းခွင်အတွင်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် ရန်ကုန်မြို့ရှိ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန (ဒီအီးအေ) တို့ ပူးပေါင်းကျင်းပခဲ့သည်။

“မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားတဲ့ အဖွဲ့တွေ ရှာဖွေဖော်ထုတ်နှိမ်နှင်းရာမှာ မြန်မာနိုင်ငံကို အကူအညီပေးဖို့ အမေရိကန် ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းနဲ့ အင်ဒို-ပစိဖိတ် ဒေသအတွင်း ရှုပ်ထွေးတဲ့ နည်းစနစ်တွေအသုံးပြုပြီး၊ အထူးသဖြင့် ယာဘဆေးပြားတွေနဲ့ ခရစ်တယ်မက်သ် (အိုက်စ်) တွေအဖြစ်နဲ့ မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဖြူးနေမှု များပြားလာနေတာကို တိုက်ဖျက်နှိမ်နှင်းရာမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေ တိုးတက်လာစေရေးအတွက်လည်း ရဲတပ်ဖွဲ့ အေဂျင်စီတွေနဲ့ ဆက်လက်ပြီး အနီးကပ် လက်တွဲဆောင်ရွက်သွားမှာပါ” ဟု အမေရိကန်သံရုံးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဂရက်နာဒန်က ပြောကြားသည်။

မူးယစ်ဆေးဝါး တားဆီးရေး ကြိုးပမ်းဆောင်ရွက်မှု၊ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း မက်သာဖက်တမင်း ထုတ်လုပ်မှု လျင်မြန်စွာ ကြီးထွားလာစေသော မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း အဆက်မပြတ် ဝင်ရောက်နေမှု ကိုင်တွယ် ဖြေရှင်းရေးအတွက် အမေရိကန်ပြည်ထောင်စုက ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုလည်းသံမှူး မိုက်ကယ်ဘရောင်းနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် တို့ ဆွေးနွေးခဲ့သည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar