မူးယစ်ဆေးဝါးများ ဖမ်းဆီးသည့် မူလရည်ရွယ်ချက်မှာ ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်သည့် ဂိုဏ်းများကို ဖြိုခွင်းရန်ဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးဟု မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာန၊ ဌာနမှူး၊ ရဲမှူးကြီး ဇော်လင်းထွန်းက Frontier ကို ပြောသည်။
“မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ ငြိမ်းချမ်းရေးက အများကြီး ဆက်စပ်ပါတယ်” ဟု ၎င်းကဆိုသည်။ ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ြခင်းများသည် တရားဥပဒေစိုးမိုးမှု အာဏာ မသက်ရောက်သေးသည့် နယ်စပ်ဒေသများတွင် အခြေတည်နေသည်ဖြစ်၍ အမှုမှန်ဖော်ထုတ်ရာတွင် အဟန့်အတားများရှိနေသည်ဟုလည်း ရဲမှူးကြီးက ပြောသည်။
မူးယစ်ဆေးဝါးများကို သယ်ဆောင်ရာလမ်းတွင် ရှာဖွေဖမ်းဆီးသည့်နည်းလမ်းနှင့် သတင်းပေးများမှတစ်ဆင့် စုံစမ်းဖော်ထုတ်သည့် နည်းလမ်းတို့သုံးကာ တားဆီးနှိမ်နင်းနေသော်လည်း လက်တွေ့တွင် သယ်ယူပို့ဆောင်သူနှင့် တစ်ဆင့်ခံ ဖြန့်ဖြူးသူအထိသာ ဖော်ထုတ်ဖမ်းဆီးနိုင်သေးကြောင်းကိုလည်း ၎င်းကပြောသည်။
zaw_lin_tun_2.jpg
title=
“အဲဒီက နောက်တစ်ဆင့် ထပ်စုံစမ်းတဲ့အခါကျတော့ ခက်သွားပြီ။ စုံစမ်းလို့ရရင်လည်း သတင်းအတွင်းပိုင်းက နယ်စပ်ဖက်ကို ရောက်သွားတယ်။ အဲဒီကျတော့ တရားဥပဒေစိုးမိုးမှု မရှိသေးတဲ့ေနရာဖြစ်လို့ ပျက်သွားတယ်” ဟု ရဲမှူးကြီး ဇော်လင်းထွန်းက ဆိုသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် စီစဉ်နေသည့် ၂၁ ရာစုပင်လုံ ညီလာခံ၏ ရလဒ်သည် အလွန်အရေးကြီးပါကြောင်း ၎င်းက ပြောသည်။
အစိုးရက လတ်တလော အကောင်အထည်ဖော်နေသည့် ရက် ၁၀၀ စီမံကိန်းအတွင်း ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် စိတ်ကြွမူးယစ်ဆေးပြား ၂ ဒသမ ၁ သန်းကျော် ဖမ်းဆီးရမိသည့်ဖြစ်စဉ်မှာ အကြီးဆုံးဖြစ်ပြီး ယင်းအမှုတွင်လည်း ပင်ရင်းပိုင်ရှင်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးအမှုများတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်း ရပ်နားထားသည့် ကွန်တိန်နာပေါ်တွင် ပြီးခဲ့သည့်နှစ်၊ ဇူလိုင် ၂၆ ရက်က ဖမ်းဆီးရမိသော စိတ်ကြွမူးယစ်ဆေးပြားအလုံးရေ ၂၆၇ သိန်း အမှုမှာထင်ရှားသည်။
နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ဇွန် ၂၆ ရက်နေ့က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို တက်ရောက် အမှာစကားပြောသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေကလည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှ တစ်ဆင့် မူးယစ်ဆေးဝါးပြဿနာကို လျော့နည်းကျဆင်းစေရန် ကြိုးပမ်းသွားမည်ဟု ကတိပြုသွားသည်။
“ကမ္ဘာ့မူးယစ်ဆေးဝါးဈေးကွက်၊ အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှုတွေကို တန်ပြန်နိုင်မယ့် တားဆီးနှိမ်နင်းရေး ရည်မှန်းချက်တွေ၊ မဟာဗျူဟာတွေ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အဓိက ကြိုးကိုင်သူတွေနဲ့ ကျူးလွန်သူတွေကို ဥပဒေနှင့်အညီ တိတိကျကျ ဖော်ထုတ် အရေးယူသွားဖို့ လိုပါတယ်” ဟုလည်း ဦးမြင့်ဆွေက ဆိုသည်။
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယမြောက်ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး (UNODC) အစီရင်ခံစာများက ဆိုသည်။ သို့သော် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်မတိုင်မီအထိ ခုနစ်နှစ်ဆက်တိုက် မြင့်တက်လာသည့် ဘိန်းစိုက်ပျိုးမှုကို ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ပြန်လည်ထိန်းချုပ်နိုင်ခြင်းကိုလည်း UNODC က မှတ်တမ်းတင်ထားသည်။
ဖွန် ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးသည့်အခမ်းအနားများတွင် အမေရိကန်ဒေါ်လာ ၅၇ သန်းခန့်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။
သတင်း-ဉာဏ်လှိုင်လင်း