မီးပူကပ်ခံရသူကလေးအမှု ထိပ်တန်းအဖွဲ့ကြီးများ ကိုင်တွယ်နေ

ရိုက်နှက်၊ မီးပူဖြင့်ကပ်ခံရသည့် ၁၃ နှစ်သမီးအမှုကို ထိရောက်စွာအရေးယူနိုင်ရန် လူမှုဝန်ထမ်းဌာန၊ လူ့အခွင့်အရေးကော်မရှင်တို့ ကြိုးပမ်းနေကြသည်။

ရန်ကုန်၊ ဇူလိုင် ၂၁

၁၃ နှစ်အရွယ် အိမ်အကူတစ်ဦး ရန်ကုန်တွင် ရိုက်နှက်၊ မီးပူဖြင့် ကပ်၊ ရေနွေးပူဖြင့် ပက်ခံခဲ့ရမှုကို ထိရောက်စွာ စုံစမ်း၊ စစ်ဆေး၊ အရေးယူနိုင်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ လူမှုဝန်ထမ်း ဦးစီးဌာနတို့က ကြိုးပမ်းဆောင်ရွက်နေကြသည်။

ညှဉ်းပန်းနှိပ်စက်မှုကျူးလွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယူဆနေသော ထိုမိန်းကလေး၏ အလုပ်ရှင်တို့ကို လူမှုဝန်ထမ်း ဦးစီးဌာနက ကလေးသူငယ် အက်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုရာ မြို့နယ်တရားရုံးတွင် လုပ်ငန်းပိုင်းအရ ကြန့်ကြာမှု ရှိနေသည်ဟု လူ့အခွင့်အရေးကော်မရှင်၊ တိုင်ကြားစာများ စိစစ်ရေးကော်မတီမှ တာဝန်ရှိသူ ဦးယုလွင်အောင်က ဇူလိုင် ၂ဝ ရက်နေ့တွင် ပြောသည်။

“အခုက ကလေးသူငယ်အက်ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အမှုထပ်ဖွင့်တယ်။ ဒါကို တရားသူကြီးက လက်မခံဘဲ ဥပဒေအကြံပြုချက် တောင်းနေတယ်။ အဲ့ဒီမှာ ပြဿနာဖြစ်တာ။ ဒါက ထုံးစံမှမရှိတာ။ အရင် ဒီလို ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အမှုတွေဖြစ်စဉ်တွေမှာ ဒါမျိုးမှ မရှိတာ။ ဥပဒေအကြံပေးကလည်း သူ့မှာ ပေးပိုင်ခွင့်မရှိတော့ မပေးဘူး” ဟု ဦးယုလွင်အောင်က ပြောသည်။

ကော်မရှင်သည် အမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

နှိပ်စက်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ မခိုင်နှင်းဝေသည် မေလဆန်းပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၄ ရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း(၄ဝ၂) တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အလုပ်ရှင်တို့က သူ့ကို ညှဉ်းပမ်းနှိပ်စက်ကြောင်း အိမ်နီးချင်းတို့က ရိပ်မိပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် သွားရောက်စစ်ဆေးကယ်ထုတ်ကာ အိမ်ရှင်နှစ်ဦးကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် ရဲစခန်းတွင် ဇွန်လဆန်းပိုင်းက အမှုဖွင့်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဇွန်လ ၅ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် မခိုင်နှင်းဝေ၏ ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်းတို့တွင် အပူလောင်ဒဏ်ရာ၊ ဦးခေါင်းနှင့် ခြေနှစ်ဖက်တွင် ဖူးယောင်ဒဏ်ရာ ရရှိကြောင်း၊ အိမ်ရှင်ဖြစ်သူများက မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းတို့ကြောင့် ရရှိခဲ့သည့်ဒဏ်ရာများဖြစ်ကြောင်း ဖော်ပြထားသည်။

အလုပ်ရှင်တို့ အာမခံရရှိ

တရားစွဲဆိုပြီး တစ်လနီးပါးအကြာ ဇူလိုင် ၃ ရက်နေ့ ရုံးချိန်းတွင် ပဏာမဆေးစာအပေါ် အခြေခံပြီး မြို့နယ်တရားရုံးက စွဲဆိုထားသည့်အမှုကို ပုဒ်မ ၃၂၆ မှ အာမခံပေးနိုင်သည့် ပုဒ်မ ၃၂၄ သို့ ပြောင်းလဲပြီး အိမ်ရှင်နှစ်ဦးကို အာခံပေးလိုက်သည်။

တရားရုံးက အာမခံ ပေးလိုက်ခြင်းကြောင့် လွှတ်ပေးရခြင်း ဖြစ်သည်ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရဲစခန်းမှူး ဦးသိန်းစိုးက ပြောသည်။

“ဆေးစာပေါ်မှာနဲ့ ဥပဒေဝန်ထမ်းရဲ့ အကြံပြုချက်တွေပေါ်မှာ ကျွန်တော်တို့ရဲတပ်ဖွဲ့က လွှမ်းမိုးလို့ မရဘူး။ ပဏာမဆေးစာမှာက သာမာန်ဒဏ်ရာတွေပဲမို့ ပုဒ်မပြောင်း အာမခံပေးလိုက်တာ” ဟု သူက ဆိုသည်။

အဆုံးသတ် ဆေးအစီရင်ခံစာရထားပြီးဖြစ်ကြောင်း၊ မျက်နှာဒဏ်ရာ ပြင်းထန်သည်ဟု ဖော်ပြထားသော ထိုအစီရင်ခံစာကို တရားရုံးသက်သေခံအဖြစ် တင်သွင်းမည်ဖြစ်သောကြောင့် ပုဒ်မအပြောင်းအလဲ ပြန်ဖြစ်ကာ အာမခံ ပြန်လည် ရုပ်သိမ်းနိုင်ဖွယ်ရှိသည်ဟု ယူဆကြောင်း ရဲအရာရှိက ဆက်ပြောသည်။

စာသင်ခန်းထဲပြန်ရောက်

ဒဏ်ရာများစွာ ရရှိခဲ့သော မခိုင်နှင်းဝေသည် ယခုအခါ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ရှိ စာသင်ကျောင်း တစ်ခုတွင် ပညာသင်ယူနေပြီဖြစ်သည်။

ကျောင်းချိန်ပြင်ပတွင် မခိုင်နှင်းဝေသည် မရမ်းကုန်းရှိ အမျိုးသမီးငယ်များ သင်တန်းကျောင်းတွင် နေထိုင်လျက်ရှိသည်။ သင်တန်းမှ ကျောင်းအုပ် ဒေါ်ခင်ထွေးကြည်က မခိုင်နှင်းဝေကို အထူးဂရုစိုက်ကာ နှစ်သိမ့်အားပေး၊ ပြုစု စောင့်ရှောက်ထားကြောင်း၊ လုပ်ငန်းခွင်တွင် နှိပ်စက်ခံရမှုကြောင့် ရရှိခဲ့သော စိတ်ဒဏ်ရာမှာလည်း ပြန်လည် သက်သာလာပြီဖြစ်ကြောင်း လူ့အခွင့်အရေးကော်မရှင်နှင့် ဇူလိုင် ၂ဝ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ကျွန်မတို့ကတော့ အဖြစ်မှန်ကို အဖြစ်မှန်အတိုင်းဖြစ်အောင် ဆက်ဆောင်ရွက်သွားမှာပါ။ ကျူးလွန်သူလည်း ကျူးလွန်တဲ့ အတိုင်းအတာအတိုင်း အရေးယူနိုင်အောင် ဆောင်ရွက်မှာပါ” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းအုပ် ဒေါ်ခင်ထွေးကြည်က ဆိုသည်။

ဦးစီးဌာနက တရားစွဲဆိုရေး လုပ်ငန်းစဉ်မှာ တရားရုံးတွင် ကြန့်ကြာနေမှုအတွက် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ကျောင်းအုပ်က ဆက်ပြောသည်။

ရန်ကုန်မှ အထင်ကရ တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း တရားရုံးက ဥပဒေအကြံပြုချက်ကို တောင်းခံနေခြင်းမှာ တရားရေးဆိုင်ရာ လွဲှချော်မှု ဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။

“ရဲအရေးပိုင်တဲ့အမှုတွေမှာ ဥပဒေအကြံပြုချက်နဲ့ တရားရုံးက လက်ခံ ဆောင်ရွက်တာမှန်ပေမယ့် ဒီဟာက လူမှုဝန်ထမ်းက ကလေးသူငယ်ဥပဒေပုဒ်မတပ်ပြီး ထပ်တရားစွဲတာ။ ဒါဟာ ဘာမှဥပဒေအကြံပြုချက်ကို တောင်းနေစရာမလိုဘူး” ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

သတင်း- Myanmar Now

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar