ကမ္ဘာ့အကြီးဆုံး ဥပဒေအကျိုးဆောင်လုပ်ငန်းက ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်

အပြည်ပြည်ဆိုင်ရာ ဥပဒေအကျိုးဆောင်လုပ်ငန်းကြီးဖြစ်သည့် Dentons ကုမ္ပဏီက အရှေ့တောင်အာရှဒေသတွင် ဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရန် ရည်ရွယ်ကာ ရန်ကုန်ြမို့တွင် ရုံးခွဲသစ် ဖွင့်လှစ်လိုက်ကြောင်း မေ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အရည်အချင်းပြည့်ဝသည့် ရှေ့နေများ ပါဝင်သည့်  Livingstons Legal အဖွဲ့ကို Mark Livingston က ဦးဆောင်ပြီး Dentons မြန်မာလီမိတက်တွင် Resident Partner အဖြစ် တာဝန်ယူ လုပ်ကိုင်သွားမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်လိုက်သည့် Dentons ရုံးသစ်သည် စင်ကာပူနိုင်ငံတွင် နှစ်ကာလ အကြာမြင့်ဆုံး အခြေစိုက်ပြီး စီးပွားရေးလုပ်ငန်း အများအပြားကို ဥပဒေဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးနေသည့် Dentons Rodyk နှင့် အနီးကပ်လက်တွဲ လုပ်ကိုင်သွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလဲလာတဲ့အတွက် ကုမ္ပဏီနဲ့ လက်တွဲ လုပ်ကိုင်နေတဲ့  အာရှဒေသနဲ့ ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီတွေအတွက်  နိုင်ငံတွင်းဈေးကွက်နဲ့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ ဈေးကွက်အခွင့်အလမ်းများစွာကို လမ်းဖွင့်ပေးလိုက်ပါပြီ်” ဟု Dentons ၏ ကမ္ဘာလုံးဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Joe Andrew က ပြောကြားသည်။

“မြန်မာနိုင်ငံဆိုတာ ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံး ဈေးကွက်နယ်ပယ်ဒေသတွေထဲက အချက်အခြာကျတဲ့ အရေးပါတဲ့ တိုးတက်ဖွံ့ဖြိုးဆဲ ဈေးကွက်တစ်ခုဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။

“ထွန်းသစ်စ စီးပွားရေးဈေးကွက်တွေ အောင်အောင်မြင်မြင်လည်ပတ်နိုင်ဖို့ရာ ယုံကြည်အားထားရပြီး အရည်အသွေးမြင့်တဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုများရရှိဖို့က အလွန်အရေးပါပါတယ်။ Dentons အနေနဲ့ ယခုလို မြန်မာနိုင်ငံအတွင်း ရောက်ရှိလာပြီး နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုသွားနိုင်မှာဖြစ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“Dentons မြန်မာအဖွဲ့ဝင်တွေရဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဝန်းကျင် အနေအထားနဲ့ လုပ်ထုံးလုပ်နည်းအကြောင်း ခရေစေ့တွင်းကျ သိရှိနားလည်မှုကို ကမ္ဘာ့အကြီးဆုံး ဥပဒေအကျိုးဆောင်ကုမ္ပဏီက ပံ့ပိုးပေးတဲ့ အရင်းအမြစ်တွေနဲ့ ပေါင်းစပ်ပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်” ဟု Livingston ကပြောသည်။

Dentons ၏ စင်ကာပူနိုင်ငံဆိုင်ရာ အလုပ်အမှုဆောင်ချုပ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သည့်အပြင် Dentons Rodyk ၏ ဒေသဆိုင်ရာ အလုပ်အမှုဆောင်ချုပ်လည်းဖြစ်သူ မစ္စတာ Philip Jeyaretnam က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို နောက်လာမယ့် ငါးနှစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခွင့် အလမ်းတစ်ခုအဖြစ် မြင်ပါတယ်။ ရန်ကုန်ရုံးသစ်က သူတို့ ဝန်ဆောင်မှုပေးမယ့် စီးပွားရေးလုပ်ငန်းတွေ အခြေခိုင်မာဖို့နဲ့ ဖွံ့ဖြိုးကြီးထွားလာဖို့ ရည်မှန်းချက်ကို အဓိကထားပြီး ဥပဒေဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံရုံးခွဲအပါအဝင် ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၆၀ ကျော်ရှိ ရုံးခွဲပေါင်း ၁၅၀ ကျော်တွင် ဝန်ထမ်းပေါင်း ၈,၀၀၀ ကျော် က Dentons အတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar