ဥပဒေအထက်တွင် မည်သူမှ နေ၍မရဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ဥပဒေအထက်တွင် မည်သူမှ နေ၍မရဘဲ ဥပဒေချိုးဖောက်ပါက ဥပဒေအရ အရေးယူခံရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အရာရှိကြီးများအား ပြောကြားသည်။

ပြင်ဦးလွင်တပ်နယ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်း၌ ဥပဒေ(အရာရှိ) ဒီပလိုမာသင်တန်း တက်ရောက်နေသည့် တပ်မတော်အရာရှိကြီးများအား ဧပြီ ၁၈ ရက်နေ့က တွေ့ဆုံ အမှာစကား ပြောကြားရာ၌ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်မှုထမ်းဥပဒေအရ ၁၈ နှစ်ပြည့်ပြီးမှသာ တနည်းအားဖြင့် ဥပဒေအရ မဲပေးခွင့် ရှိသူများသာ တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း၊ ထို့ကြောင့်တရားဥပဒေကို မသိနားမလည်ဟုဆိုပြီး ချိုးဖောက်၍မရသကဲ့သို့ ဥပဒေအထက်တွင် မည်သူမှနေ၍မရကြောင်း၊ ဥပဒေ ချိုးဖောက်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း” ၎င်းကပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်- မောင်တောဒေသ၊ အင်းဒင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများကို ဂျီနီဗာကွန်ဗန်းရှင်းနှင့်အညီ တပ်မတော်က ဆောင်ရွက်ခဲ့ပြီး တစ်ဦးချင်း လိုက်နာမှုအားနည်းသည့် အရာရှိ၊ စစ်သည်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

အင်းဒင်ကျေးရွာတွင် လူ ၁၀ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်းကာ သတ်ဖြတ်ခဲ့မှုအတွက် တပ်မတော်မှ အရာရှိနှင့် စစ်သည် ခုနစ်ဦးအား တပ်မတော်မှ ထုတ်ပယ်ကာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့မှုကို ရည်ညွှန်းပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

“စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည်နှင့်အညီ တပ်မတော်သားများသည် စစ်ဘက် ဥပဒေကိုသာမက အရပ်ဘက် ဥပဒေများကိုပါ လိုက်နာကြရသူများ ဖြစ်ကြောင်း၊ ထိုသို့ လိုက်နာနိုင်ရန် ဥပဒေများကို သိရှိကြရမည်ဖြစ်ပြီး စည်းကမ်းချိုးဖောက်လျှင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သည်ကို သိရှိရန် လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လျက်ရှိပြီး ပြည်သူလူထုကို စောင့်ရှောက်နေသည့် အဖွဲ့အစည်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း”လည်း ၎င်းက ပြောကြားသည်။

ယခုအချိန်တွင် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းကြရာ၌ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးမှာ ပိုမို အရေးကြီးလာသဖြင့် ဥပဒေများကို ပိုမိုသိရှိနားလည်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

တပ်မှူးများအနေဖြင့် လက်အောက် ငယ်သားများအား အုပ်ချုပ်ရာတွင် ဘက်လိုက်မှုမရှိဘဲ ညီညွတ်မျှတစွာ အုပ်ချုပ်ရန်နှင့် ဥပဒေနှင့်ပတ်သက်လျှင် ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲကင်းစွာဖြင့် တရားမျှတစွာ ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

တပ်မတော်အတွင်း စစ်စည်းကမ်းကို မလိုက်နာဘဲ ဥပဒေချိုးဖောက်မှုများ ရှိလျှင် တပ်တွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်သည်ဟုလည်း ၎င်းက ပြောကြားသည်။ တပ်မတော်၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်၏ ပုံရိပ်၊ နိုင်ငံတော်၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည့် စည်းကမ်းဖောက်ဖျက်မှုများ မဖြစ်ပေါ်စေရေးအတွက် တပ်မှူးများက မိမိတို့အုပ်ချုပ်ရသည့် အရာရှိ၊ စစ်သည်များအား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar