မိုင်းရှူးနှင့် ကျေးသီးတွင် မဲပေးခြင်း အသိပညာပေးမှု နည်းပါးသဖြင့် ပယ်မဲများပြားခဲ့

ရန်ကုန်၊ ဧပြီ ၅

မဲပေးခြင်းအသိပညာပေးမှု နည်းပါးသဖြင့် ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ မိုင်းရှူးနှင့် ကျေးသီးဒေသတို့၌ ပယ်မဲများပြားခဲ့ရသည်ဟု မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက်က ယနေ့ ထုတ်ပြန်လိုက်သည်။

“တိုင်းရင်းသားဒေသတွေမှာ မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်တဲ့အခါ မဲပေးစို့ဆိုတဲ့ ပိုစတာ၊ ဗီနိုင်းလေးတွေလောက်မှာပဲ ဒေသခံဘာသာစကားသုံးပြီး ပညာပေးအဖွဲ့တွေက လုပ်ပေးနိုင်တာ တွေ့ရတယ်။ ကျန်တဲ့ ဥပမာ ဘယ်လိုဟာတွေက ပယ်မဲဖြစ်သွားမယ်၊ ဘယ်လိုဟာတွေက ခိုင်လုံမဲတွေဖြစ်မလဲ၊ နောက်ပြီးတော့ မဲရုံထဲဝင်တဲ့အခါ ဘယ်လိုမဲပေးရမလဲ ဆိုတာမျိုးတွေကို ဗမာဘာသာစကားတစ်ခုထဲနဲ့ပဲ ရေးပေးထားတာမျိုး ဖြစ်နေသေးတယ်” ဟု ကွန်ရက်အဖွဲ့ဝင်ဖြစ်သည့် Rainmaker မှ စီမံကိန်းမန်နေဂျာ ဦးမင်းသုနောင်က ပြောသည်။

ထို့ကြောင့် အဆိုပါဒေသများကဲ့သို့ ဗမာဘာသာဖြင့် စကားထိတွေ့မှုနည်းသည့် ဒေသများ၌ မဲပေးခြင်း အသိပညာပေး ဆောင်ရွက်ရာတွင် ဒေသခံဘာသာစကားဖြင့် ပြုလုပ်ပေးသင့်သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတစ်ခုက ဒေသတိုင်းမှာ တိုင်းရင်းသားဘာသာစကားနဲ့ အသိပညာပေး လုပ်မယ်ဆိုရင်တော့ တချို့တိုင်းရင်းသားပြည်နယ်ဒေသတွေမှာက ကွဲပြားခြားနားတဲ့ ဘာသာစကားပေါင်း ရာနဲ့ချီ ရှိနေတယ်။ အဲဒါကို သုတေသနတွေ ကောင်းကောင်းလုပ်ပြီး ဘယ်နေရာမှာ၊ ဘယ်ဘာသာစကားကို သုံးသင့်လဲဆိုတာ စဉ်းစားလုပ်ဆောင်ရမလို ဖြစ်နေပြီ”ဟု ဦးမင်းသုနောင်က အကြံပေးထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အပြီးသတ်မဲစာရင်းအရ မဲဆန္ဒနယ် ၁၉ ခုတွင် မဲပေးခွင့်ရှိသူ ၂,၁၂၆,၈၉၈ ဦးရှိပြီး စုစုပေါင်း ၈၄၃,၈၉၉ ဦးက မဲပေးခဲ့ရာ ထိုအထဲမှ ပယ်မဲဖြစ်သွားသည့် ဆန္ဒမဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးရာခိုင်နှုန်းသာ ရှိခဲ့သည်။ သို့သော် ပယ်မဲအများဆုံးဒေသများဖြစ်သည့် မိုင်းရှူးမြို့နယ်တွင် ဆန္ဒမဲအရေအတွက်၏ ၁၉ ရာခိုင်နှုန်းနှင့် ကျေးသီးတွင် ၁၆ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း ၎င်းတို့အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမြို့နယ်များမှာ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့သဖြင့် ရွေးကောက်ပွဲအတွေ့အကြုံမရှိသည့် နယ်မြေဖြစ်နေခြင်းနှင့် လက်နက်ကိုင်ထိန်းချူပ်နယ်မြေဖြစ်ကာ မဲဆန္ဒရှင်ပညာပေးလုပ်ငန်း ဆောင်ရွက်သည့် ပြင်ပအဖွဲ့အစည်းများ ဝင်ရောက်ရန်ခက်ခဲသည့် အခြေအနေများရှိနေခြင်းတို့ကြောင့် ၎င်းဒေသတို့ရှိ မဲဆန္ဒရှင် ပြည်သူများတွင် မဲပေးခြင်းဆိုင်ရာ အသိပညာနည်းပါး၍ ပယ်မဲများခဲ့ရခြင်းဖြစ်သည်ဟု ဦးမင်းသုနောင်မှ ဆက်ပြောသည်။

မဲပေးခြင်းအသိပညာပေး ဆောင်ရွက်သည့်အခါ တိုင်းရင်းသား ဒေသခံဘာသာစကားဖြင့် မပေးနိုင်ခြင်းက ရွေးကောက်ပွဲအတွက် အခက်အခဲဖြစ်နေကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များက မဲပေးခြင်းဆိုင်ရာ အသိပညာပေးအဖွဲ့များကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပြီး ဒေသခံတိုင်းရင်းသား ဘာသာစကားများ အသုံးပြုလျက် အသိပညာပေး လုပ်ဆောင်နိုင်မည်ဆိုပါက နောက်လာမည့် ရွေးကောက်ပွဲများတွင် ပယ်မဲလျော့နည်းသွားမည်ဟု ၎င်းတို့အဖွဲ့က မှတ်ချက်ပြုခဲ့သည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက်ကို ကရင်လူငယ် မျိုးဆက်သစ်များအဖွဲ့ (Karen New Generation Youth)၊ လူထုလေ့လာစောင့်ကြည့်ရေးအဖွဲ့(Community Observer Association)၊ အလင်းသစ်(အမျိုးသမီး စောင့်ကြည့်လေ့လာရေးအဖွဲ့)၊ Rainmaker၊ ပဲခူးလေ့လာစောင့်ကြည့်ရေးအဖွဲ့၊ ချင်းမိသားစုအဖွဲ့(Chin Family Group)နှင့် Brave New Burma Federation အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် ၎င်းတို့အဖွဲ့က စောင့်ကြည့်လေ့လာသူ ၁၄၇ ဦးဖြင့် လစ်လပ်မဲဆန္ဒနယ် ၂၂ မြို့နယ်တွင်ရှိသော မဲရုံပေါင်း ၁၄၇ ရုံအား စောင့်ကြည့်လေ့လာခဲ့ကာ ကြားဖြတ်ရွေးကောက်ပွဲနေ့ ကနဦးတွေ့ရှိချက်များ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

၎င်းတို့အဖွဲ့အနေဖြင့် ရွေးကောက်ပွဲမတိုင်ခင်က အမျိုးသမီးကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာ အခက်အခဲများအကြောင်းကို အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ဖူးပြီး ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စောင့်ကြည့်ကာ အပြီးသတ် အစီရင်ခံစာအား နှစ်လအတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။

သတင်း-ထူးထက်နိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar