မဘသ ဖျက်သိမ်းရတော့မည်

ရန်ကုန်၊ မေ ၂၃

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် နိုင်ငံအနှံ့ရှိ မဘသအဖွဲ့၏ ဆိုင်းဘုတ်များကို ဖြုတ်သိမ်းရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ယနေ့ အမိန့်ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်ကို မဘသ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတ တိလောကာ ဘိဝံသနှင့် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသတို့က သဘောတူ လက်မှတ်ထိုးခဲ့ပြီဖြစ်သည့်အတွက် မဘသအဖွဲ့ကို ဖျက်သိမ်းရတော့မည်ဖြစ်သည်။

သံဃမဟာနယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို မဘသအဖွဲ့အနေနှင့် “တိကျစွာလိုက်နာမည် ဖြစ်ကြောင်းနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကျန်အဖွဲ့ဝင် ဆရာတော်များအားလည်း အသိပေးပြောကြားမည်ဖြစ်ကြောင်း” ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ထားသည်ကို မဟန၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

မဟန၏ အမိန့်စာအရ မည်သူတဦးတယောက်မှ အဖွဲ့လိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ၊ မဘသ၏ အမည်ကို သုံးစွဲခွင့်ရတော့မည် မဟုတ်ဘဲ၊ ဇူလိုင် ၁၅ ရက်နောက်ဆုံးထား၍ တနိုင်ငံလုံးရှိ မဘသ၏ ဆိုင်းဘုတ်များကို ဖြုတ်သိမ်းပစ်ရမည်ဖြစ်သည်။

အထက်ပါ ဆုံးဖြတ်ချက်များကို မလိုက်နာပါက လူပုဂ္ဂိုလ်ဖြစ်စေ၊ ရဟန်းဖြစ်စေ တရားဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနက “အမြန်ဆုံး အရေးယူဆောင်ရွက်ရန်” ဟု ပါရှိသည်။

ထိုကဲ့သို့ ဆုံးဖြတ်ချက်များကို မဘသ ဆရာတော်များက လက်ခံပြီး လာမည့် မေ ၂၇ နှင့် ၂၈ ရက်များတွင် ကျင်းပရန် လျာထားသည့် မဘသ (၄) နှစ်ပြည့်ညီလာခံကို မကျင်းပတော့သော်လည်း အဆိုပါနေ့တွင် အထူးရှင်းလင်းပွဲ ကျင်းပသွားမည်ဟု မဘသ၏ ဦးဆောင်ဆရာတော်တပါးဖြစ်သူ အရှင်သောပါက က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် ကြေညာထားသည်။

မဘသ အဖွဲ့ကြီး ဖျက်သိမ်းရတော့မည်ဖြစ်သော်လည်း ပြီးခဲ့သည့် မေ ၁၆ ရက်နေ့က ကျင်းပသည့် မဘသ သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ထားသည့် ဓမ္မဝံသာနုရက္ခတ အသင်းဟူသည့် မဘသ၏ ကိုယ်ပွားအဖွဲ့တဖွဲ့ ကျန်ရှိနေသေးသည်။

အဆိုပါ အဖွဲ့ကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်က အတွင်းရေးမှူးရာထူး ရယူထားပြီး စာရေးဆရာ မောင်သွေးချွန်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသည်။

သတင်း- မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar