ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာမှာ အစွန်းမရောက်ကြဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သားတွေကို တိုက်တွန်းလိုက်ပါတယ်။
ဇူလိုင် ၁၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေတပ်နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော်ကာကွယ်ရေးကိစ္စရပ်များအတွင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးကို အမြဲလိုလို ထည့်သွင်းပြောကြားလေ့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မည်သူမဆို မိမိဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို အစွန်းရောက် သော လုပ်ဆောင်မှုမျိုးမဟုတ်ပဲ မျှတစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ကြရန်လည်းလိုပါတယ်”လို့ တပ်မိသားစုတွေကို ပြောလိုက်တာပါ။
သူ့ရဲ့ တိုက်တွန်းချက်ဟာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)ဟာ သံဃအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖွဲ့စည်းထားတာမဟုတ်ဘူးလို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)ရဲ့ ဆုံးဖြတ်ချက်နဲ့ တစ်ရက်တည်းထွက်ပေါ်လာတာပါ။ ဒီမတိုင်ခင် ရက်သတ္တပတ်များအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ စင်္ကာပူနဲ့ ရန်ကုန်လေဆိပ်မှာ ပြောခဲ့တဲ့ မဘသအဖွဲ့မလိုအပ်ဘူးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားမှုတွေလည်း ရှိနေခဲ့တာပါ။
၂၀၁၂ခုနှစ်အတွင်း ရခိုင်ပြည်နယ်က စတင်ဖြစ်ပွားတဲ့ ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေ နိုင်ငံအနှံ့ ပျံ့နှံ့လာချိန်ကစပြီး မြန်မာနိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုတွေ ရှိလာနေတယ်ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းကအာရုံ စိုက်ပြောဆိုမှုတွေ ကြုံနေရပါတယ်။ မဘသအဖွဲ့ရဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝီရသူဆိုရင် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာ ၂၀၁၃ ခုနှစ်အတွင်းက The Face of Buddhist Terror ဆိုပြီး ဦးဝီရသူကို လူမျိုးရေးဘာသာရေး ခွဲခြားသူ အကြမ်းဖက်မှုကို အားပေးသူအဖြစ် စွပ်စွဲဖော်ပြခံခဲ့ရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုမှုအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၈၇ ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာကိုးကွယ်သူ ခြောက်ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ လေးရာခိုင်နှုန်းနဲ့ ကျန်တဲ့ သုံးရာခိုင်နှုန်းက အခြားသော ကိုးကွယ်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း