ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ကျင်းပမည်

ရန်ကုန်၊ မေ ၁၂

ရန်ကုန် နိုင်ငံရေးသိပ္ပံ (Yangon School of Political Science)မှ ကျောင်းသူ ကျောင်းသားများ စုပေါင်းပြုလုပ်သည့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံမှ ဘာသာရေးအကြီးအကဲများနှင့် လူငယ်များ ပါဝင်သော ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲကို မေ ၁၄ ရက်၊ စနေနေ့တွင် ကျင်းပသွားမည် ဖြစ်သည်။

“ချစ်ခြင်းနဲ့လှမ်းတဲ့ ခြေလှမ်းတွေ” ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို အဆိုပါနေ့ မွန်းလွဲ ၃ နာရီခွဲမှ ည ခုနစ်နာရီအထိ ပြုလုပ်မည်ဖြစ်သည်။ ကျောက်မြောင်းမီးပွိုင့်လမ်းဆုံ(ဘဟာအီ ရုံးချုပ်အနီး) မှစတင်မည်ဖြစ်ပြီး ဗညားဒလလမ်းတစ်လျှောက်၊ သိမ်ဖြူလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေလမ်းမကြီးတစ်လျောက် လမ်းလျှောက်ကာ မဟာဗန္ဓုလပန်းခြံရှေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ လမ်းတစ်လျှောက်နှင့် အဆုံးသတ်တွင် ငြိမ်းချမ်းရေးဂီတသံစဉ်များဖြင့် တီးခတ်ဖျော်ဖြေသွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံမှာ လူမျိုးတွေ၊ ဘာသာတွေ၊ အယူဝါဒတွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ၊ နိုင်ငံသားမှန်တယ်ဆိုရင် ကျွန်တော်တို့အတူတကွ ရှိနေတယ်။ နိုင်ငံရေး အကျပ်အတည်းပဲဖြစ်စေ၊ စီးပွားရေးအခက်အခဲပဲဖြစ်စေ ကျွန်တော်တို့အားလုံး အတူတကွ ရှိနေတယ်ဆိုတဲ့ သတင်းစကားကို ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်“ ဟု YSPS မှ ကျောင်းသား ကိုအောင်ဇော်က ဆိုသည်။

မဟာဗန္ဓုလပန်းခြံရှေ့တွင် အဆုံးသတ်သည့်အခါ ဘာသာရေးခေါင်းဆောင်များက ငြိမ်းချမ်းရေးတရားများ ဟောပြောမည့်အစီအစဉ် ပါဝင်ခဲ့သော်လည်း ခွင့်ပြုမိန့်မရသည့်အပြင် မူလရေးဆွဲထားသော လမ်းကြောင်းကိုလည်း ပြောင်းလဲခဲ့သောကြောင့် အဆိုပါ ဟောပြောမည့်အစီအစဉ်ကို မထည့်သွင်းတော့ဘဲ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ သဘောထားထုတ်ပြန်ချက်ကိုသာ ဖတ်ကြားမည်ဖြစ်ပြီး မူလရေးဆွဲထားသော လမ်းကြောင်းအတိုင်းသာ လျှောက်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“YSPS ကျောင်းသားများနှင့်အတူ ပူးပေါင်းပါဝင် လမ်းလျှောက်ကြမည့် လူငယ်အဖွဲ့များမှာလည်း ၂၀ ကျော်ရှိပြီ ဖြစ်ပြီး လူထုက ငြိုငြင်သွားမယ့်အဖြစ်ကိုလည်း မဖြစ်စေချင်ဘူး။ ဒါ ပထမဆုံးလုပ်တာ ဖြစ်တဲ့အပြင် ဘာသာပေါင်းစုံလည်းပါတယ်၊ ဘာသာမဲ့တွေလည်း ပါတယ်ဆိုတော့ Risk အရမ်းများပါတယ်။ လမ်းလျှောက်တဲ့အခါမှာလည်း ဆူဆူညံညံတွေ မဖြစ်အောင် လမ်းမပိတ်အောင် အသေးစိတ်ကအစ စီစဉ်ထားပါတယ်” ဟု YSPS ကျောင်းသူ မဂျုးဂျုးသန်းက ဆိုသည်။

သတင်း- သီရိဟန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar