စစ်‌မြေပြင်များရဲ့ မနက်ဖြန်

စစ်ရေးပဋိပက္ခဒဏ်ခံစားနေရတဲ့ ချင်းပြည်တောင်ပိုင်းခရီးစဉ်ဟာ Frontier ရဲ့ သတင်းထောက် ကိုကျော်လင်းထွန်းအတွက် အတွေးအိပ်မက်တစ်ခု ထင်ကျန်စေခဲ့ပါတယ်။ ဒီအတွေးကတော့ မြန်မာပြည်ကြီးမှာ ငြိမ်းချမ်းရေးလွှမ်းခြုံလာနိုင်ပြီး ပြည်တွင်းစစ်ပွဲတွေကို ပြတိုက်လို သမိုင်းဝင် အဆောက်အအုံ၊ အထိမ်းအမှတ်နေရာတွေမှာပဲ တွေ့ရတော့မယ့် နေ့တစ်နေ့ဆိုတဲ့ အိပ်မက်ပါ။

ကျော်လင်းထွန်း ရေးသားသည်။

ချင်းတောင်တန်းတွေပေါ်မှာ ဆိုင်ကယ်တစ်စီးနဲ့ ခြေဆန့်မောင်းနှင်ရင် ခရီးဆန့်ရတဲ့ အတွေ့အကြုံကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော် ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ဖူးပါတယ်။ မှတ်မှတ်ရရလည်းရှိတဲ့ အဲဒီလွန်ခဲ့တဲ့ ငါးနှစ်တာကာလက ခရီးစဉ်မှာ ချင်းပြည်မြောက်ပိုင်းဆိုရင် တွန်းဇံနဲ့ တီးတိန်၊ တောင်ပိုင်းမှာဆိုရင်တော့ မင်းတပ်နဲ့ ကန်ပက်လက်တို့ကို ရောက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မစ်ဇိုရမ်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေအပါအဝင် တခြားဝေးလံခေါင်သီပြီး တောအထပ်ထပ် တောင်အလီလီ ကာရံထားတဲ့ ကျေးရွာတွေဆီ ကြမ်းတမ်းတဲ့လမ်းတွေပေါ် ကျော်ဖြတ်မောင်းနှင်ရင်း အများအားဖြင့် တကိုယ်ရည်ပဲ သွားလာခဲ့ပါတယ်။ တချို့လမ်းတွေဟာ တောင်ကမ်းပါးယံတွေပေါ်က ကျဉ်းမြောင်းလှတဲ့ ဆိုင်ကယ်တစ်စီးစာသာသာ လမ်းလေးတွေ ဖြစ်သလို ကျောက်စိုင်ကျောက်ရိုင်းတုံးတွေထူလဗျစ် ရှိနေတဲ့ တောင်အငူစွန်းတွေမှာလည်း သွားလာရပါတယ်။ ဘယ်ပဲဖြစ်ဖြစ် အမြင့်တစ်နေရာရောက်တိုင်း အောက်က တောင်ကုန်းလိပ်လိပ်လေးတွေ ပြန်မြင်ရတာ ရှုမငြီးဖွယ်ရာပါ။

သတင်းသမားတစ်ယောက်အဖြစ် ၂၀၁၂ မှာစတင်လုပ်ကိုင်ချိန်ကစလို့ မြန်မာနိုင်ငံတနံတလျား ဝေးလံခေါင်းပါးတဲ့ ဒေသတွေကို ရောက်ခဲ့ရဖူးပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်၊ ချင်းပြည်ကို ပထမဆုံးရောက်ရှိချိန်မှာ ခံစားမိတာကတော့ ဒီပြည်နယ်လောက် ငြိမ်းချမ်းတဲ့ပြည်နယ် မရှိဘူးဆိုတဲ့အချက်ပါပဲ။ သတင်းသမား တစ်ယောက်အနေနဲ့ အကြောက်ဆုံးအရာကို ပြောပါဆို တပ်မတော်နဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ဖွဲ့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတစ်ခုခုမှာ ကြားညပ်သွားမယ့်အဖြစ်မျိုး၊ သို့မဟုတ် ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် လက်နက်ကိုင်ဆောင်ထားသူတဦးဦးရဲ့ ဖမ်းဆီးခြင်းခံရမယ့် အဖြစ်မျိုးကို အကြောက်ဆုံးပါ။

လွန်ခဲ့တဲ့ငါးနှစ်က ချင်းတောင်တန်းတွေထက်ဝယ် ကျွန်တော့်ဆံပင်တွေ လေတဟူးဟူးနဲ့ ဇိမ်ကျပြီး ခရီးထွက်နေရတုန်းကဆို တောထဲ၊ တောင်ထဲ တပ်မတော်ဖြစ်စေ၊ တခြားလက်နက်ကိုင်တဖွဲ့ဖွဲ့က ဖြစ်စေ ဘယ်အဖွဲ့အစည်းက စစ်ကြောင်းကိုမှ မတွေ့ခဲ့ရဖူးပါဘူး။

ဒါပေမဲ့ အခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့ကို လိုင်းကားနဲ့တစ်လှည့် ဆိုင်ကယ်နဲ့တစ်ဖုံ ခရီးဆန့် သွားလာခဲ့ချိန်မှာတော့ အခြေအနေတွေက အရင်နဲ့လုံးဝကိုမတူညီတော့ပါဘူး။ ပလက်ဝဟာ လက်ရှိအချိန်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် တခြားဒေသတွေနဲ့ ပိုင်းကန့်ခံထားရသလို သီးခြားဖြစ်နေတဲ့၊ အန္တရာယ်ရန်စွယ်တွေ ပတ်ပတ်လည် အဝိုင်းခံထားရတဲ့ မြို့တစ်မြို့ ဖြစ်နေပါပြီ။

ရန်ကုန်ကနေ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ကို လိုင်းကားနဲ့ သွား၊ ပခုက္ကူကနေမှ မတူပီကို နောက်ထပ် ယာဉ်လိုင်းငယ်နဲ့သွားရောက်ကာ အဲဒီကနေမှ ဆိုင်ကယ်တစ်စီးငှားပြီး ပလက်ဝအထိ ကီလိုမီတာ ၂၇၀ ကျော်ကို တကိုယ်တည်းခရီးနှင်ခဲ့ရတာပါ။ မကွေးတိုင်းအထွက် ချင်းပြည်နယ်အဝင်ဖြစ်တဲ့ မင်းတပ်မြို့ကို နည်းနည်းကျော်လာတယ်ဆိုရင်ပဲ မတူပီဘက်က ခါလီပြန်ဆင်းလာတဲ့ စစ်ယာဉ်တန်းတွေကို စမြင်ရပါပြီ။

ကျွန်တော် မှတ်မိသလောက်ဆို အဲဒီနေ့က စစ်ယာဉ်တန်းထရပ်ကား အစီး ၆၀ ထက်မနည်း ပြန်လာနေတာပါ။ ဒီစစ်ယာဉ်တန်းတွေဟာ မတူပီနဲ့ ပလက်ဝမြို့နယ်တို့အကြားမှာ စစ်ကြောင်းတွေ ဖြန့်ကျက်ချထားပြီး ပြန်လာနေကြတာလည်း ဖြစ်ပါတယ်။

ခရီးစဉ်ရဲ့ကနဦးအစမှာပဲ တိုက်ပွဲကြား ညပ်တော့မလားဟဲ့ဆိုတဲ့ စိုးရိမ်ပူပန်စိတ်ကို စ ခံစားလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်တောင်ပိုင်း နယ်တကြောက ပြည်သူတွေ စစ်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်နေရမယ့် ပုံရိပ်တွေ ပြေးမြင်မိပြန်ပါတယ်။

အခြေခံအဆောက်အအုံတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ဟာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခရာကျတဲ့အချက်တွေ ဖြစ်ပေမယ်လို့ ချင်းပြည်တောင်ပိုင်းမှာတော့ဖြင့် ဒီအရာတွေဟာ စစ်တပ်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေ အရှိန်တက်လာတဲ့ ပြီးခဲ့တဲ့တစ်နှစ်ကျော် ကာလလောက်က စကာ ပျောက်ရှနေခဲ့တာပါ။ ရခိုင်ပြည်နယ်ထဲကို စိမ့်ဝင်ပျံ့နှံ့ ထိုးဖောက်နိုင်ဖို့အတွက် အေအေက ပင်မ ထား အသုံးပြုနေတဲ့ လမ်းကြောင်းတွေထဲက ဒေသတစ်ခုဖြစ်တဲ့ ပလက်ဝမှာတော့ ဒေသခံတွေဟာ မိမိတို့ရဲ့အသက်အိုးအိမ်အတွက် ကြောင့်ကြမှုရှိကြသလို တစ်ဖက်မှာ ချင်းပြည်နယ်ထဲက ဝေးလံခေါင်သီတဲ့ ကိုယ့်ဒေသ ဖွံ့ဖြိုးမှုနှေးကွေးနောက်ကျ ကျန်ရစ်ခဲ့မယ့်အဖြစ်ကိုလည်း စိုးရွံ့နေကြပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းဟာလည်း အမှန်တော့ မြန်မာပြည်ထဲက တခြားစစ်ဘေးဒဏ်သင့် ပြည်နယ်တွေရဲ့ ဒေသတွေလိုပါပဲ၊ သူ့မှာ သူ့ရဲ့ဌာနေတိုင်းရင်းသားလူမျိုးတွေ ရှိသလို ကိုယ်ပိုင်ဓလေ့ထုံးတမ်း စရိုက်လက္ခဏာတွေရော၊ ကြီးမြတ်တဲ့သဘာဝအလှတရားတွေကိုပါ ပိုင်ဆိုင်ထားပါတယ်။ ဒီဒေသတွေမှာ ခရီးသွားလုပ်ငန်းဟာ အလားအလာရှိတယ်ဆိုတဲ့အချက်ကတော့ မငြင်းသာပါဘူး။

ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ဒီဒေသကို ရောက်ပေါက်လာနိုင်မယ်ဆို ဒေသခံပြည်သူတွေအတွက် အကျိုးများမယ်ဆိုတာ ယုံကြည်ကြပါတယ်။ သို့ပေတဲ့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတစ်ခုဖြစ်တဲ့ ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ပြည်နယ်မြောက်ပိုင်းမှာသာ မြင်တွေ့နေရပါတယ်။

ပလက်ဝနယ်ထဲမှာ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေအရကတော့ အများစုဖြစ်တဲ့ ခူမီးချင်းလူမျိုးတွေ အဖို့မှာ အပြန်အလှန်တိုက်ခိုက်နေတဲ့ သေနတ်သံ၊ အမြောက်သံနဲ့ ယမ်းငွေ့တွေအကြား ဘာမှမစွမ်းသာတဲ့အနေအထား ဖြစ်သလို ဒီဒေသရဲ့ ငြိမ်းချမ်းရေးဟာလည်း မြန်မာပြည်ရဲ့ တခြားနယ်စပ်ဒေသ၊ ပဋိပက္ခသင့်ဒေသများနည်းတူပဲ ကြီးကြီးမားမား မျှော်လင့်လို့မရသေးတဲ့ အနေအထားပါ။

ဒါပေမဲ့ စစ်ဘေးဒဏ်သင့် နယ်တကြောကို ကျွန်တော် ကျောခိုင်းပြီး တဖြည်းဖြည်း ဝေးကွာလာတဲ့ အပြန်ခရီးမှာတော့ စိတ်ကူးယဉ် အိပ်မက်မိတာလေး ရှိပြန်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့အရာကို တိတိပပ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လာတဲ့တစ်နေ့ စစ်ပွဲတွေဆိုတာဟာ ပြည်သူတွေရဲ့ အမှတ်သညာထဲမှာသာ ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်မြင်တွေ့နေရတဲ့ စစ်မြေပြင်တွေဟာ ခရီးသွားတွေအတွက် ဆွဲဆောင်ဖို့ကောင်းတဲ့ အရာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အနာဂတ်မှာ ပြည်တွင်းပြည်ပက မိသားစု၊ အသိုက်အဝန်းတွေဟာ သမိုင်းတကွေ့မှာ တချိန်တခါက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ခါးခါးသီးသီး ဘတစ်ပြန်ကျားတစ်ပြန် တိုက်ခိုက်ခဲ့ကြတဲ့ နယ်မြေတွေကို စုဝေးပြီး အလည်အပတ် လာရောက်ကြပါလိမ့်ဦးမယ်။

စစ်ဘေးဒဏ်သင့်နယ်မြေတစ်ခုရောက်ရင် ဒီနယ်မြေတစ်ခုရဲ့ စက်ဆုပ်ဖွယ် အတိတ်သမိုင်းကြောင်းတွေ ပြန်လည် ဖတ်ရှုလေ့လာနိုင်မယ့် ဆိုင်းဘုတ်တွေကို စိတ်မဝင်စားဘဲ သူ့ကိုကျော်ပြီး ပြည်သူ့အသက်သွေးတွေ စတေးခဲ့ရတဲ့ စစ်မက်တို့ပေါက်ဖွားရာ လွမ်းမောဖွယ် တောင်စွယ်တောင်တန်းတွေ နောက်ခံထားလို့ ဆယ်ဖီဓာတ်ပုံလှလှလေးတွေ အမှတ်တရ ရိုက်ကြပေဦးမပေါ့။

ဒါပေမဲ့ ခရီးသွားဧည့်သည်တွေ တာဝန်သိသိ ဆင်ခြင်အလေးထားရမှာကတော့ ဒီစစ်မြေပြင်တွေမှာ စစ်ပွဲတွေ ပြေငြိမ်းဖို့ရာ အချိန်ကာလတွေ ဘယ်လောက်အထိ ကျွံကျနစ်မွန်းခဲ့ရတယ်ဆိုတဲ့ အတိတ်သမိုင်းနဲ့ နောက်ဘယ်တော့မှ ဒီလိုအဖြစ်ဆိုးတွေထဲ တကျော့ပြန် မသက်ဆင်းမိစေဖို့ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar