ဗလီဟူသော ကောလာဟလကြောင့် ကျောက်ပန်းတောင်းရှိ တည်ဆောက်ဆဲအိမ်တစ်လုံးအဖျက်ခံရ

ကျောက်ပန်းတောင်း၊ ဇူလိုင် ၂၇

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ သာယာအေးရပ်ကွက်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ ဆောက်လက်စနေအိမ်တစ်လုံးကို ဗလီဆိုပြီး ကောလာဟလထွက်ရာကနေ လူအုပ်နဲ့ ဆူပူမှုတွေဖြစ်လာတာကြောင့် ဖျက်ပေးလိုက်ရတယ်လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကျောက်ပန်းတောင်းမြို့နယ်၊ အမှတ် ၁ အမတ် ဦးအေးခိုင်က Frontier ကို အတည်ပြုပါတယ်။

“ဆောက်နေတဲ့အိမ်က စည်ပင်ဥပဒေအရ ခွင့်ပြုချက်နဲ့ ဆောက်ထားတာ မဟုတ်တာရယ်၊ မြို့ဆူမှာစိုးတာရယ်ကြောင့် တာဝန်ရှိသူတွေ အားလုံးတိုင်ပင်ပြီး ဖျက်ပေးလိုက်ရတာပါ”လို့ သူက ပြောပါတယ်။

ဦးအေးခိုင်ဟာ အုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ အခင်းဖြစ်စဉ်အတွင်း အခြေအနေကို ဝင်ရောက် ထိန်းသိမ်းခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ဦးပိုင်ဆိုင်တဲ့ အဲဒီဆောက်လက်စအိမ်ကို ဗလီလို့ သမုတ်တဲ့ ကောလာဟလတွေ ရပ်ကွက်နဲ့ မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ သုံးရက်ခန့်ကတည်းက ပျံ့နေပြီး ဒီနေ့နေ့လယ်ပိုင်းမှာတော့ လူ ၁၀၀ ခန့်လာကြည့်ရာကနေ ညမှောင်ချိန်အရောက်မှာ လူထောင်ဂဏန်းအထိဖြစ်လာပြီး အော်ကြဟစ်ကြ အခြေအနေတွေ ရောက်လာခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ လွှတ်တော်အမတ်တွေပါဝင်တဲ့ အဖွဲ့က နေအိမ်ကို စိစစ်ပြီး ဗလီမဟုတ်ဘူးလို့ အတည်ပြုနိုင်ခဲ့ပေမယ့် လူအုပ်စုကြီးက လက်မခံတဲ့အတွက် အခြေအနေအရပ်ရပ်ကို ထောက်ချင့်ပြီး အဲဒီနေအိမ်ကို ဇူလိုင် ၂၇ ရက်နေ့၊ ည ၇နာရီခွဲခန့်ကနေ ည ၉ နာရီ ၁၅ မိနစ်အတွင်း စက်ယန္တရား အကူအညီနဲ့ ဖြိုဖျက်ခဲ့ရတယ်လို့ ဦးအေးခိုင်ဆီက သိရပါတယ်။

“ကျောက်ပန်းတောင်းမှာ ဘာသာခြားလုံးဝမရှိပါဘူး။ ဗုဒ္ဓဘာသာမြို့ဖြစ်တယ်ဆိုပြီး ဂုဏ်ယူနေကြတဲ့မြို့မှာ ဒီ ကောလာဟလ ဘယ်ကစပြီး အခုအထိဖြစ်လာမှန်း မစဉ်းစားတတ်ဘူး”လို့လည်း ဦးအေးခိုင်က မှတ်ချက်ပြုပါတယ်။

လူအုပ်ကများတဲ့အတွက် ကောလာဟလဖြန့်ဝေသူ၊ လှုံ့ဆော်သူတွေထဲမှာ မြို့ခံမဟုတ်သူတွေ ပါမပါကို တော့ အတည်မပြုလိုက်နိုင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ဗလီဆိုတဲ့ ကောလာဟလကြောင့် ကျောက်ပန်းတောင်းမှာ နေအိမ်တစ်လုံးဖြိုဖျက်ပေးခဲ့ရတယ်ဆိုတာ မှန်တဲ့အကြောင်း Frontier ကို အတည်ပြုချက်ပေးပါတယ်။

“အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အိမ်လို့တော့ လောလောဆယ်သိထားတယ်။ ဗလီလို့ ယူဆရာကနေစတယ်ပြောတယ်။ ဒါပေမဲ့ မဟုတ်ဘူးလို့ အကြမ်းဖျဉ်း သိရတယ်”လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဘယ်သူက ဘယ်လိုစပြီး စွပ်စွဲပြီး ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းမှ အတိအကျသိရမယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“မွတ်စလင်တွေနေတဲ့နေရာမို့ ဗလီလုပ်တယ်ဆို သဘာဝကျတယ်။ အခုက ဗလီပါလို့ စွပ်စွဲရာကနေဖြစ်တယ်။ ကျောက်ပန်းတောင်းက ဗလီလုံးဝဆောက်မရတဲ့မြို့၊ အိမ်ပိုင်ရှင်ကလည်း ဗုဒ္ဓဘာသာ။ ဒါကြောင့် ဘယ်လိုက စတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ စုံစမ်းနေတယ်”လို့တော့ ဦးဇော်ဌေးက အသိပေးပါတယ်။

ဖြိုဖျက်ခံရတဲ့နေအိမ်ပိုင်ရှင်ကို Frontierက ဆက်သွယ်လို့မရသေးပေမဲ့ အခြေအနေတွေရှုပ်ထွေးနေချိန်မှာ နေအိမ်က စွန့်ခွာထွက်ပြေးသွားတယ်လို့တော့ ဦးအေးခိုင်က အတည်ပြုချက်ပေးပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတွေလို့ အတည်ပြုထုတ်ပြန်ထားတဲ့ စာရင်းမှာပါတဲ့ တာဝန်ရှိသူတွေထံကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရသေးပါဘူး။ ဒါ့အပြင် ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်း ကလည်း ဖြစ်စဉ်အခြေအနေကို ရှင်းပြဖို့ငြင်းဆန်ခဲ့ပြီး အခင်းနေရာမှာ ရောက်ရှိနေတယ်ဆိုတဲ့ နယ်ထိန်းတာဝန်ကျတစ်ဦးထံ မေးမြန်းဖို့သာ ညွှန်းဆိုပါတယ်။ အဲဒီ ရဲအရာရှိကို Frontierက ကို အကြိမ်ကြိမ်ဆက်သွယ်ရာမှာလည်း သတင်းဌာနလို့ မိတ်ဆက်လိုက်တာနဲ့ တယ်လီဖုန်းခေါ်ဆိုမှုဖြတ်တောက်လိုက်တာ၊ မကိုင်ဘဲနေတာတို့ကြုံတွေ့ခဲ့ရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.