နှစ်ပေါင်း ၄၀ ကျော်အတွင်း ကိုးကွယ်သည့်ဘာသာ အချိုးအစား ထူးထူးခြားခြား ပြောင်းလဲမှုမရှိ

နေပြည်တော်၊ ဇူလိုင် ၂၁

၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်တွင် ကောက်ခံခဲ့သော ပြည်လုံးကျွတ် သန်းခေါင်စာရင်းနှင့် ၂၀၁၄ ခုနှစ်တွင် ကောက်ခံရရှိသည့် အချက်အလက်များကို နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံတွင် ကိုးကွယ်ရာဘာသာအလိုက် လူဦးရေအချိုးအစား ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“တစ်ကယ့်အမှန်အကန် ရရှိတဲ့ စာရင်းအရ၊ မြေပြင်စာရင်းအရ၊ နိုင်ငံတကာက လက်ခံတဲ့ စာရင်းအရ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဘူး” ဟု နေပြည်တော်ရှိ မက်စ်ဟိုတယ်တွင် ယနေ့ ပြုလုပ်သော ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်းစာရင်း အစီရင်ခံစာအတွက် ကိုးကွယ်သည့်ဘာသာဆိုင်ရာ အချက်အလက်များ ထုတ်ပြန်သည့် အခမ်းအနားအပြီးတွင် မီဒီယာများကို ၎င်းက ပြောကြားခဲ့သည်။

ယခုထုတ်ပြန်ချက်အပေါ် အခြေခံ၍ ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများ ဖြစ်လာမည် မဟုတ်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ယုံကြည်ထားသည်။

“ဘာသာရေးခေါင်းဆောင် အားလုံးကို ဒီအခြေအနေလေးကို ရှင်းပြပြီးပါပြီ။ သူတို့လည်း လက်ခံပါတယ်။ အဲဒီနောက် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဘာသာရေးဆိုင်ရာအချက်အလက်တွေကို ထုတ်ပြန်တာပါ” ဟု ဦးသိန်းဆွေက ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ဘာသာပေါင်းစုံအဖွဲ့မှ ကိုယ်စားလှယ် အသီးသီးကလည်း အစီရင်ခံစာပါ အချက်အလက်များအပေါ် အငြင်းပွားရန်မရှိသလို စိုးရိမ်မှု တစ်စုံတစ်ရာမရှိဟု Frontier ကို ပြောသည်။

“ရာခိုင်နှုန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိပါဘူး။ ဘာမှလည်း အငြင်းပွားစရာ မရှိပါဘူး။ အစီရင်ခံစာက မှန်မှန်ကန်ကန် မျှမျှတတ ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ဗုဒ္ဓဘာသာ ကိုယ်စားပြု တက်ရောက်သည့် ဘာသာပေါင်းစုံအဖွဲ့မှ ပါမောက္ခ ဒေါက်တာခင်မောင်ထူးက ပြောသည်။

အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၀ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျသွားပြီး ခရစ်ယာန်ဘာသာဝင် ၁ ဒသမ ၆ ရာခိုင်နှုန်း၊ အစ္စလာမ် ဘာသာဝင် ၀ ဒသမ ၄ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဘာသာမရှိသူနှင့် အခြားဘာသာကိုးကွယ်သူ ၀ ဒသမ ၁ ရာခိုင်နှုန်းစီ တိုးတက်လာကြောင်း၊ နတ်ကိုးကွယ်သူတို့မှာမူ ၁ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျသွားကြောင်း တွေ့ရသည်။

၁၉၇၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် သန်ခေါင်းစာရင်းရလဒ်အရ ဘာသာကြီးလေးခုကို နှိုင်းယှဉ်ကြည့်လျှင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၈၈ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ၈၇ ဒသမ ၉ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၄ ဒသမ ၆ ရာခိုင်နှုန်းမှ ၆ ဒသမ ၂ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၃ ဒသမ ၉ ရာခိုင်နှုန်းမှ ၄ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးရှိကြသည်။

၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် စုစုပေါင်း လူဦးရေ ၅၁ သန်းကျော်ရှိပြီး အဆိုပါ လူဦးရေအပေါ်အခြေခံ၍ ကိုးကွယ်ရာဘာသာအလိုက် နှိုင်းယှဉ် ထုတ်ပြန်သော အစီရင်ခံစာတွင် ရခိုင်ပြည်နယ်ရှိ စာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့သော လူဦးရေ ၁ ဒသမ ၀၉ သန်းကို အစ္စလာမ်ဘာသာဝင်များအဖြစ် သတ်မှတ်ကာ ထည့်ပေါင်း တွက်ချက်ထားသည်။

religion_.png

 title=

title=

“ဒါကို သိရှိပြီးတော့မှ ဘယ်လို ရှေ့ဆက်လုပ်မယ်ဆိုတာကို စဉ်းစားဖို့လိုပါတယ်။ အရှိတရားကို အရှိ။ အတိုင်းပဲ လက်ခံရမှာပေ့ါ။ ဖုံးကွယ်ထားတယ်၊ ထိန်ချန်ထားတယ်ဆိုရင် တစ်ချို့က ပုံကြီးချဲ့ချင်တယ်၊ တစ်ချို့က ကောလာဟလ ထုတ်ပြန်ချင်တယ်။ သာမန်ပြည်သူတွေကြားမှာ ထင်ရောင်ထင်မှားတွေ ဖြစ်လာနိုင်တာပေ့ါ။ ဒါကြောင့် အရှိအတိုင်း၊ အမှန်အတိုင်း ထုတ်ပြန်တာဖြစ်ပါတယ်” ဟု ဦးသိန်းဆွေက ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် များမကြာမီ သင့်တော်သော အချိန်တွင် တိုင်းရင်းသားမျိုးနွယ်အလိုက် လူဦးရေစာရင်းကို ဆက်လက်ထုတ်ပြန်ပေးနိုင်ရန် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ၎င်းကပြောကြားသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.