ရခိုင်ရှိ တရားမဝင် အဆောက်အဦးများအား ဖျက်သိမ်းရန် လတ်တလော အစီအစဉ်မရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်အတွင်းရှိ ကျူးကျော်ဆောက်လုပ်ထားသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦးအပါအဝင် မည်သည့် ကျူးကျော်အဆောက်အဦးကိုမှ ဖျက်သိမ်းရန် အစီအစဉ်မရှိသေးဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

“လက်ရှိ ကောလဟာလတွေကို လွှင့်နေတာပါ။ မောင်တောခရိုင်မှာ ကျူးအဆောက်အဦး ၃,၀၀၀ ကျော်ပဲ ရှိတာပါ။ ဒါတွေကိုလည်း ပြည်နယ်အစိုးရက သေချာစိစစ်ပြီး ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှ လုပ်မှာပါ” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က စက်တင်ဘာ ၂၃ ရက်တွင် Frontier ကို ပြောသည်။

ဘာသာရေး အထိကရုဏ်းများ ဖြစ်ပေါ်ခဲ့ကာ တင်းမာမှုများရှိနေသည့် ရခိုင်ပြည်နယ်တွင် ခွင့်ပြုချက်မရှိပဲ တည်ဆောက်ထားသည့် မူဆလင်ဘာသာဝင်တို့၏ ဗလီနှင့် ဘာသာရေး အဆောက်အဦးများအား ဖျက်သိမ်းမည်ဟူသည့် သတင်းများမှာ မီဒီယာများနှင့် လူမှုကွန်ယက်များတွင် ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်ခဲ့သည်။

သို့သော် ဦးမင်းအောင်ကမူ ကျူးကျော်အဆောက်အဦးများကို စိစစ်နေခြင်းသာ ဖြစ်သည်ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးက ပြည်နယ်အတွင်းရှိ တရားမဝင် ဘာသာရေး အဆောက်အဦးများအပါအဝင် အခြားအဆောက်အဦးများအားလုံး ဖျက်သိမ်းရေးကို လက်တစ်လောတွင် ဆောင်ရွက်ရန်မရှိသေးပဲ ရရှိသည့် အရေအတွက်များကို သေချာအောင် စိစစ်မှုများပြုလုပ်ဦးမည်ဟု သိရသည်။

ဘူးသီးတောင်မြို့နယ်သို့ အစိုးရအဖွဲ့ဝန်ကြီးများ ရောက်ရှိခဲ့စဉ်ကလည်း ဖျက်သိမ်းမည်ဟု ပြောဆိုခဲ့ခြင်းမဟုတ်ပဲ ကျူးကျော်အဆောက်အဦးများကို စိစစ်သွားရန်သာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက်တွင်မှ ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံသို့တင်ပြကာ ယင်းအဆောက်အဦးများ ဖျက်သိမ်းနိုင်ရေးကို လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဖျက်သိမ်းမည့်အချိန်ကို အတိအကျ မပြောဆိုနိုင်သည့် အပြင် ထုတ်ပြန်ထားသည့် အခြေအနေလည်းမရှိကြောင်း ဦးမင်းအောင်က ဆိုသည်။

“အခုပြည်နယ်ထဲမှာကော တစ်နိုင်ငံလုံးမှာက ကောလဟာလတွေနဲ့ သတင်းအမှားတွေကို ဖက်နှစ်ဖက်က ပြောနေကြတာတွေပဲ ပျံ့နေတာ။ သတင်းအမှန်ကို အစိုးရအဖွဲ့က မနက်ဖြန် ရှင်းလင်းပြောဆိုမှာပါ” ဟု ၎င်းကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပရန် စီစဉ်ထားမှုကို ၎င်းက ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောတွင် တရားမဝင်အဆောက်အဦး ၂,၂၇၀ လုံးခန့်နှင့် ဘူးသီးတောင်တွင် တရားမဝင်အဆောက်အဦး ၁၀၅၆ လုံးခန့် ရှိသည်ဟု ဗီအိုအေသတင်းဌာနက ရေးသားထားပြီး အဆိုပါ တရားမဝင်အဆောက်အဦးများကို ဖယ်ရှားသွားမည်ဟု ပြည်နယ်အစိုးရ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက ဒေသခံမီဒီယာများကို ပြောကြားချက်အား ကိုးကားရေးသားထားသည်။

သို့သော် ဘူးသီးတောင်မြို့နယ်၊ အမှတ် ၁မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက ဘူးသီးတောင်တွင် တရားမဝင် အဆောက်အဦးအရေအတွက် များစွာရှိနေသည်ဟု ဆိုသည်။

“၂၀၁၅- ၁၆ မှာတော့ အစ္စလာမ် ဘာသာရေးဝတ်ပြုကျောင်း ၄၂၂ လုံးရှိတယ်။ အခုဆိုရင် တစ်ခြားအဆောက်အဦးတွေ အပါအဝင်ဆိုရင် ၅၀,၀၀၀ လောက်တောင် ရှိနိုင်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၉၀၀ ကျော်ရှိသည်။ ၂၀၁၅ ခုနှစ် မေလတွင် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ သုံးသန်းတစ်သိန်းကျော် နေထိုင်ကြသည်။ အဆိုပါ လူဦးရေမှာ သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေအပြင် ကောက်ယူနိုင်ခြင်းမရှိသည့် ခန့်မှန်းလူဦးရေကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားအထောက်အထားမရှိသော မူဆလင်ဘာသာဝင် ဘင်္ဂါလီ တစ်သန်းခန့်စွာ နေထိုင်နေကြသည်ဟု ခန့်မှန်းထားသည်။ ၎င်းတို့အများစုမှာ သီးခြားသတ်မှတ်ထားသော နေရာများနှင့် စခန်းများတွင် နေထိုင်ကြရပြီး ပြင်ပသို့ ထွက်ခွာခွင့်နှင့် အလုပ်လုပ်ခွင့်များလည်း မရရှိကြပေ။

သတင်း-ဟိန်းကိုစိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.