ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်သည့်နိုင်ငံများစာရင်းတွင် မြန်မာ ပါဝင်နေ

ဘာသာရေးလွတ်လပ်ခွင့်ကို ဆိုးဆိုးဝါးဝါး ချိုးဖောက်သည်ဟု စွပ်စွဲထားသော နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအား အမေရိကန်က ထည့်သွင်းလိုက်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်၊ အီရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်၊ ဆော်ဒီအာရေးဘီးယား၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့မှာလည်း ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုအတွက် အထူးစိုးရိမ်ရသော နိုင်ငံများစာရင်းတွင် ပြန်လည်ပါဝင်ခဲ့သည်။ ၎င်းစာရင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာသာရေးလွတ်လပ်ခွင့်အား ပြင်းထန်စွာ ချိုးဖောက်မှုအတွက် အထူးတလည် စောင့်ကြည့်ရသည့် နိုင်ငံများစာရင်းတွင် ပါကစ္စတန်လည်း ပါဝင်နေသည်။ နိုင်ငံတကာ ဘာသာတရား လွတ်လပ်ခွင့် အက်ဥပဒေအရ လွတ်လပ်ခွင့် ချိုးဖောက်သည့်နိုင်ငံများစာရင်းကို အမေရိကန်က ၁၉၉၈ ခုနှစ်ကစတင်ကာ နှစ်စဉ်ထုတ်ပြန်ခဲ့သည်။

ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည့် နိုင်ငံများကို အမေရိကန်နိုင်ငံခြားဝန်ကြီးက သတ်မှတ်ပေးခြင်းလည်း ဖြစ်သည်။

“ဒီလိုသတ်မှတ်ရတာတွေက ဒီနိုင်ငံတွေမှာ ဘာသာရေးလွတ်လပ်ခွင့် လေးစားမှု တိုးတက်ရေးအတွက် ရည်ရွယ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အဓိကအကျဆုံးမှာ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

သတ်မှတ်ခံရသည့်နိုင်ငံအချို့်မှာ ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားရေး ဆောင်ရွက်လျက် ရှိနေသည်ကို အသိအမှတ်ပြုကြောင်းနှင့် ယင်းကဲ့သို့ အစီအစဉ်များကို ကြိုဆိုကြောင်းလည်း ကြေညာချက်က ဆိုသည်။

ကမ္ဘာတစ်ဝန်း ဘာသာရေးလွတ်လပ်ခွင့် တိုးတက်စေရန် အမေရိကန်ပြည်ထောင်စုက အစိုးရများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် လက်တွဲဆောင်ရွက်ရန် ကတိပြုထားကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၈၇ ဒသမ ၉ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ခရစ်ယာန် ၆ ဒသမ ၂ ရာခိုင်နှုန်း၊ အစ္စလာမ် ၄ ဒသမ ၃၊ ဟိန္ဒူ ဝ ဒသမ ၅ ရာခိုင်နှုန်းရှိကြကာ ကျန်သူများမှာ နတ်ကိုးကွယ်သူများနှင့် ဘာသာမဲ့များ ဖြစ်ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar