ဖမ်းဝရမ်းမပြနိုင်ပါက ပြန်လွှတ်ရန် ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်၏ ရှေ့နေက ရဲတပ်ဖွဲ့ကို သတိပေး

ရန်ကုန်၊ ဇွန် ၂

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ဗဟန်းရဲစခန်းတွင် ထိန်းသိမ်းခံလိုက်ထားရသည့် The Voice ၏ အယ်ဒီတာချုပ်နှင့် ပင်တိုင်ဆောင်းပါးရှင်တို့ကို ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်လိုပါက တရားဝင် ဖမ်းဆီးခွင့် ဝရမ်းပြသရလိမ့်မည်ဟု ၎င်းတို့၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ရဲတပ်ဖွဲ့ကို သတိပေးလိုက်သည်။

“မနက်ဖန်၂၄ နာရီစောင့်ကြည့်လို့ ဥပဒေနဲ့အညီ ဖမ်းဝရမ်းမပြနိုင်ဘူးဆိုရင် နိုင်ငံသားအခွင့်အရေးအရ ကျွန်တော်တို့ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါမယ်”ဟု ဦးခင်မောင်မြင့်က Frontier ကို ပြောသည်။

နေ့စဉ်ထုတ်နှင့် အပတ်စဉ်ထုတ် သတင်းစာနှင့် ဂျာနယ်များကို ထုတ်ဝေနေသည့် ပုံနှိပ်မီဒီယာဖြစ်သော The Voice ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ပင်တိုင်ဆောင်ပါးရှင်ဗြိတိသျှကိုကိုမောင်တို့အား The Voice ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည့် “ကျည်ထောင်စုသစ္စာ”အမည်ရ သရော်စာနှင့် ပတ်သတ်ပြီး တပ်မတော်ဘက်က တရားစွဲဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကြားခံထားသည့် ညှိနှိုင်းမှုကို နှစ်ဘက်အကြား ရက်သတ္တပတ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြသော်လည်း မပြေမလည်ဖြစ်ခဲ့ပြီးနောက် The Voice ၏ အယ်ဒီတာချုပ်နှင့် ပင်တိုင်ဆောင်းပါးရှင်တို့ကို ဗဟန်းမြို့နယ်ရဲစခန်းတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။

ရဲက တရားဝင်ထိန်းသိမ်းကြောင်း အသိပေးမှုသည် ယနေ့၊ ဇွန် ၂ ရက်နေ့၊ ည ၇ နာရီတွင် စတင်ခဲ့ခြင်းကြောင့် နောက်ထပ် ၂၄ နာရီအကြာ ဇွန် ၃ ရက်နေ့၊ ည ၇ နာရီတွင် တရားဝင် ဖမ်းဝရမ်းမပြနိုင်ပါက သူ၏အမှုသည်များ လွတ်မြောက်ရန် အခွင့်အရေးရှိသည်ဟု ဦးခင်မောင်မြင့်က ပြောသည်။

ဦးခင်မောင်မြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့် တရားသူကြီး၏ ချုပ်မိန့်မရဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပိုမိုချုပ်နှောင်ခြင်းမပြုရဆိုသည့် ပြဌာန်းချက်ကို ကိုင်ဆွဲကာ ထိုကဲ့သို့ တောင်းဆို နေခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၆ တွင် “နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ် ထားရှိရန်လိုအပ်သော ကိစ္စ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ခွင့်ရှိသောတရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ”ဟု ပြဌာန်းထားသည်။

“ကျွန်တော် တရားဝင်တင်ပြခဲ့တဲ့ ၂၄ နာရီထက်ကျော်ရင် ဥပဒေနဲ့အညီ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲ။ အဲ့ဒီဥပဒေနဲ့အညီ ဆောင်ရွက်ချက်တော့ ကျွန်တော်တို့ သိချင်တယ်”ဟု ဦးခင်မောင်မြင့်ကပြောသည်။

ဦးကျော်မင်းဆွေနှင့် ပင်တိုင်ဆောင်ပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို ရဲက ညနေ ၃ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ဆောင်းပါးကို အင်တာနက်စာမျက်နှာပေါ် လွှင့်တင်သည့် ကွန်ပျူတာကိုလည်း သိမ်းဆည်းထားသည်ဟု ဦးခင်မောင်မြင့်က ပြောသည်။

သတင်း-ထွန်းခိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.