တပ်မတော်က ထပ်မံတရားစွဲဆိုရန် ဆောင်ရွက်နေမှုကို ထပ်မံဖြေရှင်းမည်မဟုတ်ဟု The Voice က တုန့်ပြန်

ရန်ကုန်၊ ဇွန် ၂၆

The Voice သတင်းစာပါ သရော်စာတစ်ခုနှင့် ပတ်သက်ပြီး ထပ်မံတရားစွဲဆိုရန် တပ်မတော်က ဆောင်ရွက်နေမှုအပေါ် ထပ်မံဖြေရှင်းသွားမည် မဟုတ်ဟု The Voice နေ့စဉ်သတင်းစာ၏ တာဝန်ခံအယ်ဒီတာ ကိုကျော်ဆန်းမင်းက ပြောကြားသည်။

“အကြောင်းအရာ တစ်ခုတည်းကို နှစ်မျိုးသုံးမျိုးတိုင်ကြားတာနဲ့ပတ်သက်လို့ ရဲစခန်းကို သွားရောက် မဖြေရှင်းနိုင်ဘူး” ဟု ကိုကျော်ဆန်းမင်းက သတင်းထောက်များကို ဇွန် ၂၅ ရက်နေ့က ပြောသည်။

တပ်မတော်၏ ဝါဒဖြန့် ရုပ်သံဇာတ်လမ်းဖြစ်သည့် “ပြည်ထောင်စုသစ္စာ” ကို “ကျည်ထောင်စုသစ္စာ” ဟူသည့်အမည်ဖြင့် သရော်စာရေးခဲ့သည့် စာရေးသူ ဗြိတိသျှကိုကိုမောင်နှင့် ထိုဆောင်းပါးကို အင်တာနက်တွင် ဖော်ပြခဲ့သည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့အား တပ်မတော်က မေ ၁၇ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ဇွန် ၂ ရက်နေ့တွင် ၎င်းတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

သို့သော် ဆောင်းပါးရေးသားသူ ကိုကျော်စွာနိုင် (ခ) ဗြိတိသျှကိုကိုမောင်မှာ The Voice သတင်းစာအတွက် ဆောင်းပါး ရေးသားခဲ့ခြင်းသာ ဖြစ်သဖြင့် ပုဒ်မ ၆၆(ဃ) နှင့် မသက်ဆိုင်ဟု ဥပဒေရုံး၏ အကြံပြုချက်အရ ရဲတပ်ဖွဲ့က ဇွန် ၁၆ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ဦးကျော်မင်းဆွေမှာမူ အမှုကို ဆက်လက်ရင်ဆိုင်နေရသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးကို အသရေဖျက်မှုဖြင့် ထပ်မံတရားစွဲဆိုရန်အတွက် တပ်မတော်က ဗဟန်းတရားရုံးတွင် ဇွန် ၂၃ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့သည်ဟု သိရသည်။

“ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက ဗဟန်းတရားရုံးကို ဦးတိုက်လျှောက်ထားတဲ့အတွက် ထွက်ဆို အစစ်ခံပေးနိုင်ဖို့ ဆင့်ခေါ်စာ ပေးခဲ့ပါတယ်။ တကယ်တော့ ဒီအမှုဟာ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) အရ တရားစွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ တရားစွဲဆိုရတဲ့ အကြောင်းအရာကလည်း အတူတူပဲ။ ဒီအကြောင်းအရာတစ်ခုအပေါ်မှာပဲ ထပ်ပြီး တရားရုံးကို ဦးတိုက် လျှောက်တာဟာ ကျွန်တော်တို့ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ဗါယ်ထွက်ဆိုမှုဥပဒေ ပုဒ်မ ၂၂ အရ အကြောင်းအရာ တစ်ခုတည်းမှာ အမှုတူနေရင် ဒီအမှုတွေကို ကွဲပြားပြီး တစ်မှုပြီးတစ်မှု မဖွင့်ရဘူးလို့ အတိအကျပြဌာန်းထားပြီးဖြစ်ပါတယ်” ဟု ဦးကျော်မင်းဆွေ၏ တရားလွှတ်တော်ရှေ့နေ ဦးမျိုးသိန်းက ပြောကြားသည်။

ယခုကဲ့သို့ ဆောင်ရွက်မှုမှာမူ “လူတစ်ယောက်အပေါ်မှာ ဦးနဲ့တိုက်ရင်တိုက်၊ မတိုက်ရင် ပဲ့နဲ့တိုက်” ဟူသည့် သဘောမျိုးဖြစ်သည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

ဦးကျော်မင်းဆွေမှာ ပုဒ်မ ၆၆(ဃ) ဖြင့် ဗဟန်းတရားရုံးတွင် အမှုရင်ဆိုင်နေရပြီး ၎င်း၏ အာမခံလျှောက်ထားမှုကိုလည်း တရားရုံးက သုံးကြိမ်တိုင် ပယ်ချခဲ့သည်။

ထို့ပြင် ဦးကျော်မင်းဆွေ လက်ရှိရင်ဆိုင်နေရသည့် ပုဒ်မ ၆၆(ဃ)သည် လွဲမှားစွာသုံးစွဲထားသော ပုဒ်မဖြစ်သောကြောင့် တည်ဆဲဖြစ်သော သတင်းမီဒီယာဥပဒေ ၂၅(ခ)အရ ပုဒ်မပြင်ဆင်စွဲဆိုရေးအတွက် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်သလို ရုံးပြောင်းစစ်ဆေးရန်ကိုလည်း တောင်းဆိုသွားမည်ဟု The Voice ၏ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။

“ဗဟန်းမြို့နယ်တရားသူကြီးဟာ အာမခံကို အကြိမ်ကြိမ်ပယ်ချခဲ့တာကြောင့် စစ်မှန်တဲ့ တရားစီရင်ရေးအတွက် အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က တိုင်ကြားသူဟာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကိုလည်း တိုင်တယ်။ ရဲစခန်းကိုလည်း တိုင်တယ်။ တရားရုံးကိုလည်း ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ တကယ်ဆိုရင် သတင်းမီဒီယာဥပဒေနဲ့ပဲ အရေးယူရမှာ ဖြစ်ပါတယ်။ ဒါကို သတင်းမီဒီယာ ဥပဒေအရ အရေးယူတာမျိုး မဟုတ်ပဲ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ၎င်းကပြောကြားသည်။

ထိုသို့ တပ်မတော်က တရားစွဲဆိုရန် ထပ်မံဆောင်ရွက်လာမှုအပေါ် ညှိနှိုင်းဖြေရှင်းပေးရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် သတင်းမီဒီယာကောင်စီတို့ထံ အကြောင်းကြားထားကြောင်း ကိုကျော်ဆန်းမင်းက ပြောသည်။

သတင်းမီဒီယာကောင်စီကမူ လက်ရှိအမှုတွင် ဝင်ရောက်ဖြေရှင်းပေးနိုင်ခွင့်မရှိဟု The Voice ထံ အီးမေးလ်ဖြင့် ဇွန် ၂၃ ရက်နေ့က အကြောင်းကြားခဲ့ကြောင်း သိရသည်။

“သတင်းမီဒီယာကောင်စီဥပဒေတွင် တရားရင်ဆိုင်ဆဲ အမှုနဲ့ပတ်သက်လို့ ဝင်ရောက်ဖြေရှင်းခွင့်မရှိဟု ပြဌာန်းချက် မရှိကြောင်း” ဦးခင်မောင်မြင့်က ပြောကြားသည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.