The Voice အမှုနှင့် ကစားနိုင်သော ဥပဒေပုဒ်မများ

မြတ်ကျော်သူ ရေးသားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုရင်ဆိုင်နေရသည့် The Voice ဂျာနယ်နှင့် သတင်းစာတို့၏ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင်တို့၏ အာမခံလျှောက်ထားမှုကို ဗဟန်းမြို့နယ်တရားရုံးက ယနေ့၊ ဇွန် ၈ ရက်နေ့တွင် ပယ်ချလိုက်သည်။

တပ်မတော်ရဲ့ ဝါဒဖြန့် ရုပ်သံဇာတ်လမ်းဖြစ်သည့် “ပြည်ထောင်စုသစ္စာ” ကို “ကျည်ထောင်စုသစ္စာ” ဟူသည့်အမည်ဖြင့် သရော်စာရေးခဲ့သည့် စာရေးသူ ဗြိတိသျှကိုကိုမောင်နှင့် ထိုဆောင်းပါးကို ပုံနှိပ်ဖော်ပြခဲ့သည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့၏ အာမခံလျှောက်ထားမှုကို ပယ်ချလိုက်ခြင်းဖြစ်သည်။

ယခုလ ၃ ရက်နေ့၊ စနေနေ့ကတည်းက ရမန်ယူဖမ်းဆီးခဲ့သည့်အတွက် ငါးရက်ကြာ ချုပ်နှောင်ခံခဲ့ရပြီးနောက် ယနေ့ ဇွန် ၈ ရက်နေ့တွင် အာမခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါလျှောက်ထားမှုကို မြို့နယ်တရားသူကြီး ဒေါ်သရဖီအောင်က ပယ်ချခဲ့သည်။

“တရားသူကြီးက အာမခံအတွက် ကျွန်တော်တို့ လျှောက်တင်ထားတဲ့ထဲမှာ မပါတဲ့ ဆေးလက်မှတ်ကို တောင်းတယ်။ ဆေးလက်မှတ်ကို ပြင်ဆင်ထားပေမယ့် အချိန်မီ ရောက်မလာခဲ့ဘူး။ ဆေးလက်မှတ် မတင်ပြနိုင်ခြင်းကြောင့် အထောက်အထား မပြည့်စုံလို့ အာမခံပယ်တာဟာ အကြောင်းပြချက်တရပ်သာ ဖြစ်ပါတယ်” ဟု အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးသိန်းက သတင်းထောက်များကို ပြောကြားသည်။

ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ အာမခံရရှိရေးအတွက် The Voice ၏ ရှေ့နေများဖက်မှ တင်ပြထားချက်များမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ တင်ပြခဲ့ခြင်းဖြစ်သည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁)

ပုဒ်မ ၄၉၇ (၁) တွင် “အာမခံပေးနိုင်သော ပြစ်မှုတစုံတရာဖြင့် စွပ်စွဲခံရသူတဦးသည် ရဲစခန်းမှူးက ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းဖြစ်စေ၊ ချုပ်နှောင်ခြင်းဖြစ်စေ ခံရသည့်အခါ (သို့) တရားရုံးရှေ့သို့ ရောက်ရှိလာသောအခါ (သို့) တရားရုံးသို့ ခေါ်ဆောင်ခြင်းခံရသည့်အခါ ထိုသူကို အာမခံဖြင့် လွှတ်ထားနိုင်သည်” ဟု ပါရှိသည်။

ထို့ပြင် ၎င်းပုဒ်မတွင် “သို့သော် စွပ်စွဲခံရသူသည် သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းဖြစ်စေ၊ စီရင်ထိုက်သော ပြစ်မှုတခုကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရန် သင့်လျော်သော အကြောင်းရှိလျင် ထိုသူကို ထိုကဲ့သို့ လွှတ်ထားခြင်း မပြုရ” ဟုလည်း ပါရှိသည်။

“ကျင့်ထုံးဥပဒေ၊ တရားရုံးညွှန်ကြားလွှာထဲမှာ ဥပဒေတရပ်ရပ်က အတိအလင်းအာမခံ မပေးရဘူးလို့ ညွှန်ကြားမထားရင် အာမခံ ပေးကိုပေးရမယ် ဆိုတဲ့အတွက် ဒီအာမခံအခွင့်အရေးဟာ တရားစွဲဆိုခံရသောပုဂ္ဂိုလ်များရဲ့ အခွင့်အရေးဖြစ်ပါတယ်။ တရားရုံးရဲ့ ဆင်ခြင်တုံတရားအောက်မှာ မရှိပါဘူး။ ပေးဆိုရင် ပေးကိုပေးရမှာဖြစ်ပါတယ်။ ဥပဒေက ပေးကိုပေးရမှာလို့ ပြဌာန်းထားတဲ့တွက် ပေးကိုပေးရမှာ ဖြစ်တယ်” ဟု The Voice ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုသည်။

ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို စွဲထားသည့် ၆၆ (ဃ) ဖြင့်ပင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တရားရုံးတွင် တပ်မတော်က တရားစွဲဆိုထားသည့် ဦးထွန်းထွန်းဦးကိုမူ ဇွန် ၅ ရက်တွင် ပုဒ်မ ၄၉၇ (၁) ဖြင့် ပုသိမ်တရားရုံးက အာမခံပေးခဲ့သည်။

ဦးထွန်းထွန်းဦးကို အာမခံပေးခဲ့ရာတွင် “တရားစွဲဆိုခံရသူသည် NGO တခုမှ လူကြီးလူကောင်းဖြစ်ပြီး၊ သက်သေခံများကိုလည်း မဖျောက်ဖျက်ကြောင်း၊ သတ်မှတ်အရည်ချင်းရှိသည့် အာမခံပေးမည့်သူများလည်း ရှိကြောင်း၊ သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုမဟုတ်ကြောင်းနှင့် ပတ်ဝန်းကျင်နဲ့ပြည်သူကို အန္တရယ်မပေးနိုင်သူ မဟုတ်သည့်အတွက် အာမခံပေးရခြင်းဖြစ်သည်” ဟု တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို ၎င်း၏ရှေ့နေများက အဆိုပါပုဒ်မဖြင့်ပင် အာမခံ လျှောက်တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

အာမခံပေးရမည့်သူအတွက် တရားသူကြီးတဦးအနေနှင့် စစ်ဆေးရမည့် အချက်များတွင် “(အာမခံပေးရမည့်သူသည်) ဂုဏ်သိက္ခာရှိသူ ဟုတ် မဟုတ်၊ အာမခံရရှိပြီးနောက် ထွက်ပြေးနိုင်သူ ဟုတ် မဟုတ်၊ လုံလောက်သော အာမခံပေးနိုင်မည့်သူ ရှိ မရှိ၊ အာမခံဖြင့်ထားခြင်းကြောင့် တရားစီရင်ရေးကို တိမ်းစောင်းအောင် ဖန်တီးမည့်သူ ဟုတ်မဟုတ်” ဟူသည့်အချက်များကို အခြေခံကာ ဆုံးဖြတ်ရမည်ဖြစ်သည်။

သို့သော် “ဒီနေ့ တရားသူကြီးချမှတ်လိုက်တဲ့အမိန့်မှာ ဒီအချက်တွေနဲ့ ပတ်သက်လို့ သုံးသပ်ချက် တခုမှ မပါဘူး” ဟု ဥပဒေအကြံပေးက ဆိုသည်။

ဆက်သွယ်ရေးဥပဒေတွင် ပုဒ်မပေါင်း ၈၉ ခုပါဝင်ပြီး၊ မည်သည့် ဥပဒေတွင်မှ အာမခံမပေးရဟုဆိုသည့် ပြဌာန်းချက် လုံးဝ မပါဝင်ပေ။

ထို့ပြင် အာမခံ မထုတ်ပေးရသည့် နောက်ထပ် အကြောင်းတချက်မှာ အမှုစစ်ရဲဖက်မှ တရားသူကြီးထံ တင်ပြသည့် အချက်များကြောင့် ဖြစ်သည်။ အမှုစစ်ရဲက တင်ပြချက်ထဲတွင် ယခုအမှုအတွက် ရဲလုပ်ငန်းများ မပြီးသေးဘဲ အချိန်ယူရမည်ဖြစ်သည့်အတွက် ရမန်ရက်အတွင်း အာမခံမပေးသင့်ဟု တင်ပြထားခြင်းဖြစ်သည်။

မီဒီယာဥပဒေနှင့် ဆက်သွယ်ရေးဥပဒေ

ဥပဒေ သဘောတရားအရ နောက်ကျမှ ပြဌာန်းသည့်ဥပဒေသည် ယခင်ဥပဒေဟောင်းများထက် ပို၍ လွှမ်းမိုးနိုင်စွမ်းရှိရမည် ဖြစ်သည်။ သို့သော် ယခုဖြစ်ပျက်ခဲ့သည့် ကိစ္စတွင် ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဆက်သွယ်ရေးဥပဒေအပေါ် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းသည့် မီဒီယာဥပဒေက မလွှမ်းမိုးနိုင်ခဲ့ပေ။

မီဒီယာကောင်စီဥပဒေပုဒ်မ ၂၃ တွင် “မီဒီယာကောင်စီရဲ့လုပ်ငန်းတွေ မပြီးပြတ်သေးသရွေ့ တခြားမှာ တရားစွဲဆိုခွင့် မရှိ” ဟု ပါရှိသည်။ တပ်မတော်က မီဒီယာကောင်စီဥပဒေပုဒ်မ ၂၂ ကိုသုံးကာ The Voice ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သော်လည်း မီဒီယာကောင်စီ၊ The Voice နှင့် တပ်မတော်တို့ သုံးဖွဲ့အကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်၊ မပြီးပြတ်သေးချိန်မှာပင် တပ်မတော်က ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သလို ဗဟန်းမြို့နယ်တရားရုံးတွင်လည်း အဆိုပါကိစ္စရပ်ဖြင့်ပင် ဦးတိုက်လျှောက်ထားသေးသည်။

၁၉၅၃ စကားရပ်များ အနက်အဓိပ္ဗါယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၂၂ တွင် “ပြုလုပ်မှု တရပ်အတွက် လူတယောက်ကို တိုင်ကြားမယ်ဆိုပါက ပြစ်မှုတမှုဖြင့်သာ တိုင်ကြား၍ရပြီး၊ ပြစ်မှုအမျိုးမျိုးဖြင့် တိုင်ကြား၍ မရဟု ကန့်သတ် ပိတ်ပင်ထားသည်။

“အမှုကို ဆက်လက်ဆောင်ရွက်ကြတဲ့နေရာမှာ တရားစွဲအဖွဲ့အစည်းများရော၊ တရားရုံးများရောဟာ တည်ဆဲ ဥပဒေများ၊ တည်ဆဲဥပဒေပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့် ဆန့်ကျင်သွေဖယ်ပြီး ဥပဒေနဲ့ မညီညွတ်ဘဲ ဆောင်ရွက်နေတယ်ဆိုတာကိုတော့ အတိအလင်း ပြောချင်ပါတယ်” ဟု The Voice ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.