ဖမ်းဆီးထားသည့် သတင်းထောက်များကို တပ်မတော်က ထိန်းသိမ်းထားဆဲ

နေပြည်တော်၊ ဇွန် ၂၇

သတင်းထောက်သုံးဦးအပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထားပြီး လားရှိုးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်း အပ်နှံထားသည်ဟု ယမန်နေ့ကတည်းက တပ်မတော်က သတင်းထုတ်ပြန်ထားသော်လည်း ယနေ့ ညဦးပိုင်းအချိန်ထိ မည်သည့်ရဲစခန်းသို့မှ ရောက်ရှိနေခြင်းမရှိသေးဟု သိရသည်။

ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် ယနေ့ညနေ ၆ နာရီခန့်အချိန် ဆက်သွယ်ချိန်တွင်မူ “စကခ-၁ (အမှတ် (၁) တပ်မတော်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) စစ်ဆင်ရေးကွပ်ကဲမှုဌာနက စစ်ဆေးလျက်ရှိကြောင်းပဲ ကျွန်တော်တို့က သိရတယ်။ ဘယ်မှာ ချုပ်ထားတယ်ဆိုတာတော့ ကျွန်တော်တို့ မသိရပါဘူး” ဟု Frontier ကို ပြောသည်။

ယင်းအချိန်နှင့် မရှေးမနှောင်းတွင် လားရှိုးမြို့နယ် ရဲစခန်းနှင့် အဆက်အသွယ်ရရှိရာ အမည်မဖော်လိုသူ တာဝန်မှူးတစ်ဦးက “မရောက်သေးပါဘူး။ ကျွန်တော်တို့မသိရပါဘူး” ဟု ဆိုသည်။

အကြမ်းဖက်သောင်းကျန်းသူနှင့် ဆက်သွယ်ပြီး ပြန်လာသည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးထားသည့် သတင်းထောက်များထဲတွင် DVB သတင်းအေဂျင်စီမှ နှစ်ဦး၊ ဧရာဝတီသတင်းဌာနမှ တစ်ဦးပါဝင်ပြီး အဆိုပါ သတင်းဌာနများမှ တာဝန်ရှိသူများက ဖမ်းဆီးခံရသူများမှာ မည်သည့်နေရာတွင် ရှိသည်ကို ယခုအချိန်ထိ စုံစမ်း၍ မရသေးဟု Frontier ကို ပြောကြသည်။

DVB သတင်းဌာန၏ မြန်မာပြည်ဗျူရိုအကြီၤးအကဲ ဦးတိုးဇော်လတ်က “သေချာတာက သူတို့ကြေညာ ထားသလို လားရှိုးရဲစခန်းကိုတော့ မရောက်သေးပါဘူး။ တိကျတဲ့သတင်း ဘာမှမရသေးပါဘူး” ဟု ပြောသည်။

ဧရာဝတီသတင်းဌာန၊ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးကလည်း “မနေ့က တပ်မတော် ထုတ်ပြန်ချက်မှာ ရဲစခန်းလွှဲတယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုထိ ရှာဖွေမေးမြန်းချက်အရ ဘယ်ရဲစခန်းမှာမှ မရှိဘူးလို့ သိရတယ်။ ပိုပြီးစိုးရိမ်စရာဖြစ်ပါတယ်”ဟု ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သည် အစိုးရထံ ယမန်နေ့ကတည်းက သတင်းပေးပို့ထားပြီးဖြစ်ကြောင်း Frontier ကို ပြောသည်။

“ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ပြောတယ်။ ဖြစ်စဉ်အသေးစိတ်လည်း ကြည့်ရဦးမယ်။ အားလုံးပေါင်းက သတင်းသမားက သုံးယောက်ပဲပါတယ်။ ကျန်တဲ့လေးယောက်က ဘာတွေလဲ ကျွန်တော်တို့လည်း မသိသေးဘူး” ဟု ဦးဇော်ဌေးကပြောသည်။

သို့သော် ယခုအချိန်ထိ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းရခြင်း မရှိသေးသည့်အကြောင်း မေးမြန်းရာတွင်မူ “ တပ်ဖက်က ပြောတာတော့ သူတို့တွေ လမ်းခရီး တစ်နေရာမှာရှိတယ်။ အရာရှိရိပ်သာမှာ ကောင်းမွန်စွာ ထားထားတယ်လို့ သိရပါတယ်။ သဘက်ခါလောက် လားရှိုးရောက်မယ်” ဟု ဦးဇော်ဌေးက ပြန်ဖြေသည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများအဖြစ် တရားဝင် ထုတ်ပြန်ထားသည့် ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် ဗိုလ်ချုပ် အောင်ရဲဝင်းတို့ထံ မေးမြန်းရန် Frontier က ကြိုးပမ်းနေသော်လည်း မရသေးပေ။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ စာတစ်စောင်ပေးပို့ထားကြောင်း အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။ အဆိုပါစာတွင် သတင်းမီဒီယာ ဥပဒေကို ကိုးကားပြီး သတင်းရယူပိုင်ခွင့်နှင့်ပတ်သက်ခြင်းဖြစ်၍ ဖမ်းဆီးထိန်းသိမ်းရန် မသင့်ကြောင်း၊ လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

“တိုင်းရင်းသားလက်နက်ကိုင်နဲ့ပတ်သက်လို့ မရေးအောင် မဆက်သွယ်အောင် လုပ်တာကတော့ ကျွန်တော့်အမြင်မှာတော့ တပ်မတော်က ဆင်ဆာလုပ်တဲ့သဘောလို့ မြင်ပါတယ်။ အစိုးရက ဒီကိစ္စမှာတော့ တစုံတရာ ကြားဝင်ပြောဆိုဖို့ လိုအပ်တယ်၊ ဝတ္တရားရှိတယ်လို့ မြင်ပါတယ်” ဟု ဦးမြင့်ကျော်က မှတ်ချက်ပြုသည်။

တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA လှုပ်ရှားရာနယ်မြေအတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ သတင်းယူရန် သွားရောက်ခဲ့သည့် အဆိုပါ သတင်းထောက်သုံးဦးကို ဇွန် ၂၆ ရက်က ဖမ်းဆီးထားသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

နမ့်ဆန်-သီပေါကားလမ်းတွင် တပ်မတော်စစ်ကြောင်းက လုံခြုံရေးဆောင်ရွက်နေစဉ် မွန်းလွဲပိုင်း၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာ လိုင်စင်မဲ့ယာဉ် ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်မှုပျက်ပြားရေး ဆောင်ရွက်နေသည့် TNLA နှင့် ဆက်သွယ်၍ ပြန်လာသူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

သတင်း – ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar