နေပြည်တော်၊ မတ် ၁၆
နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး။ ဓာတ်ပုံ- တေဇလှိုင်
လာမည့်အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဌာနအရေအတွက်ကိုသာမက ဒုတိယဝန်ကြီး အရေအတွက်ကိုပါ လျော့ချသွားမည်ဖြစ်ရာ ဝန်ကြီးဌာနများစာရင်းကို သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ မတ် ၁၇ ရက်တွင် တင်သွင်းမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန ၁၅ ခုခန့် လျှော့ချပြီး ကျန်ဝန်ကြီးဌာနများတွင်လည်း ဒုတိယဝန်ကြီးများကိုပါ လျှော့ချမည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြငိ့မောင်က Frontier ကို ယနေ့ နံနက်ပိုင်းက ပြောကြားသည်။
ထိုသို့ လျှော့ချရခြင်းမှာ အစိုးရအဖွဲ့၏ အသုံးစရိတ် နည်းပါးစေရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။
”ငယ်သော်လှ၏ ဆိုတဲ့ စကားလိုပေါ့ဗျာ။ အခုက လှအောင်လို့ လျှော့တာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ အသုံးစရိတ် အနည်းဆုံး ဖြစ်အောင်လို့ပါ” ဟု ၎င်းက ပြောသည်။
လက်ရှိ အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခုရှိသည့်အတွက် အချို့သော ဝန်ကြီးဌာနများအား ပေါင်းစည်းကာ ဝန်ကြီးဌာနတစ်ခုတည်း ထားရှိရန် စီစဉ်ထားသည့် သဘောမျိုးဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုလျှင် ပြည်ထောင်စု ဝန်ကြီးတစ်ဦးနှင့် ဒုတိယဝန်ကြီး တစ်ဦးသာ ထားရှိမည့် သဘောမျိုးလည်း ဖြစ်သည်။
အသစ်ဖွဲ့စည်းမည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနနှင့် ဝန်ကြီးအရေအတွက်ကို သမ္မတသစ် ဦးထင်ကျော်က မတ် ၁၇ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်ကာ ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်တွင် ဖတ်ကြားမည်ဖြစ်သည်။
အဆိုပါ တင်ပြချက်ကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတ် ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးကြရန် စီစဉ်ထားသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅၊ ပုဒ်မ ၂၀၂ အရ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည့်အပြင် ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးရေကို လိုအပ်သလို တိုးခြင်း၊ လျှော့ခြင်းများ ပြုနိုင်သည်။
ပြည်ထောင်စုလွှတ်တော်က အစိုးရအဖွဲ့သစ်အတွက် သမ္မတအဖြစ် ဦးထင်ကျော်၊ ဒုသမ္မတ (၁)အဖြစ် ဦးမြင့်ဆွေနှင့် ဒုသမ္မတ (၂)အဖြစ် ဦးဟန်နရီဗန်ထီးယူတို့အား မတ် ၁၅ ရက်နေ့က ရွေးချယ် တင်မြှောက်လိုက်သည်။
အစိုးရသစ်သည် လက်ရှိအစိုးရထံမှ နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်ကို ယခုမတ်လကုန်တွင် လွှဲပြောင်းရယူတော့မည်ဖြစ်သည်။
သတင်း- စိုးသန်းလင်း