ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအတွက် “လူ”ကို အဓိကထား ပြင်ဆင် ဖွဲ့စည်းနေ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အနာဂတ် အောင်နိုင်ရေးအတွက် “လူ” ကို အဓိကထား ပြင်ဆင် ဖွဲ့စည်းနေတယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက သြဂုတ် ၁၁ ရက်နေ့က Frontier ကို ပြောပါတယ်။

“မူကတော့ အားလုံးသိကြတဲ့အတိုင်း ပြင်စရာ လောလောဆယ် မလိုဘူး။ ပါတီဝင်တွေတင်မကဘူး တိုင်းသူပြည်သားတွေပါ လိုက်နာသင့်တဲ့ မူတွေဖြစ်တယ်။ လူကတော့ ပြင်ဖို့လိုတယ်။ ဒါကြောင့်လူနဲ့ပတ်သက်ပြီး ပြင်ဆင်ဖွဲ့စည်းရေး လုပ်တာ”ဟု ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ၎င်းက ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် မဲ ခုနစ်သန်းလောက်ရတဲ့အထိ ထောက်ခံတဲ့သူတွေ ရှိနေတာကြောင့် ပါတီဆက်လက်ရှင်သန်ဖို့ ပြင်ဆင်ဖွဲ့စည်းရန် ဆောင်ရွက်နေတာလို့လည်း ဦးခင်ရီက ဆိုပါတယ်။

သြဂုတ် ၁၂ ရက်နေ့ဆိုရင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို အင်အားသုံးပြီး ရာထူးက ထုတ်ပယ်လိုက်တဲ့ သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ နာမည်ကျော်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ထုတ်ပယ်ခံခဲ့ရတဲ့ သူရဦးရွှေမန်းရဲ့ အပေါင်းအပါတွေကတော့ သူတို့ကို ဥပဒေမဲ့ ထုတ်ပယ်တာလို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုကြပေမယ့် ဦးခင်ရီကတော့ ဒီလိုမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

“ဥပဒေနဲ့ ညီပါတယ်။ ပါတီစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်လို့ တိုတိုတုတ်တုတ် ပြောပါရစေ” လို့ ဦးခင်ရီက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယအကြိမ်ညီလာခံကို သြဂုတ်လ တတိယပတ်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

အနာဂတ်မှာ ပြည်ခိုင်ဖြိုးပါတီကို တပ်မတော်က အရာရှိဟောင်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ပဲ ဆက်သွားမှာလားဆိုတဲ့ မေးခွန်းကိုတော့ သူက တိတိပပ မဖြေဆိုပါဘူး။

လက်ရှိလုပ်နေတဲ့ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ပြင်ဆင်ဖွဲ့စည်းမှုတွေ လုပ်နေရာမှာ အရပ်သားပါဝင်မှုသာ ပိုများတယ်လို့ပဲ ဦးခင်ရီက ပြောပါတယ်။

“ကြားလိုက်ရသမျှတော့ တော်တော်များများက အရပ်သားတွေပဲ။ တော်တော့်ကို များပါတယ်။ တစ်ချို့ဆို ဒီဒေသမှာ မွေးတယ်။ ဒီဒေသမှာ ကြီးတဲ့သူတွေပါတယ်။ အချို့ဆိုပညာရှင်တွေ ပါတယ်။ အရင်ကတပ်မတော်က ဖြစ်မယ်။ အခုအရပ်သားဖြစ်နေတဲ့သူတောင် ကျွန်တော်သိပ်မတွေ့ဘူး” လို့ သူက ဆိုပါတယ်။

၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့မှာ သူရဦးရွှေမန်းတို့ကို ထုတ်ပယ်ပြီးတဲ့နောက် ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၆ ခုနှစ်၊ မေလကစပြီး အောက်ခြေအဆင့် ပြင်ဆင်ဖွဲ့စည်မှုတွေ လုပ်နေတာဖြစ်ပါတယ်။ ပါတီဝင်အသစ်တွေနဲ့ အဆင့်ဆင့် ဦးဆောင်မယ့်သူတွေကို မဲနဲ့ဖြစ်စေ၊ လူတွေ့မေးမြန်း၍ဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအားဖြင့် သိရှိသူများအား ထောက်ခံချက်ဖြင့်ဖြစ်စေ ရွေးချယ်ထားတယ်လို့ ဦးခင်ရီက ဆိုတယ်။

အဲဒီလုပ်ငန်းစဉ်တွေကို ဗဟိုအဆင့် ကြီးကြပ်ရေးအဖွဲ့တွေက မျက်နှာသစ်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ၊ အသက်အရွယ် အပိုင်းအခြားအလိုက် စုံလင်မှုတွေရှိရမယ်ဆိုတဲ့မူနဲ့ သွားရောက်စိစစ်နေတာဖြစ်ပြီး ခြောက်လတစ်ကြိမ် ပြန်လည်လေ့လာ သုံးသပ်မယ်လို့ သိရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar