Illustration by Jared Downing | Frontier
ကာတွန်းရုပ်ပြကို ဖရွန်းတီးယားမြန်မာအတွက် ဂျရတ်ဒေါင်းနင်း ရေးဆွဲသည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ အလည်တစ်ခေါက်

ပါတီရုံးချုပ်ထဲဝင်ဖို့ သတင်းသမားတွေအတွက် လုံခြုံရေးကတင်းကျပ်ပြီး ဝန်ထမ်းတွေဆီက သတင်းအချက်အလက်ရရှိဖို့လည်း မလွယ်ကူလှပါဘူး။

နော်ဘတ်တီဟန် ရေးသားသည်။

အဲဒီနေ့က ဇူလိုင်လ၂၄ရက်ဖြစ်ပါတယ်။ ဇူလိုင်လသာဆိုတယ် နွေရာသီရောက်နေတဲ့အတိုင်းပဲ။နေကပူပြီး အိုက်စပ်နေတယ်။ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က အဆောက်အဦးဝင်း တစ်ခုရှေ့မှာတော့ ဖရွန်းတီးယားမြန်မာက သတင်းထောက်တွေဖြစ်တဲ့ ကျွန်မတို့နှစ်ဦးဟာ ခြံဝင်းကျယ်ကြီးထဲဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ အထဲဝင်ရဖို့သာ စိတ်စောနေတာကြောင့် ပူလို့ပူမှန်းတောင် သတိမထားမိတော့ဘူး။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်နဲ့ နိုဝင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းဖို့ ရောက်ရှိနေကြတာဖြစ်ပါတယ်။ အထူးသဖြင့် လာမယ့်ရွေးကောက်ပွဲမှာ အာဏာရပါတီကို ယှဉ်ပြိုင်မယ့် မဟာဗျူဟာတွေ၊ မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေ၊​ ရွေးကောက်ပွဲအနိုင်ရဖို့မျှော်လင့်ချက် စတဲ့ အကြောင်းအရာတွေကို မေးမြန်းဖို့ဖြစ်ပါတယ်။

ပါတီဝင်းအတွင်းဝင်ရဖို့အတွက် ဦးစွာ စစ်ဆေးရေးဂိတ်ဝမှာ ၁၀မိနစ်လောက်စောင့်ပြီး လိုအပ်တဲ့အချက်အလက်တွေ ဖြည့်သွင်းရပါတယ်။ အထဲဝင်ဖို့လုပ်တော့ လုံခြုံရေးဝန်ထမ်းတွေက ပါတီရုံးချုပ်ဝင်းထဲကို အပြင်က ကားတွေ၊ ဆိုင်ကယ်တွေ ဝင်ခွင့်မပြုဘူးလို့ ပြောပါတယ်။

အထဲကို လမ်းလျှောက်ဝင်သွားရင် ဝေးတာကြောင့် ဝန်ထမ်းတစ်ယောက်ယောက်ရဲ့ ဆိုင်ကယ်နဲ့ လမ်းကြုံလိုက်သွားဖို့ သူတို့က အကြံပေးပါတယ်။ ဂိတ်မှာ နောက်ထပ် ၁၀မိနစ်လောက် ထိုင်စောင့်လိုက်တော့ ကံကောင်းထောက်မစွာပဲ ခြံဝင်းထဲကို ဝန်ထမ်းတစ်ဉီး ဆိုင်ကယ်နဲ့ဝင်လာပါတယ်။ ဒါနဲ့ သူ့ဆိုင်ကယ်နဲ့ပဲ လမ်းကြုံလိုက်ခဲ့ကြပါတယ်။

တခြားအစိုးရရုံးတွေမှာတောင် အပြင်က ကားတွေ၊ ဆိုင်ကယ်တွေဝင်လို့ရပြီး ပြည်ခိုင်ဖြိုးပါတီက ဘာလို့အပြင်ကယာဉ်တွေကိုဝင်ခွင့်မပေးလဲလို့ လိုက်ပို့တဲ့ဝန်ထမ်းကို မေးကြည့်လိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေဟာ တပ်မတော်ကအငြိမ်းစားယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဖြစ်တာကြောင့် လုံခြုံရေးအတွက် အထူးသတိထားကြလို့ အခုလိုဝင်ခွင့်မပေးတာဖြစ်ကြောင်း သူက ဆိုပါတယ်။

အခုလို ပြင်ပကယာဉ်တွေကို ဝင်ခွင့်မပြုတာဟာ ၂၀၁၂၊ ပါတီမှာသူအလုပ်စဝင်ကတည်းကဖြစ်တယ်လို့ အဲဒီဝန်ထမ်းကပြောပါတယ်။ ဖရွန်းတီးယားမြန်မာက သတင်းထောက်တွေကို ဒေါက်တာနန္ဒာလှမြင့်ရဲ့ ရုံးခန်းနဲ့ အနီးဆုံးအဆောက်အဦးတစ်ခုဆီကို ခေါ်သွားပြီး ရုံးခန်းအနောက်ဘက်ခြမ်းက ဝင်ပေါက်ကို ပို့ပေးခဲ့ပါတယ်။

အဆောက်အဦးဝင်ပေါက်ကို ရောက်တဲ့အခါ နောက်ထပ် လုံခြုံရေးဝန်ထမ်းတစ်ဦးက ရောက်လာရတဲ့ အကြောင်းအရင်းကို မေးမြန်းပါတယ်။ သတင်းထောက်ကဒ်ကို ပြပြီး ဒေါက်တာနန္ဒာလှမြင့်နဲ့ အင်တာဗျူးဖို့ ချိန်းထားကြောင်းရှင်းပြတဲ့အခါ လုံခြုံရေးဝန်ထမ်းက နောက်ထပ် ဝန်ထမ်းတစ်ယောက်ကို ဖုန်းလှမ်းဆက်လိုက်ပါတယ်။ တစ်ဘက်က အတည်ပြုချက်ပေးလိုက်ချိန်မှာတော့ ဒေါက်တာနန္ဒာလှမြင့်ရဲ့ ရုံးခန်းကို သွားဖို့ခွင့်ပြုချက်ရသွားပါပြီ။

အဆောက်အဦးအတွင်းကို အောင်မြင်စွာဝင်ခွင့်ရသွားပေမဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ မြားမြောင်လှတဲ့ ရုံးခန်းတွေကြားမှာ ပါတီပြောရေးဆိုခွင့်ရှိသူရဲ့ အခန်းကိုလိုက်လံရှာဖွေရတာပါပဲ။ ဝန်ထမ်းတချို့ကို မေးမြန်းကြည့်တဲ့အခါ အနည်းဆုံး မတူညီတဲ့သုံးနေရာလောက်ကို လမ်းညွှန်ပါတယ်။

ဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်အရ ပါတီပြောရေးဆိုခွင့်ရှိသူတွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ရုံးခန်းကို တစ်နေရာတည်းမှာ တစ်သတ်မှတ်တည်းထားလေ့မရှိဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ လုံခြုံရေးနဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေအတွက်လို့ အဲဒီဝန်ထမ်းက ဆိုပါတယ်။

သူအဲဒီလိုပြောလိုက်တာကို ကြားသွားတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လှမ်းသတိပေးပါတယ်။ သူအခု ရှင်းပြနေသူတွေက သတင်းထောက်တွေဖြစ်ပြီး ပါတီအတွင်းက အသေးစိတ်ကိစ္စတွေကို အပြင်လူကိုမပြောဖို့ သတိပေးလိုက်တာပါ။

ခုနက ရှင်းပြနေတဲ့ ဝန်ထမ်းဆီက ဘာအသံမှထပ်ထွက်မလာတော့ပါဘူး။ အဲဒီဝန်ထမ်းဟာ ဒေါက်တာနန္ဒာလှမြင့်ရဲ့ရုံးခန်းကိုညွှန်ပြပြီး ခပ်သွက်သွက်ပြန်ထွက်သွားပါတယ်။

ရုံးခန်းရောက်တော့ ချက်ချင်းဧည့်မခံအားသေးဘဲ စားပွဲမှာထိုင်ရင်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဒေါက်တာနန္ဒလှမြင့်ကို မြင်တွေ့လိုက်ရပါတယ်။ သူ့ရဲ့ရုံးခန်းကို လေ့လာကြည့်တဲ့အခါ လူ ၁၀ယောက်လောက်က စားပွဲခုံပေါ် ကွန်ပြူတာတစ်လုံးစီနဲ့ အသီးသီးအသကအသက အလုပ်ရှုပ်နေကြပါတယ်။ ဒေါက်တာနန္ဒလှမြင့်ကို မေးကြည့်တော့ သူတို့ဟာ ပါတီရဲ့  သုတေသနအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေထက်က ပါတီနဲ့ပတ်သတ်တဲ့ ရေးသားချက်အကြောင်းအရာတွေ၊ အဆိုးမြင်မှတ်ချက်တွေ၊ တရားဝင်သတင်းမီဒီယာတွေကဖော်ပြတဲ့ ပြည်ခိုင်ဖြိုးပါတီအကြောင်းတွေနဲ့ တခြားပြိုင်ဘက်ပါတီတွေရဲ့သတင်းတွေကို အချိန်ပြည့်စောင့်ကြည့်နေသူတွေဖြစ်ပြီး နေ့စဉ် အစီရင်ခံစာငါးစောင်လောက် တင်ကြရတယ်လို့ သူကပြောပြပါတယ်။

တခြားပါတီတွေက ခေါင်းဆောင်ပိုင်းကိုသာ အားကိုးတတ်ကြပြီး၊ တချို့ပါတီတွေဆိုရင် ခေါင်းဆောင်တစ်ဦးတည်းကိုပဲ ပုံအပ်၊ တစ်သဝေမသိမ်းလိုက်နာကြပေမဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ပါတီအတွင်းကွဲပြားတဲ့အယူအဆတွေကို လက်ခံတယ်လို့ ဒေါက်တာနန္ဒလှမြင့်က ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ အဖွဲ့အစည်းနဲ့ပတ်သတ်တဲ့ မူဘောင်လမ်းစဉ်တွေ ခိုင်ခိုင်မာမာ ချမှတ်လုပ်ဆောင်နေတာကြောင့် ခေါင်းဆောင်တစ်ယောက်တည်းကို အားကိုးဖို့မလိုအပ်ကြောင်း သူကပြောပါတယ်။

“ကျွန်တော်တို့ပါတီက ခေါင်းဆောင်ပြောင်းသွားလည်း နောက်ထပ်ခေါင်းဆောင်အသစ် အသစ်တွေ စဉ်ဆက်မပြတ်ပေါ်နေမှာပဲ။ ကျွန်တော်တို့ရဲ့ မူဘောင်လမ်းစဉ်က ခိုင်ခိုင်မာမာချမှတ်ပြီးသားမို့လို့ အားသာချက်အပြည့်အဝရှိတယ်”လို့ သူက ယုံကြည်မှုအပြည့်နဲ့ ပြောပါတယ်။ 

ပုံမှန်ဆိုရင် သတင်းထောက်တွေကို သူ့ရဲ့ ရုံးခန်းထဲဝင်ခွင့်မပေးဘဲ ဧည့်ခန်းအတွင်းမှာသာ လက်ခံဖြေကြားလေ့ရှိတယ်လို့ သူကပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အခန်းတွင်းက သုတေသနဆိုင်ရာအချက်အလက်တွေဟာ ပါတီက လျှို့ဝှက်ပြီး ထိန်းသိမ်းထားတဲ့အချက်အလက်တွေဖြစ်တာကြောင့်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ သူ့ရုံးခန်းအတွင်း အလုပ်လု‌ပ်နေတဲ့ သုတေသနအဖွဲ့ဝင်တွေကို ဖရွန်းတီးယားမြန်မာက ဓာတ်ပုံရိုက်ခွင့်တောင်းတဲ့အခါမှာတော့ သူကခွင့်ပြုခဲ့ပါတယ်။ စိတ်ကြိုက်တော့ ရိုက်ခွင့်မပေးဘဲ တစ်ပုံတည်းသာရိုက်ဖို့ ခွင့်ပြုခဲ့ပါတယ်။

တစ်ခေတ်တစ်ခါက ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော်နဲ့နီးစပ်တဲ့ ပတ်သတ်ဆက်နွှယ်မှုတွေကြောင့် မြန်မာ့နိုင်ငံရေးမှာ နာမည်ကောင်းသိပ်မရခဲ့ပါဘူး။ ဒါကြောင့်လည်း လက်ရှိအချိန်မှာတော့ ပါတီရဲ့လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ပြီး လူထုရဲ့အမြင်ကိုပြောင်းလဲဖို့ ကြိုးစားနေပြီလို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

ပြည်ခိုင်ဖြိုးက အစိုးရအဖြစ်တာဝန်ယူခဲ့တဲ့ ၂၀၁၀ပြည့်နှစ်ကနေ ၂၀၁၅ ကာလအတွင်း ပါတီအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တာတွေကိုလည်းသူက ပြန်ပြောင်းပြောခဲ့ပါသေးတယ်။ 

သတင်းထောက်တွေဟာ လက်ရှိအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအကြောင်းကိုပဲ အာရုံစိုက်နေတယ်လို့ သူကဆိုပြီး တခြားပါတီငယ်တွေရဲ့ သတင်းတွေကိုလည်း မျှမျှတတ ဖော်ပြသင့်တယ်လို့ သူက အကြံပြုပါတယ်။ 

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ကောလာဟလတွေနဲ့ပတ်သက်လို့လည်း ဖရွန်းတီးယားမြန်မာက မေးမြန်းခဲ့ပါသေးတယ်။ ပါတီက သတင်းထောက်တွေကိုပိုက်ဆံပေးပြီး မဲဆွယ်ခိုင်းတယ်ဆိုတဲ့ သတင်းတွေကိုတော့ သူကငြင်းပါတယ်။ သတင်းထောက်တွေနဲ့ အင်တာဗျူးကိစ္စတွေကလွဲပြီး ပတ်သတ်မှုလုံးဝမရှိဘူးလို့ သူကတုံ့ပြန်ပါတယ်။

တစ်နာရီလောက် အင်တာဗျူးဖြေပြီးချိန်မှာ ဌာနချုပ်ဝင်းအတွင်း လွတ်လွတ်လပ်လပ်ဓာတ်ပုံရိုက်ခွင့်ပေးပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေကို မပါအောင်ရိုက်ဖို့တော့ သတိပေးပါတယ်။

ပါတီခြံဝင်းအတွင်း ဓာတ်ပုံလိုက်ရိုက်တဲ့အခါ ဇိမ်ခံကားအမြောက်အများရပ်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဝန်ထမ်းတစ်ချို့ကိုမေးကြည့်မိတဲ့အခါ “ဒါက အဘတွေရဲ့ ကားတွေလေ။ သူတို့က ချမ်းသာတယ်”လို့ ရယ်ကျဲကျဲနဲ့ ပြန်ဖြေကြပါတယ်။

ဖရွန်းတီးယားမြန်မာက သတင်းထောက်တွေအတွက်တော့ အပြန်လမ်းမှာ လမ်းကြုံလိုက်စရာ ဆိုင်ကယ်တောင် မတွေ့တော့တာကြောင့် ဂိတ်ဝအထိ ခြေလျင်လျှောက်ပြီး ပြန်ထွက်လာခဲ့ကြပါတော့တယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar